ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာမပြဘဲနဲ့ ပြည်သူလူထုကြားထဲမှာ လျှောက်သွားနေတဲ့သူတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ လက်မှန်မှန်ဆေးပါ၊ လူအုပ်ထူထူထဲကို တတ်နိုင်သမျှ မသွားပါနဲ့၊ ပွဲတွေ လမ်းတွေ ပိတ်ပစ်ပါ စသဖြင့် လုပ်ရတာပေါ့
COVID-19 ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ သည်။
အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ စာရေးဆရာ လင်္ကာရည်ကျော် (ဒေါက်တာရဲမြင့်ကျော်၊ ပါမောက္ခ၊ ဌာနမှူး ကလေးဆေးရုံကြီး - ရန်ကုန်)၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် မြန်မာ့ဇာတ်သဘင်မှ မင်းသားဖိုးချစ်တို့က ပါဝင်ဆွေးနွေး ခဲ့ကြသည်။ COVID-19 အသိပညာပေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များကို ဖော်ပြအပ်ပါသည် -
ဒေါက်တာခင်မောင်လွင်
ကျွန်တော်တို့ ဒီအပိုင်းမှာတော့ COVID-19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုရပ်တန့်ကြမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ကျွန်တော်တို့ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်လိုရပ်တန့်မလဲ။ ရပ်တန့်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေ ဘာတွေရှိမလဲ။ ဒါ့အပြင် ဒီရောဂါနဲ့ပတ်သက်ပြီးတော့ လူထုသိချင်နေတဲ့၊ သိသင့်တဲ့အပိုင်းလေး တွေလည်း လူထုကိုယ်စား ကျွန်တော်တို့ ရှာကြံပြီး ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။
ပထမဦးဆုံးကတော့ နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိကနေ့အထိ ဆောင်ရွက်ထားတာတွေကို ဆရာဦးသန်းနိုင်စိုးက နည်းနည်းပြောပြ စေချင်ပါတယ်။
ဒေါက်တာသန်းနိုင်စိုး
နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေး နေ့ ညစာစားပွဲမှာ တာဝန်ရှိတဲ့သူတွေကို ဖုန်းဆက်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဘာရောဂါမှန်းတော့ အတိအကျ မသိသေးပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့ Sea food Market ကနေစပြီး တော့ ဒီရောဂါတွေ ဖြစ်ပွားနေတယ်ပေါ့နော်။ သင်္ဘောသား Association တစ်ခုကနေပြီးတော့ ကျွန်တော် တို့ရဲ့ Social Media ပေါ် တက်လာတဲ့ဟာကို ဆရာကြီးက မြင်တဲ့အခါကျတော့ တရုတ်က ကျွန်တော်တို့နဲ့လည်း နယ်မြေချင်းထိစပ်မှု လည်းများတယ်။ အဲဒီတုန်းက ဝူဟန်ကနေ တိုက်ရိုက်လေကြောင်းလိုင်း တွေလည်းရှိ တယ်။ အထူးသဖြင့် မန္တလေးမြို့မှာရှိတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့အနေနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ အထူးသဖြင့် လေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေ ဂရုစိုက်ပါဆိုပြီးတော့ လမ်းညွှန်တယ်။
ဒါကြောင့် ဇန်နဝါရီလ ၅ ရက်နေ့မှာပဲ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)နဲ့ ညွှန်ကြားရေးမှူး(ကူးစက်) ပါတဲ့အဖွဲ့တွေက မန္တလေးလေဆိပ်တို့၊ ရန်ကုန်လေဆိပ်တို့မှာ စပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီကနေနောက်ပိုင်း တဖြည်းဖြည်းနဲ့ များလာနိုင်တဲ့ အနေအထား ပေါ့။ အဲဒီအချိန်က SARS နဲ့ ဆက်စပ်တာ နည်းနည်းသိထားတော့ ဒီလိုပဲ ကိုရိုနာဗိုင်းရပ်စ် တွေက ဖြစ်လာရင် အေးအေးဆေးဆေးပဲ ပြီးသွားတာမရှိသလို နောက်ပိုင်းမှာ ပိုပိုပြီးတော့များလာမှာမို့ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ ပြင်ဆင်ထား တယ်။
ဇန်နဝါရီလ ၈ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဦးစီးပြီးတော့ အဖွဲ့အစည်းတွေ၊ ကော်မတီတွေ ဖွဲ့စည်းပါတယ်။ ဒါ အစောဆုံးဆောင်ရွက်တဲ့ကိစ္စတွေပါ။ နောက်ပိုင်းမှာတော့ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်ပြီးတော့ ဝန်ကြီးဌာန ပေါင်းစုံပါဝင်တဲ့ အမြဲတမ်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ် တွေပါဝင်တဲ့ ဝန်ကြီးဌာနများ အကြား ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဆိုပြီးတော့ ဆောင်ရွက်ခဲ့ ပါတယ်။
အဲဒီကော်မတီရဲ့ နောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှစ်ဦး ဦးဆောင်တဲ့ကော်မတီကြီး ဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ ဆောင်ရွက် ပါတယ်။
ဆက်လက်ပြီးတော့ ၂၀၂၀ ပြည့်နှစ် မတ် လ ၁၃ ရက်နေ့မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တော့ ပြည်ထောင်စုဝန်ကြီးတွေ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ကော်မတီကြီးကိုဖွဲ့စည်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဆိုပြီးတော့ နိုင်ငံတော်အပိုင်းကနေပြီးတော့ အလေးအနက်ထားပြီးတော့ အထူးဆောင်ရွက်နေတဲ့အကြောင်း တင်ပြလိုပါတယ်ခင်ဗျား။
ဒေါက်တာခင်မောင်လွင်
အဲဒီနောက်ပိုင်းမှာ တော်တော်လေးသွက်လက်တဲ့ ထူးခြားတဲ့အပြောင်းအလဲတွေလည်း အများကြီးရှိပါတယ်။ ဒါက ဗဟိုအဆင့်အနေနဲ့ပေါ့။ ဆရာလင်္ကာရည်ကျော်က ကလေးဆရာဝန်ကြီး တစ်ယောက်အနေနဲ့ ဒီရောဂါအကြောင်းကို ပြည်သူလူထုသိအောင် နည်းနည်းထပ်ပြီးတော့ ဖြည့်ပေးဖို့။ အဲဒီ ထူးခြားမှုလေးတွေ ပြောပြပေးပါဦး။
လင်္ကာရည်ကျော် (စာရေးဆရာ)
SARS တုန်းကလည်း ကျွန်တော်တို့ ကြုံခဲ့ဖူးတာပေါ့နော်။ အဲဒီတုန်းကလည်း Under Control စောစောစီးစီး ဖြစ်ခဲ့ကြတယ်။ တိုင်းပြည်ထဲမှာလည်း သိပ်ပြီးပြဿနာမရှိခဲ့ကြဘူး။ ဒီကိစ္စစတဲ့ အချိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်တယ်။ နည်းနည်းဆက်စပ်မှုရှိတယ်။ သတင်းတွေ ကြားတယ်။ အဲဒီအချိန် တုန်းကတော့ ကျွန်တော်တို့က ကိုယ်ကိုယ်တိုင်လည်း ဆေးရုံမှာ ဆေးကုနေတဲ့ဆရာဝန်၊ နောက်ဆေးကျောင်းသားတွေကို စာသင်နေတဲ့ ဆရာဝန်ဖြစ်တဲ့ အခါကျတော့ ကိုယ့်အောက်က ဝန်ထမ်းတွေကို လမ်းညွှန်မှုပေးရတာပေါ့နော်။ လာရင် ဘယ်လိုလုပ်ကြမလဲ။ အစည်းအဝေးတွေ တစ်ချိန်လုံးလုပ်ရတာပေါ့။ နေရာတွေခွဲရတာပေါ့။ ဇာတ်တိုက်ရတာပေါ့။ ပစ္စည်းတွေ ကြိုစုရတာပေါ့ ဆရာရယ်။
ပထမတော့ ဝူဟန်ပေါ့။ ပထမတစ်ဆင့်ကတော့ ဝူဟန်ကလာရင် သတိထားပါအဆင့်။ နောက်တစ်ဆင့်ကတော့ တရုတ်ပြည်မကြီးပေါ့။ နောက်တစ်ခါကျတော့ ဖြစ်တဲ့နိုင်ငံတွေ အများကြီးဖြစ်လာတယ်။ ဖြစ်တဲ့နိုင်ငံတွေ အများကြီးဖြစ်တဲ့အခါကျတော့ ဒီနိုင်ငံတွေ အားလုံးက လာရင်ပေါ့။ အခုကျတော့လည်း ကိုယ်တွေပဲ ကျန်တော့တာပေါ့။ ကိုယ်ရယ်၊ လာအိုရယ်၊ General ခရီးသွားထားတဲ့ History ရှိရင်၊ အဲဒီလိုရှိတဲ့ ကလေးတွေလာရင် ဘယ်လို လုပ်မယ်ဆိုတာ ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ရတာပေါ့။
ဒါပေမယ့် အခုနောက်ပိုင်း တဖြည်းဖြည်းသိလာတာက သူက Asymptomatic Carrier ပေါ့။ သူ့မှာ ရောဂါလက္ခဏာမပြဘဲနဲ့ ပြည်သူလူထု ကြားထဲမှာ လျှောက်သွားနေတဲ့သူတွေ ရှိနိုင်တယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့က Universal Precaution ဘက်ကို သွားရတာပေါ့။ အားလုံးကို ကူးနိုင်တဲ့ Potential ရှိတယ်လို့ ဆုံးဖြတ်ရတဲ့အဆင့်ဖြစ်လာတယ်။ ဒါကြောင့်မို့လို့လည်း အခုလို လက်မှန်မှန်ဆေးပါ၊ လူအုပ်ထူထူထဲကို တတ်နိုင်သမျှ မသွားပါနဲ့၊ ပွဲတွေလမ်းတွေ ပိတ်ပစ်ပါစသဖြင့် လုပ်ရတာပေါ့။ အဲဒီအဆင့်တွေ ရောက်လာတယ်။ ကျွန်တော်တို့ ဆေးရုံတွေမှာ ရောဆိုရင် ဆေးရုံတွေမှာလည်း ကျွန်တော်တို့နိုင်တာ လုပ်ကြတာပဲ ဆရာ။
ဆေးရုံတွေမှာ ကျွန်တော်တို့ပုံမှန်အားဖြင့် Speciality တွေရှိတယ်။ ကျွန်တော့်ဆေးရုံမှာဆိုလည်း Speciality တွေရှိတာပေါ့။ ဦးနှောက် အာရုံကြော အထူးကုဌာန၊ ကျောက်ကပ်အထူးကုဌာန၊ နှလုံးအထူးကုဌာနစသဖြင့် ကျွန်တော်တို့ OPD တွေမှာ ပုံမှန်ပြန်ပြန်ခေါ် ချိန်းနေတဲ့ ကလေးတွေရှိတယ်။ သေချာအောင်ကြည့်တဲ့သဘောမျိုးပဲ။ အဲဒီကလေးတွေကို ကျွန်တော်တို့ မလာခိုင်းတော့ဘူး။ မလာခိုင်းတော့ဘဲနဲ့ Telephone Contact တွေ ပေးတယ်။ သူတို့ကိစ္စရှိရင် ကျွန်တော်တို့ကို တိုက်ရိုက်ဆက်လို့ရတယ်။ ကျွန်တော်တို့ အဲဒီလိုလုပ်တယ်။
သင်ကြားရေးကိစ္စတွေမှာ တချို့သင်ကြားရေးကိစ္စတွေကို ကျွန်တော်တို့အင်တာနက်ပေါ်ကို တင်လိုက်တယ်။ ဆေးရုံထဲ မှာ လုပ်တဲ့ Journal Reading Club လိုဟာမျိုး ကအစ ကျွန်တော်တို့က အင်တာနက်နဲ့တစ် Ward မှာ TV တစ်လုံးထားပြီးတော့လုပ်တယ်။ အဲ့ဒါမျိုးတွေ ကျွန်တော်တို့ စလုပ်လာတယ်။ Ward ထဲမှာရှိတဲ့ လူနာအရေအတွက်ကို ကျွန်တော်တို့ တတ်နိုင်သမျှ လျှော့ချတယ်။ တော်ရုံတန်ရုံ နေမကောင်း ဖြစ်ရင်အိမ်မှာပဲနေ။ ဆေးရုံမလာနဲ့။ ဒါမျိုးတွေ ပညာပေးရတယ်။ ဒါဒီနေ့ ကျွန်တော်တို့ ဒီလာတဲ့အထဲမှာ ဒါလည်းပါတာပေါ့။ တတ်နိုင်သလောက် အိမ်မှာနေစေချင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာကရမယ်ဆိုတာ ကျွန်တော်တို့ ပြောလို့မရဘူးလေ။ အရင်တုန်းကလို ဝူဟန်က လာမှ၊ တရုတ်က လာမှတို့ အဲဒါတွေ ပြောလို့မရတော့ဘူး။ ဘယ်နားသွားသွား ရနိုင်တဲ့အနေအထားမျိုး တွေဖြစ်နေပြီ ခုထက်ထိ မရသေးတာကိုကပဲ တော်တော်ကံကောင်းတယ်ပေါ့ နော်။
ကျေးဇူးတင်တယ် အဲဒီလိုပဲ ပြောရမှာပေါ့။နောက်လက်မှန်မှန်ဆေးဖို့နော်။ ဆရာသိတဲ့အတိုင်းပဲ တကယ်တမ်းကျတော့ မျက်နှာတို့၊ နှာခေါင်းတို့၊ လက်တို့ မကိုင်နဲ့ လို့သာ ပြောတာ မကိုင်မိဖို့က ကိုယ်တောင် တော်တော်ခက်တာ။ အဲဒါလေးတွေ လိုက်ပြီးတော့ ပညာပေးတဲ့ဟာလေးတွေ လုပ်နေပါတယ်။ အခုနောက်ဆုံးအဆင့်ကတော့ မရောက်သေးဘူးပေါ့။ အခုထက်ထိ Positive Case မတွေ့သေးဘူးပေါ့။ ဒါပေမယ့် Susceptive Case တွေကတော့ တွေ့နေပြီ။ ကလေးမှာ လည်း ရှိနေပြီ။ Susceptive Case တွေက ရှိနေပြီ။ နောက်ပိုင်းကျတော့ ကံကောင်းလွန်းတယ်။ အခုထက်ထိတော့ Test လုပ်လိုက်တယ်၊ Negative ဖြစ်သွားတယ်၊ ဖြစ်နေတုန်းပဲပေါ့ နော်။ အဲဒီကလေးတွေက ကျွန်တော်တို့ စပြီးတော့ Isolate လုပ်နေရပြီ။ သီးခြားအခန်းထဲ ထားရတယ်။ သူတို့အတွက်ကို သက်သက် ဝတ်စုံတွေထားရတယ်။ လူအင်အားခွဲပေးထား ရတယ်။ ပစ္စည်းကိရိယာလေးတွေ ခွဲပေးထား ရတယ်။ ဒါမျိုးတွေ ဖြစ်နေပါပြီ ဆရာ။
ဒေါက်တာခင်မောင်လွင်
အဲဒါတွေကြောင့်လည်း ကျွန်တော်ထင်တယ်လေ။ ဝါးတားပါတီ ရေပါတီလုပ်လို့မရဘူး ထင်တယ်။ ဖြူဖြူကျော်သိန်းအနေနဲ့ အဆိုတော်အနေနဲ့ မိတ်ဆက်ပေးတယ်ဆိုပေမယ့် ဆရာဝန်လည်းဖြစ်တယ်လေ။ အဲဒီတော့ အခုနောက်ထပ် ပညာရှင်တစ်ယောက်အနေနဲ့၊ ဆရာဝန်တစ်ယောက် အနေနဲ့ ဒီကိစ္စတွေမှာ ဘာတွေပြောချင်လဲဆိုတာကို နားထောင်ကြည့် ချင်တယ်။
ဖြူဖြူကျော်သိန်း (တေးသံရှင်)
အနုပညာရှင်တစ်ယောက်အနေနဲ့ရော၊ ဆေးကျောင်းမှာ စာသင်ယူခဲ့တဲ့ ဆရာဝန်တစ်ယောက် အနေနဲ့ရောဆိုရင် ဖြူဖြူက ဒီလိုကိစ္စမျိုးတွေ ဖြစ်လာတဲ့အခါကျရင် စဉ်းစားတဲ့အခါ အနုပညာရှင်တစ်ယောက်တည်းအနေနဲ့ စဉ်းစားလို့မရပါဘူး။ နောက်တစ်ခုဘယ်လို ထည့်စဉ်း စားသလဲဆိုတော့ လွန်ခဲ့တဲ့အပတ်တွေ အင်တာဗျူးတွေ ဖြေကတည်းက သူတို့တွေက မေးကြတယ်ပေါ့နော်။ ဆရာပြောတဲ့ ဝါးတားပါတီ ရေပါတီကိုပေါ့ ပိတ်မယ်ဆိုလို့ ရှိရင် မဖြူ ဘယ်လိုခံစားရမလဲ စသဖြင့်ပေါ့နော်။ ဖြူဖြူက အဲဒီကတည်းက ပြောခဲ့ပါတယ်။ အဲဒီအချိန် တုန်းကတော့ ဒီပွဲလမ်းသဘင်တွေ ပိတ်ရမယ်လို့ မကြေညာသေးခင်အချိန်ပေါ့။ လွန်ခဲ့တဲ့ ဆယ်ရက်၊ နှစ်ပတ်လောက် အချိန် တုန်းကဆိုတော့။ ဒါနဲ့ ဖြူဖြူကပြောတယ်။ တကယ်လို့ တာဝန်ရှိတဲ့သူတွေ၊ နားလည်တဲ့ သူတွေက ဒါအန္တရာယ်ရှိလို့ မလုပ်ရဘူးဆိုရင်လည်း ဖြူဖြူ ကတော့ ဘာမှစောဒကတက်စရာ မရှိပါဘူး။ ပရိသတ်ပြည်သူတွေရဲ့ အသက်နဲ့ ကျန်းမာရေး ထက် ပိုပြီးအရေးကြီးတဲ့အရာ လောကမှာ မရှိပါဘူး။
ဒါက နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါအနေနဲ့ ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်က ဒီရောဂါဒဏ်ကို ခံနိုင်မယ်ဆိုရင်တောင်မှ ကိုယ်ချစ်တဲ့သူတွေထဲမှာ ကိုယ်ခံအားနည်း နေတဲ့သူတွေရှိမယ်။ အသက် အရွယ်အားဖြင့် ဒီရောဂါဒဏ်ကို မခံနိုင်မယ့်သူတွေ အများကြီး ရှိမယ်။ အဲဒီအခါကျရင် ငါကသာဒီပွဲကို လုပ်လိုက်လို့၊ သွားလိုက်လို့ဆိုတဲ့ တရားခံဆိုတဲ့ ခံစားရမယ့်စိတ်က တစ်သက်လုံးကိုယ်ရှင်ကျန်နေ ခဲ့ရင်တောင်မှ ဒါဘယ်တော့မှ ဖျောက်ဖျက် လို့ရမယ့် နောင်တဖြစ်လာမှာ မဟုတ်ဘူးပေါ့နော်။ အဲဒီလို ခံစားနေရမှာ တစ်သက်လုံးလေ။
ပရိသတ်တွေကျေနပ်အောင်
အဲဒီအခါကျတော့ ဖြူဖြူအဲဒီအတိုင်းပဲဖြေခဲ့တယ်။ တကယ်လို့အန္တရာယ်ကင်းလို့ လုပ်လို့ရတယ်ဆိုရင်လည်း ကိုယ့်ကိုဖိတ်တဲ့ဆီက ပရိသတ်တွေကျေနပ်အောင် ဖျော်ဖြေဖို့အတွက် ပြင်ဆင်ပါ မယ်။ မဟုတ်လို့ ရှိရင်လည်း ဖြူဖြူတို့ အိမ်မှာပဲ နေပါ့မယ်ပေါ့နော်။ အခု ဆိုရင်တော့ ရင်ထဲမှာ တစ်ပိုင်းအေးသွားရတာက အဲဒီလိုမျိုး Public ပွဲတွေ၊ သင်္ကြန်ပွဲတွေ၊ လူစုလူဝေးနဲ့ပွဲတွေ၊ ဖြူဖြူတို့ ဖျော်ဖြေရမယ့်ပွဲ တွေ ဧပြီ ၃၀ ရက်အထိ ရပ်ရမယ်ဆိုတဲ့အခါ ကျတော့ ဆရာရယ် အနုပညာရှင်ဖြစ်တဲ့ အတွက်ကြောင့် အထူးသဖြင့် ဂီတတို့၊ သဘင်တို့ဆိုတာ ပရိသတ်ကြား ထဲမှာ ရှင်သန်ကြရတာ။ ရုပ်ရှင်နဲ့တောင် မတူဘူးပေါ့။ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ လူစု လူဝေးကြားထဲမှာမှ ဆိုကြ၊ ကကြ၊ ခုန်ကြ ပေါက်ကြရတာဆိုတော့ ဒါကိုတော့ ပျော်တာ ပေါ့ ဆရာရယ်။ ဖြစ်ချင်တာပေါ့နော်။
သို့သော်လည်းပဲ ဘယ်ဟာက ပိုအရေး ကြီးလဲလို့ စဉ်းစားတဲ့အခါမှာ သြော်... ဒါငါ့နိုင်ငံ ငါ့ပရိသတ်၊ ဒီလူတွေရဲ့ အသက်နဲ့ ကျန်းမာရေး ဆိုတဲ့စိတ်နဲ့ပဲရပါတယ်။ အိမ်မှာနေမယ်။ သီချင်းရေးမယ်။ သီချင်းတီးမယ်။ အသစ်လေးတွေ ဖန်တီးမယ်။ ပြီးတော့ အွန်လိုင်း လည်းရှိတယ် ဆိုတဲ့အခါကျတော့ ပရိသတ်တွေနဲ့ အွန်လိုင်းက စကားပြောမယ်။ နောက်ပြီးတော့ ကိုယ်ကအနုပညာရှင် တစ်ယောက်အနေနဲ့ အခုလိုမျိုး အင်တာဗျူးလေးတွေမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပြီးတော့ ပရိသတ်ကို အသိပညာပေးမယ်လို့ပဲ ဆုံးဖြတ် စဉ်းစားထားပါတယ် ဆရာ။
ဒေါက်တာခင်မောင်လွင်
ဖြူဖြူကတော့ ဟုတ်တာပေါ့။ အွန်လိုင်းကနေ စကားပြောလို့ရတာပေါ့။ ဒါပေမဲ့ ကိုဖိုးချစ်တို့ကျတော့ အွန်လိုင်းကနေတော့ ကပြရတာခက်တယ် ဆိုတော့ အခုလူတွေရဲ့ အသက်ကယ်ဖို့၊ ကျန်းမာရေးအတွက် ရောဂါ မပြန့်အောင်ပေါ့လေ။ ဒါပေမဲ့ ရင်းနှီးတဲ့အခါမှာ ဇာတ်သဘင်က ပုဂ္ဂိုလ်တွေကျတော့ သူတို့ ထမင်းလုတ်ထဲကနေ နုတ်ပြီးတော့ ရင်းနှီးရတဲ့ သဘောဖြစ်လာတာ ပေါ့နော်။ ဒီလုပ်ငန်းလေးတွေ ခွင်လေးတွေ ထိခိုက်လာနိုင်တဲ့ သဘင်ဘက်က ပညာရှင် တစ်ယောက်အနေနဲ့ဝင်ပြီး ဆွေးနွေးစေချင်တာပါ။
ဖိုးချစ် (ဇာတ်သဘင်)
ကျွန်တော်တို့သဘင်ကကျတော့ ခုနက မဖြူပြောသလို ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ ရတယ်။ အထူးသဖြင့် ဂီတနဲ့ သဘင်မှာတောင်မှ သဘင်ကတော့ ကြိမ်ရေပေါင်း များစွာ ပိုထိတွေ့ ရတဲ့သဘောရှိတယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဓလေ့အရကိုက အလှူပွဲ၊ ဘုရားပွဲ၊ ကျောင်းပွဲတွေ နယ်တွေမှာ များတယ်ဆိုတော့လေ။ စပေါ်ခဲ့တာကလည်း သဘင်က ရှေးအကျဆုံးပဲ။ ဘုရင်တွေလက်ထက် ကတည်းကပါ။
ခုနက ပြောသလိုပါပဲ။ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ သူတို့ရဲ့တန်ဖိုးနဲ့ ယှဉ်ရင်တော့ ကျန်တဲ့ အခက်အခဲတွေက ဖြတ်ကျော်သွား နိုင်မှာပါ။ သို့သော်လည်းပဲ ကျွန်တော်တို့ သဘင်က အရင်တုန်းက ကျန်းမာရေးနဲ့ အားကစားနဲ့ ပတ်သက်လို့ဆိုရင် အသိပညာပေးတွေ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ တောက်လျှောက်ဖြန့်ဝေပေးခဲ့တာ။ အခုကတော့ လူစုလူဝေးနဲ့ ဖြန့်ဝေလို့ကို မရတော့ဘူးဆိုတော့ ကျွန်တော်တို့က ဘာကိုသွားပြီး တော့ စဉ်းစားရလဲဆိုတော့ ပြည်သူလူထု လည်း အခက်အခဲဖြစ်တယ်၊ အစိုးရမှာလည်း အခက်အခဲရှိတယ်။
ကျွန်တော်တို့ အနုပညာလုပ်ကြတဲ့သူ တွေမှမဟုတ်ဘူး။ ကဏ္ဍပေါင်းစုံမှာ အကုန်အခက်အခဲပဲ။ ဒီထဲမှာ တအားဆိုးဆိုးရွားရွား ထိတယ်ဆိုတဲ့အပိုင်းမှာတော့ ကျွန်တော်တို့ သဘင်သည်တွေကျတော့ မှီခိုသူပေါ့နော်။ ပရိသတ်က အမှီခိုခံပေါ့။ သူတို့အဆင်ပြေမှ ကျွန်တော်တို့က သူတို့ကို မှီခိုပြီးတော့ ရပ်တည်ရတဲ့သူတွေဆိုတော့ ကိုယ်မှီခိုတဲ့သူကလည်း အဆင်မပြေဘူး။ အမှီခို ခံရတဲ့သူကလည်း အဆင်မပြေတဲ့အခါမှာ ကျွန်တော်တို့က အခုအချိန်ကတော့ လုံးဝရပ်သွား တယ်။
အဲဒီတော့ဘာကို သွားသတိရသလဲဆိုတော့ ကျွန်တော်တို့ သူ့ကျွန်ဘဝရောက်တဲ့ ခေတ်ကိုပြန်ကောက်ရမယ်။ ဘုရင့်ရဲ့နန်းတွင်းသုံး အနုပညာပေါ့။ သဘင်သည်၊ ခွက်ခွင်းသည်၊ ပန်တျာသည်ပေါ့နော်။ နန်းတွင်းမှာပဲ ဖျော်ဖြေခဲ့တဲ့ဘဝနဲ့ သူ့ကျွန်ဘဝရောက်သွားတော့ ဘုရင်က ပါတော်မူသွားပြီ။ ကစရာ ဆိုစရာမရှိတော့ဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ လှေကြီးတစ်စင်းနဲ့ စုန်ပြီးတော့ ကမ်းနားကိုကပ်လိုက် အဲဒီရွာကပေးတဲ့ ဆီလေး၊ ဆန်လေး တွေနဲ့ ရပ်လိုက်။ ကမ်းနားမှာကပ်ပြီး ဖျော်ဖြေလိုက်နဲ့ အောက်မြန်မာပြည်ကို သဘင်သည် တွေ ထပ်မံဖွဲ့ပြီး ရောက်လာတာပေါ့။
ဒီကာလ နည်းနည်းမရှည်စေချင်ဘူး
အဲဒီတော့ ၁၉၈၈ နောက်ပိုင်းမှာလည်း သဘင်က တစ်ကြိမ်ထပ်ပြုတ်ကျတယ်။ သဘင်သည် သုံးပုံပုံနှစ်ပုံလောက် ပျောက်သွားတယ်။ တခြားလုပ်ငန်းတွေနဲ့ ရေကြည်ရာ မြက်နုရာ လုပ်ကိုင် စားသောက်ကြရင်းနဲ့ ရှိတဲ့သဘင်သည်က ပျောက်သွားတယ်။ ကျွန်တော် အခုကာလမှာ စိုးရိမ်တာ အဲဒီတစ်ခုပဲ စိုးရိမ်တာ။ ဒီကာလနည်းနည်းမရှည် စေချင်ဘူးပေါ့နော်။ ဆုတောင်းရ တာပေါ့။ ရှည်သွားလို့ ကြာသွားလို့ရှိရင် ရှိတဲ့သဘင် သည်တွေ တော်တော်နည်းသွားမယ်။ ကျွန်တော်တို့က စီးပွားရေးအဆင်မပြေရင်လည်း သဘင်သည်တွေ မကဘူး၊ မဆိုရ၊ မတီးရဘူး ခက်တယ်။
နိုင်ငံရေးဖြစ်တဲ့ နေရာတွေမှာလည်း ဘယ်လိုမှ အဆင်မပြေဘူး။ အခု ကျန်းမာရေး။ နောက်စာမေးပွဲတွေ ရှိတဲ့အချိန်မှာလည်း ပွဲမိန့်အဆင်မပြေဘူး။ နောက်ခေတ်ရဲ့စိန်ခေါ်မှုပေါ့။ ဖျော်ဖြေတင်ဆက်မှု၊ ဖျော်ဖြေရေးတွေရဲ့ စိန်ခေါ်မှုပေါင်းများစွာကြားထဲမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ ဒီစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရသေးတယ်။ ရှေးမူမပျက်လည်း ထိန်းသိမ်းရသေးတယ်။ ပရိသတ်နဲ့ ထိတွေ့လို့ရအောင်လည်း ပြင်ဆင် ရသေးတယ်။ အဲဒီစိန်ခေါ်မှုကလည်း အများကြီး။ အဲဒီကြားထဲမှာ ကျွန်တော်တို့ဆို တအားကို တင်းထားရတဲ့ သဘောမှာရှိတာပေါ့။ ရှိတော့ ကျွန်တော်စိုးရိမ်တာက သဘင်အနုပညာရှင်တွေအနေနဲ့ ဒီကာလအပြီးမှာ အဲဒီလိုဖြစ်မှာပဲ စိုးရိမ်တယ်။ အဲဒါတစ်ချက်။ ဒါလည်း နိုင်ငံတော်ကို ကျွန်တော်တို့တတ်နိုင် တဲ့ဘက်က စီမံချက်ဆွဲပြီးတော့ တင်ပြထားတယ်။
ကျွန်တော်တို့ ကိုယ့်ဘာသာပဲ ပူနေတာမဟုတ်ပါဘူး ဆရာရယ်။ ကျွန်တော်တို့လည်း ပြည်သူထဲက ပြည်သူပါပဲ။ အဲဒီထဲမှာ ပိုပြီးတစ်ဆင့်လေး နိမ့်တာက အဲဒီပြည်သူကို မှီခိုနေရတဲ့ သူတွေ ဖြစ်တယ်။ ပြည်သူအခက် အခဲဖြစ်တယ်။ ပြည်သူကို ပြန်မှီရတဲ့ ကျွန်တော် တို့က ပိုပြီးတော့ ဆိုးဆိုးရွားရွားထိသွားတယ် ပေါ့နော်။ ပိုဆိုးတယ်ပေါ့။ မဖြူပြောသလိုပဲ ကျွန်တော်တို့က လူစုလူဝေးနဲ့မှ၊ သူတို့ပျော်မှ၊ လူစုလူဝေးနဲ့မှ ကျွန်တော်တို့က ရပ်တည်ရတဲ့ သူတွေဆိုတော့ လူစုလူဝေးတွေပိတ်ဆိုတာ တစ်ခုတည်းနဲ့ ကျွန်တော်တို့နံပါတ်(၁) အရင်စထိတာ။ ဒါပေမဲ့ အားလုံး နိုင်ငံတော်ရဲ့ အခက်အခဲကို နားလည်ပါတယ်။ ပြည်သူ လူထုလည်း ဖြစ်နေတဲ့အချိန်မှာဆိုတော့ ပါဝင်ထိန်းသိမ်းဖို့ပဲ ရှိတယ်ပေါ့နော်။ ကျန်တာ မရှိပါဘူး။
စာရေးဆရာလင်္ကာရည်ကျော် (ဒေါက်တာရဲမြင့်ကျော်)
မှတ်တမ်း - သီတာဌေး (ပြန်/ဆက်)၊စန္ဒာမင်း(ပြန်/ဆက်)
ဓာတ်ပုံ - ရဲသူရအောင် (ပြန်/ဆက်)
(ဆက်လက်ဖော်ပြပါမည်။)