ရန်ကုန် မတ် ၂၁
ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ထောက်ပံ့လှူဒါန်းရခြင်းအကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် Skynet (ရွှေသံလွင်မီဒီယာ) မှ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင်တို့က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင် (၁၉၄)နိုင်ငံတွင် (၁၇၇)နိုင်ငံတွင် ကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အပါအဝင် (၁၇)နိုင်ငံတွင်သာ ရောဂါဖြစ်ပွားမှု မတွေ့ရှိသေးပါကြောင်း၊ မိမိတို့သည် COVID-19 ဆိုသည့် ရန်သူကို သိနေပြီဖြစ်သည့်အတွက် ရန်သူဝင်ရောက်လာခြင်းမရှိစေရန် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်မှာ (၂)လခွဲခန့် ရှိပြီဖြစ်ပါကြောင်း။
COVID-19 ရောဂါပိုးကူးစက်ခံရသူများ၏ (၈၀ ရာခိုင်နှုန်း) ခန့်သည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ သာမန်လက္ခဏာများသာရှိပြီး ပြင်းထန်မှုမရှိကြောင်း၊ (၁၅ ရာခိုင်နှုန်း) ခန့်သည် ပြင်းထန်သော လက္ခဏာများ ဖြစ်ပွားပြီး လူနာများ၏ (၅ ရာခိုင်နှုန်း) ခန့်တွင်သာသေဆုံးနိုင်သည်အထိ ပြင်းထန်စွာ ဖြစ်ပွားနိုင်ပါကြောင်း၊ ပြည်သူ့ ကျန်းမာရေး ကဏ္ဍမှနေ၍ ရောဂါကာကွယ်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း၊ ပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်း၊ ရောဂါဖြစ်ပွားရာဒေသမှ ခရီးသည်များ နိုင်ငံအတွင်းသို့ ဝင်ရောက်မှု နည်းပါးအောင် ဆောင်ရွက်နေခြင်းကြောင့် ယခုအချိန်အထိ ဓါတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း မိမိတို့နိုင်ငံအတွင်းသို့ ရောဂါရန်သူ ဝင်ရောက်နေသကဲ့သို့ သဘောထား၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ထိုကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အချိန်နှင့်တစ်ပြေးညီ စီမံဆုံးဖြတ် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပြီး ဖြစ်ပါကြောင်း။
မိမိတို့သည် ယခုအချိန်တွင် စစ်ပွဲတစ်ခုကို တိုက်ခိုက်နေသကဲ့သို့ သဘောထား၍ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း သို့မဟုတ်ပါက ထိခိုက်နစ်နာ ဆုံးရှုံးမှု များမည် ဖြစ်ပါကြောင်း။
COVID-19 ရောဂါကူးစက်ပြန့်ပွားပုံ သဘောသဘာဝကို လက်ရှိအချိန်တွင် ရာနှုန်းပြည့် အတိအကျ မသိရှိသေးသော်လည်း သိရှိရသော အချက်အလက်များအရ ရောဂါကူးစက် ဖြစ်ပွားနေသူ၏ အသက်ရှူလမ်းကြောင်းမှ အစက်အမှုန်များသည် ထိုလူနာ၏ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် ပြင်ပသို့ ရောက်ရှိပြီး (၆)ပေခန့် အတွင်းရှိ ပတ်ဝန်းကျင်မှ အခြား သူများကို တိုက်ရိုက်ကူးစက်နိုင်ခြင်း (သို့မဟုတ်) အဆိုပါ ရောဂါပိုးပါရှိသော အစက်အမှုန်များ ကပ်ငြိနေသည့် ပစ္စည်းများ၊ အရာဝတ္ထုများကို လက်ဖြင့်ကိုင်တွယ်မိပြီး နှာခေါင်း၊ မျက်စိတို့ကို ကိုင်တွယ်ခြင်းတို့မှတစ်ဆင့် ကူးစက်ခံရသည်ကို တွေ့ရှိပါကြောင်း။
ထိုကဲ့သို့ ကိုင်တွယ်မိသောလက်များကို ရေနှင့်ဆပ်ပြာအသုံးပြု၍ (၂၀)စက္ကန့် ခန့်ကြာအောင် စနစ်တကျဆေးကြောပါက COVID-19 ဗိုင်းရပ်စ်ပိုးသည် ကောင်းစွာ သေပါကြောင်း သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား လက်ကို မကြာခဏ စနစ်တကျ ဆေးကြောသန့်စင်ရန် ပြောကြားနေရခြင်း ဖြစ်ပါကြောင်း။
COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ သိရှိရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် Facebook စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ ပြည့်စုံစွာ ဖော်ပြလျက်ရှိ၍ ပြည်သူများအနေဖြင့် ပုံမှန်ကြည့်ရှုကြ စေလိုပြီး ထပ်ဆင့်ဖြန့်ဝေ စေလိုပါကြောင်း၊ သတင်းမှန်များကို ထပ်ဆင့်ဖြန့်ဝေခြင်းဖြင့် သတင်းမှားများ၊ ကောလာဟလများ လျော့နည်းပပျောက် သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားထားသည့် “ပြည်သူသာလျှင် အဓိက” ဖြစ်သည်ဆိုသည့်အတိုင်း ပြည်သူများကိုယ်တိုင် အသိစိတ်ဓာတ်ရှိစွာဖြင့် မိမိကိုယ်ကို ရောဂါမကူးစက်ခံရအောင် ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါကြောင်း။
အလှူရှင်များ ယခုလှူဒါန်းသည့် အသက်ရှူစက် (ventilator)များ၊ လူနာစောင့်ကြည့်စက် (patient monitor)နှင့် အခြားဆေးနှင့် ဆေးပစ္စည်းကိရိယာများသည် ကျန်းမာရေး ဝန်ထမ်းများက လူနာများကို ပြုစုကုသရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး လူနာများ၏ အသက်များစွာကို ကယ်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ယခုလှူဒါန်းမှုများသည် COVID-19 ရောဂါအတွက်သာမက အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကုသရမည့် အခြားလူနာများအတွက်လည်း များစွာအကျိုးပြု မည်ဖြစ်ပါကြောင်း၊ အဆိုပါစက်ပစ္စည်းကိရိယာများကို အသုံးပြု၍ ဆရာဝန်များ၊ သူနာပြုဆရာမများကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်၍ ရေတို၊ ရေရှည်ကာလ နှစ်ခုစလုံးအတွက် အကျိုးရှိမည် ဖြစ်ပါကြောင်း။
လက်ခံရရှိသော ငွေကြေး၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို လိုအပ်သောနေရာများတွင် ထိရောက်အကျိုးရှိစွာ စနစ်တကျ သုံးစွဲနိုင်ရေးအတွက် လမ်းညွှန်ချက်များ ထုတ်ပြန် ပြီး ဦးစားပေး နေရာများရွေးချယ်ကာ စနစ်တကျသုံးစွဲသွားမည် ဖြစ်ပါကြောင်း။
ယခုလှူဒါန်းသော ငွေကြေး၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများသည် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရောဂါ ကူးစက်ပြန့်ပွား မှု လျော့နည်းစေရေးနှင့် သေဆုံးမှုမရှိစေရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်ကောင်းများ ဖြစ်ပါကြောင်း။
အလှူရှင်များကို ဆရာဝန်/ဆရာမများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက လူနာများကို ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ ကောင်းစွာ ပြုစုစောင့် ရှောက်နိုင်မည်ဖြစ်၍ ကျေးဇူးတင်ကြမည့်အပြင် မိမိအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်းကောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအတွင်းရေးမှူး အနေဖြင့် လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဦးသိန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က လှူဒါန်းမှုအား လက်ခံကြပြီး အလှူရှင်များထံ ကျေးဇူးတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။
အဆိုပါ လှူဒါန်းပွဲ၌ အလှူရှင် (၄၃) ဦးထံမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းငွေကျပ် (လေးထောင့်နှစ်ရာ ငါးဆယ့်ခြောက်သိန်း)ကို လည်းကောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၀,ဝ၀ဝ)၊ ငွေကျပ် (၅,၆၅၈) သိန်းကျော်၊ စင်ကာပူဒေါ်လာ (၁၀ဝ,ဝ၀ဝ)၊ အမေရိကန် ဒေါ်လာ (၁၀,ဝ၀ဝ) တန်ဖိုးရှိ အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းကိရိယာ (၂)စုံ၊ အသက်ရှူစက် (ventilator) (၁၃)စုံ၊ High Frequency X-rays (၂) လုံး၊ Patient Monitor (၃) လုံး၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများကိုလည်းကောင်း။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်း ငွေစုစုပေါင်း ငွေကျပ်(၁၅) သိန်းနှင့် ငွေကျပ် (၆၅၈)သိန်းကျော် တန်ဖိုးရှိ အသက်ရှူစက် (၁)စုံ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ပရိဘောဂများ၊ ခေါက်ဆွဲနှင့် ကြာဇံ အထုပ်ရေ (၁၀ဝ,ဝ၀ဝ)၊ တစ်ကိုယ်ရည်သုံးရောဂါ ကာကွယ်ရေးဝတ်စုံများ၊ Safety Surgical Kit များ၊ Air Cooler (၁၀) လုံးနှင့် ငွေကျပ် (၆၇) သိန်း၊ ဒေါ်လာ (၄၄၀ဝ) တန်ဖိုးရှိ အင်တာနက်နှင့် CCTV များကိုလည်းကောင်း လက်ခံရရှိခဲ့သည်။
ယနေ့ လှူဒါန်းပွဲတွင် အလှူရှင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်းသော အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် (၁,ဝ၈၀,၄၁၀,၄၇၆) အမေရိကန်ဒေါ်လာ (၂၄၄၀ဝ) နှင့် စင်ကာပူဒေါ်လာ (၁၀ဝ,ဝ၀ဝ)တို့ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေး ဆေးရုံဝင်းအတွင်းရှိ COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများမှ ပြန်လာသူများနှင့် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရောဂါလက္ခဏာမရှိသော်လည်း အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ပြုလုပ်နေသော (၃)ထပ်လူနာ ဆောင်အသစ်သို့ သွားရောက်ကြည့်ရှုသည်။
ထိုသို့သွားရောက်စဉ် တာဝန်ကျ ဆရာဝန်များ၊ သူနာပြုဆရာများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်ချက်နှင့် အခက်အခဲများကို မေးမြန်းပြီး လမ်းညွှန်မှာကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးစီး၍ သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီး အသွားအလာကန့်သတ်ခြင်း (Quarantine)ပြုလုပ်ခြင်း လုပ်ငန်းကို စီမံဆုံးဖြတ်ရန်၊ အချိန်ပို ဆင်းရသောဝန်ထမ်းများကို နေ့တွက်စရိတ် အပိုဆောင်းထောက်ပံ့ပေးရန်၊ ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ပစ္စည်းများ (PPE) လုံလောက်စွာထောက်ပံ့ပေးရန်၊ အခြားလိုအပ်ချက်များရှိပါက COVID-19 Group email မှတစ်ဆင့် အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ရန်။
ဓါတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုးကို စစ်ဆေးမတွေ့ရှိရ၍ အိမ်တွင်ထားရှိပြီး အသွားအလာ ကန့်သတ်ကာ ဆက်လက်စောင့်ကြပ်ကြည့်ရှုရမည့်သူများကို လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား သေချာစွာရှင်းလင်းပြောကြားရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပေးထားရန်၊ ပုဂ္ဂိုလ်ရေးရာလုံခြုံမှုရှိစေရေးကို ဂရုတစိုက်ကြပ်မတ် ပေးရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံရှိ အဆိုပါ(၃)ထပ် လူနာဆောင်သစ်တွင် လူဦးရေ(၁၀ဝ)ကို ထားရှိစောင့်ကြပ်နိုင်ရန် အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံသို့ သွားရောက်ပြီး မည်သည့်ရောဂါလက္ခဏာမျှ မရှိသော်လည်း COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများမှ ပြန်လာသူများနှင့် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သောသူများကို ထားရှိ၍ စောင့်ကြပ်ကြည့်ရှု နိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု၍ လမ်းညွှန်မှာကြားသည်။
သတင်းစဉ်