Skip to main content

ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး မတ် ၂၄

ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ Coronavirus Disease -2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ချင်းပြည်နယ်အတွင်း ရောဂါ ကူးစက်မှု အခြေအနေကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းများစီစဉ်ဆောင်ရွက်ထားရှိမှု၊ လက်ရှိအရေးပေါ်အခြေအနေနှင့်ကြုံတွေ့လာမှုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်း၊ နေရာများစီစဉ်ထားရှိသည့်အခြေအနေများနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသည့်လူနာအား ကုသနေမှု အခြေအနေများနှင့် ရောဂါပိုး ထပ်မံ ကူးစက် ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရမည့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များနှင်ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများကို ရှင်းလင်းဆွေးနွေး ခဲ့ကြပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)