ရန်ကုန် မတ် ၂၁
ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံ JAIPUR မြို့ရှိ B.M.V.S.S(JAIPUR FOOT)အဖွဲ့တို့ပူးပေါင်းကာ တတိယ အကြိမ်မြောက် အခမဲ့ခြေတုတပ်ဆင်ပေးမှုစခန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ပိဋကတ်သုံးပုံနိကာယ်ကျောင်းတိုက်၌ ဖွင့်လှစ် လိုက်ပြီဖြစ်ပြီး မသန်စွမ်းသူ ၃၀၅ ဦးကို ခြေတုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းမှ သိရသည်။
အဆိုပါ တတိယအကြိမ်မြောက် Jaipur Foot တပ်ဆင် သောစခန်းဖွင့်ပွဲကို ခြေတုတပ်ဆင်ပေးသွားမည့် ရန်ကုန် တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ပိဋကတ်သုံးပုံနိကာယ် ကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Saurbh Kumar၊ ဆေးသု တသေနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့ တက်ရောက်ကာ ခြေတုတပ်ဆင်ခြင်းစခန်းဖွင့်ပွဲကို ကျင်းသည်။
" ကျွန်မတို့ဖောင်ဒေးရှင်းကတော့ ခြေတုတပ်တာအဓိက ဆိုသလို ကျန်းမာရေးအနေနဲ့ အခြားပညာရေးအတွက် သင်ကြားထောက်ပံ့မှုတွေ ဆေးရုံမတက်နိုင်သူတွေနဲ့ အရိုးကျိုးတဲ့သူတွေကိုလည်း ကူညီထောက်ပံ့ပေးတာတွေ လည်းရှိပါတယ်။ ခြေတုတပ်ဆင်ရေးကနှစ်စဉ်ဆောင်ရွက် သွားဖို့ရှိပါတယ်။ အခုထိတော့ သုံးကြိမ်မြောက်အထိ တပ်ဆင် မဲ့သူတွေပါဝင်မယ်ဆိုရင် အခမဲ့ခြေတုတပ်ဆင်ပေးသူ ဦးရေ ၁၀၀၀ ကျော်သွားပါလိမ့်မယ်"ဟု ဦးနု၊ ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးလည်းဖြစ်သူ ဒေါ်သန်းသန်းနုက ပြောကြားသည်။
ထို အခမဲ့ခြေတုတပ်ဆင်ပေးမှုတွင် တစ်ဦးလျှင် ကုန်ကျငွေ US ဒေါ်လာ ၁၀၀ ကျော် ကုန်ကျမည်ဖြစ်သည်။ တပ်ဆင်မည့်သူများကို အခမဲ့ထမင်းကျွေးပြီး နေရာထိုင်ခင်း စီစဉ်ပေးကြောင်း သိရ သည်။ ထို ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်း အနေဖြင့် ပထမအကြိမ် ၂၀၁၇ ခုနှစ်တွင် ၃၄၀၊ ဒုတိယ အကြိမ်၂၀၁၈ ခုနှစ်တွင် ၅၅၀၊ ယခုတတိယအကြိမ်၂၀၂၀ ပြည့်နှစ်တွင် မသန်စွမ်း ၃၀၅ ဦး ခြေတုတပ်ဆင်ပေးမှု ကို မတ် ၁၉ ရက်မှ ဧပြီ ၉ ရက်အထိ တပ်ဆင်ပေးသွား မည်ဖြစ်ရာ စုစုပေါင်း ခြေတုတပ်ဆင်ပေးမှု ၁၁၉၅ ဦးထိ အခမဲ့ တပ်ဆင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
" ခြေတုတပ်ဆင်မယ့်သူတွေကနဦးဆက်သွယ်လာတဲ့အပေါ်မှာ မွေးရာပါလား နောက်မှဖြစ်ပေါ်လာတာလား ဆိုတာစိစစ်ပြီးမှ ရွေးချယ်ရတာပါ။ ခြေမျက်စိလောက် ကနေပြတ် နေရင်တော့တပ်လို့မရပါဘူး။ ဒါတွေကိုတော့စိစစ် ရွေးချယ်ရပါတယ်။ ဒီလို ခြေတုတပ်ပေးမှုကို ဦးနု၊ ဒေါ်မြရီ ဖောင်ဒေးရှင်း FB တို့မှာ ကြော်ငြာပေးသွားပါမယ်" ဟု ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းမှ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ပြောကြားသည်။
ခြေတုတပ်ဆင်လိုသူပြည်သူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၄၂၁၀ ၂၈၁၀၅၊ ၀၉-၇၉၈၁၅၇၉၆၂၊ ၀၉-၆၉၇၂၆၇၇၅တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
မြင့်မောင်စိုး