ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်နေရသည်။ ထိုရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်း မရှိသေးဘဲ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် နေကြသည်။ COVID-19 ရောဂါသည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပြီး ထိတွေ့မှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အသက်ရှူမှုနှင့်ပတ်သက်၍ လေထုသန့်ရှင်းရေးတို့ကို သတိထား ရမည်ဖြစ်သည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံ ၁၈၅ နိုင်ငံအထိ ဖြစ်ပွားလာသော်လည်း မြန်မာနိုင်ငံ၌ ကူးစက်ဖြစ်ပွားမှု မရှိသေးသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။ သို့သော် အခြားရောဂါဝေဒနာများကြောင့် စောင့်ကြည့်လူနာများအနက် အသက် သေဆုံးမှုအချို့ဖြစ်ပွားသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်တွင် COVID-19 ရောဂါကူးစက်ခြင်းမရှိအောင် ဆက်လက်၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သလို နာတာရှည်ရောဂါဖြစ်ပွားစေနိုင်သော အခြားအချက်များကိုလည်း သတိပြုဆင်ခြင် ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်သည်။
ယခုကာလတွင် လူဦးရေထူထပ်သော ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် တိုင်းတာရေး စက်များဖြင့် ရှာဖွေဖော်ထုတ်မှုအရ လေထုညစ်ညမ်း မှုများ ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။ လေထုညစ်ညမ်းမှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကို အားပေးသည့် အပြင် နာတာရှည် ရောဂါများကို ဖြစ်ပေါ်စေသည့် အကြောင်းအချက်များဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် စီးပွားရေးမြို့တော်၌ လေထုအရည် အသွေးအညွှန်း ကိန်းများ မြင့်တက်နေသည်ကိုတွေ့ရသည်။
လေထုအရည်အသွေး အညွှန်းကိန်းအဆင့် သတ်မှတ်ရာတွင် ရလဒ် ဝ မှ ၅၀ အထိသည် ကောင်းမွန်သည့် (အစိမ်းရောင်)အခြေအနေ၊ ၅၁ မှ ၁၀၀ အထိသည် အလယ်အလတ်အဆင့် (အဝါရောင်)အခြေအနေ၊ ၁၀၁ မှ ၁၅၀ အထိသည် ထိလွယ်ရှလွယ်သည့် ပုဂ္ဂိုလ်များတွင် ကျန်းမာရေး သတိထားရမည့်(လိမ္မော်ရောင်)အခြေအနေ၊ ၁၅၁ မှ ၂၀၀အထိသည် ကျန်းမာရေးနှင့် မညီညွတ်သည့်(အနီရောင်) အခြေအနေ၊ ၂၀၁ မှ ၃၀၀ အထိသည် အလွန်ဆိုးရွားသည့် အဆင့်(ခရမ်းရောင်)အခြေအနေ၊ ၃၀၁ မှ ၅၀၀ အထိသည် အန္တရာယ်များ သည့်အဆင့် (အနီရင့်ရောင်)အခြေအနေဟု ခြောက်ဆင့်သတ်မှတ်ထားသည်။
လေထုအရည်အသွေး တိုင်းတာခြင်းကို မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့က တိုင်းတာပြီး ယခုနောက်ပိုင်း ရန်ကုန်မြို့၏ နေရာအချို့တွင် လေထုအရည်အသွေး အဆင့်တက်လာသည်ကို တွေ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ ယာဉ်အသုံးပြုချိန်များသည့် ရုံးတက်၊ ရုံးဆင်းချိန် နံနက်ပိုင်းနှင့် ညဦးပိုင်းတွင် လေထုညစ်ညမ်းမှု အဆိုးဆုံးဖြစ်သည်။ ယခု ကာလတွင် အညွှန်းကိန်းမှာ အဝါရောင်အဆင့်မှ လိမ္မော်ရောင်အဆင့်ဖြစ်ပြီး ရံဖန်ရံခါ အနီရောင်အဆင့်သို့ ရောက်သည်ကို အထူးသတိ ပြုရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုဖြစ်ပွားရခြင်းမှာ စက်မှုလုပ်ငန်းနှင့် ယာဉ်သုံးစွဲမှုများပြားလာခြင်း၊ အမှိုက်နှင့် ပလတ်စတစ်များမီးရှို့ခြင်း၊ မြို့ပြဧရိယာ ချဲ့ထွင်လာခြင်း၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုများပြားခြင်း၊ သစ်ပင်များလျော့နည်းလာခြင်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ အညှော်နံ့များ ထွက်ခြင်း၊ လုပ်ငန်းခွင်များမှ အမှုန်အမွှားများထွက်ရှိခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။ ထို့အပြင် လုပ်ငန်းခွင်မှထွက်သော အမှုန် အမွှားဓာတ်များကို ကြာရှည်ရှူရှိုက်ရပါက ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။
သို့ဖြစ်ရာ ပြည်သူတစ်ဦးချင်းအနေဖြင့် ယခုလက်ရှိတွင် အရေးတကြီးကာကွယ်နေရသော COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်၍ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသော လေထုညစ်ညမ်းမှုကိုပါ သတိပြုရမည်ဖြစ်သည်။ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း၊ လူစုလူဝေးနေရာများကို ရှောင်ရှားခြင်းအပြင် နှာခေါင်းစည်းများ တပ်ဆင်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထားလိုက်နာရမည်ဖြစ်ပါ ကြောင်း။