ရန်ကုန် မတ် ၂၁
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းအချို့တွင် လက်ဆေးနိုင် မည့် Hand Gel ဘူးများ တပ်ဆင်ခြင်း နှင့် ယာဉ်ပေါ်ပါခရီးသည်များအား အသိပညာပေးခြင်းကို မတ် ၂၀ ရက် နေ့လယ်ပိုင်းက စံပြဈေးမှတ်တိုင် တွင် စုပေါင်းလှုပ်ရှား ဆောင်ရွက် ကြောင်း သိရသည်။
အလေ့အထရှိအောင်
“ကျွန်တော်တို့ YBS ယာဉ်လိုင်း တွေမှာ နေ့စဉ် ခရီးသွားပြည်သူတွေ အများဆုံး ထိတွေ့ကိုင်တွယ်တဲ့ လက်ကိုင်ကွင်းတွေ၊ တန်းတွေ အတက်အဆင်းက ထိနိုင်တဲ့လက်ကိုင် တန်းတွေ၊ ခုံနံရံတွေ အားလုံးကို ပိုးသတ်ဆေးပါတဲ့ အရည်နဲ့ အမွှေးဆီ နဲ့ သန့်ရှင်းရေးလုပ်တယ်။ လက်ဆေးရင် ကိုယ်က ရောဂါတော်တော်များများ
ကာကွယ်ပြီးသားဖြစ်နေတော့ ဒီအသိတွေကို လူအတော် များများ သိအောင်၊ Mask တွေတပ်တဲ့ အလေ့အထတွေရှိ အောင် အခုလို ဆောင်ရွက်ပေးနေတာပါ" ဟု YBS လူထု မိတ်ဆွေ ယာဉ်လိုင်းမှ CEO ဦးကိုကိုနိုင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) /လူထုမိတ်ဆွေ ယာဉ်လိုင်းနှင့် Hand Gel ဘူးများလှူဒါန်းပေးသော i-Clean Hand Sanitizer နှင့် လူမှုဖူလုံရေးအဖွဲ့များနှင့် တာဝန်ရှိသူများစုပေါင်းကာ YBS ယာဉ်အတက် ယာဉ်မောင်း နောက်ကျောနံရံများတွင် လက်ဆေး Hand Gel ဘူးများ တပ်ဆင်ပေးခြင်း၊ ယာဉ်ပေါ်ပါခရီးသည်များကို Hand Gel များဖျန်းပေးခြင်း၊ COVID-19 ကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
" ဒီနေ့မှာ YBS ကားတွေနဲ့ စီးနင်းလိုက်ပါတဲ့သူတွေ COVID-19 ဖြစ်ပွားနေတဲ့အပေါ်မှာ ကြိုတင်ကာကွယ်ရေး အနေနဲ့ လက်ဆေးတဲ့ အလေ့အကျင့်ကောင်းတွေရရှိဖို့ Mask တပ်ဖို့နဲ့ COVID-19 မဖြစ်ပေါ်စေဖို့ ရှောင်ရန်ဆောင်ရန် အချက်တွေပါတဲ့ အသိပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေပေးနေပါတယ်"ဟု i-Clean Hand Sanitizer မှ မမီမီစိုးက ပြောသည်။
အလားတူ သင်္ဃန်းကျွန်းစံပြဈေးအတွင်းရှိ သားငါးတန်း များတွင်လည်း အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ လက်ဆေးခြင်းအလေ့အထနှင့် Mask တပ်ဆင်ရန်နှင့် ဈေးအတွင်း ပိုစတာများတပ်ဆင်ခြင်းစသော ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး