Skip to main content

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်း အဝေးတက်ရောက်

မကွေး    မတ်   ၂၄

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ­­­­­အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့် အစည်းအဝေး ဆုံးဖြတ်ချက် များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ သည် ကဏ္ဍပေါင်းစုံအပေါ် သက်ရောက်မှုရှိနေပြီး ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် အဓိက ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာရန် လိုအပ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူခံများ လက်ခံဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး (၁) တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က ကိုရိုနာ ဗိုင်းရပ်(စ်)ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆေးဝန်ထမ်းများ အသုံးပြုနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၃၀၀၀ ကို လူမှုရေး ဝန်ကြီး ဒေါက်တာခင်မောင်အေးက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးထံ ပေးအပ်ခဲ့ကြောင်းနှင့် မကွေးမြို့ရှိ ဆောက်လုပ်ပြီး ပြည်သူ့ဝန်ထမ်းအိမ်ရာ ၄၈ ခန်းကိုလည်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရမည့် သူများအား သီးသန့်ထား (Quarantine) ဆောင်ရွက်နိုင်ရန် ခေတ္တ ယာယီအသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)