ခေတ်နဲ့မလျော်ညီတော့တဲ့ တည်ဆဲအလုပ်သမားဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ်ရဲ့ စံနှုန်းတွေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက်လည်း လုပ်ဆောင်ရပါတယ်
အမျိုးသားလွှတ်တော်၏ ၂၀၁၉ ခုနှစ် မတ် ၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၁၉)ဖြင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီအဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ကော်မတီကိုဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်မတီဝင်များတွင် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ်များကို ထည့်သွင်း ဖွဲ့စည်းထားပြီး လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမား ဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အဆိုပါကော်မတီဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြအပ်ပါသည်။
မေး။ ။ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ကို အရင်ဆုံးသိပါရစေ။
ဖြေ။ ။ ကော်မတီအနေနဲ့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက် နိုင်ရေးကို ကူညီဆောင်ရွက်ပေးရပါမယ်။ တိုင်းရင်းသား မိဘနှစ်ပါးကနေ မွေးဖွား လာတဲ့ မွေးရာပါ နိုင်ငံသားတွေအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းတွေ လွယ်ကူလျင်မြန်ဖို့အတွက် လည်း ညှိနှိုင်းဆောင်ရွက် ပေးရပါမယ်။ ပြီးတော့ ဥပဒေမဲ့ဝင်ရောက်လာသူတွေကို ဖော်ထုတ်ပြီး ဥပဒေပြဋ္ဌာန်းချက်နဲ့ အညီ အရေးယူ ဆောင်ရွက်ဖို့အတွက် ကူညီ ဆောင်ရွက်ပေးရပါမယ်။
နိုင်ငံခြားသားတွေ ပြည်တွင်းမှာနေထိုင် သွားလာလှုပ်ရှားမှုတွေ ဥပဒေနဲ့အညီ ဖြစ်စေဖို့ ကြပ်မတ်ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ် မှာလည်း ကူညီပေးရပါမယ်။ နိုင်ငံတော်ရဲ့ လူဦးရေမူဝါဒကို ချမှတ်နိုင်ဖို့အတွက် လူဦး ရေဆိုင်ရာ ပြည်တွင်း၊ ပြည်ပအချက်အလက် တွေကို ဆန်းစစ်လေ့လာရေးကိစ္စတွေကို လည်း ကူညီပေးရမယ်။
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင် ဆက်ဆံရေးကောင်းမွန်ဖို့၊ တည်ငြိမ် အေးချမ်းတဲ့ လုပ်ငန်းခွင်ဖြစ်စေဖို့၊ အလုပ် သမား ဥပဒေပါ အကျိုးခံစားခွင့်ရရှိဖို့ ဒါတွေ အတွက်လည်း ကူညီပေးရပါတယ်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနဲ့ မတော်တဆထိခိုက်မှု လျော့နည်း ကျဆင်းရေး၊ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသ ဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်တွေ အတွက်လည်း ကူညီဆောင်ရွက်ပေးရပါ တယ်။ အလုပ်သမားတွေအတွက် လူမှုဖူလုံ ရေး အာမခံ၊ လူမှုအကာအကွယ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေ ရရှိနိုင်ရေးအတွက် ဆိုက်ရောက် နိုင်ငံတွေရဲ့ အလုပ်သမား ဥပဒေအရ လုပ်ခလစာနဲ့တကွ တခြားရပိုင် ခွင့်တွေရရှိဖို့၊ လုပ်ခလစာတွေ လွယ်ကူစွာ ပြန်ပို့နိုင်ဖို့ ဒါတွေကိုလည်း ကူညီကာကွယ် စောင့်ရှောက်ပေးရပါတယ်။
ပြီးတော့ ပြည်ပနိုင်ငံတွေကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ် သမားတွေနဲ့ ပြည်ပအလုပ်အကိုင် အကျိုး ဆောင် လိုင်စင်ရအေဂျင်စီတွေအကြား ချုပ်ဆို ထားတဲ့ သဘောတူစာချုပ်တွေအရ ကိုက်ညီ မှုမရှိလို့ တိုင်ကြားလာရင်လည်း ကျွန်တော် တို့ကော်မတီနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန က ညှိနှိုင်းဖြေရှင်းပေးရပါတယ်။
နောက်ပြီး ခေတ်နဲ့ မလျော်ညီတော့တဲ့ တည်ဆဲအလုပ်သမားဥပဒေတွေကို ပြန်လည် သုံးသပ်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ရဲ့ စံနှုန်းတွေနဲ့အညီ ပြင်ဆင်နိုင်ဖို့ အတွက်လည်း လုပ်ဆောင်ရပါတယ်။ အလုပ် ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှုတွေ ရှိလာတဲ့အခါ စေ့စပ်ညှိနှိုင်းရာမှာ ပြေလည်မှု မရရှိဘူး။ ဒီလို ပြေလည်မှုမရှိတော့တဲ့အခါ ကျွန်တော်တို့ကော်မတီကို အကူအညီတောင်း ခံ တာမျိုးရှိပါတယ်။ ဒီလိုမျိုးအကူအညီတောင်း ခံတဲ့အခါ ကော်မတီအနေနဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ပြေလည်မှု ရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးရပါတယ်။ ဒါတွေက ကျွန်တော်တို့ကော်မတီရဲ့ တာဝန် တွေ ဖြစ်ပါတယ်။
မေး။ ။ ကော်မတီအနေနဲ့ ဒီလိုတာဝန်တွေ ထမ်းဆောင်ဖို့ ဘယ်လို လုပ်ပိုင်ခွင့်တွေရှိတယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကော်မတီကို ဥပဒေအရအပ်နှင်း ထားတဲ့ လုပ်ပိုင်ခွင့် (၇) ရပ်ရှိပါတယ်။ ဒါတွေက ဘာတွေလဲဆိုတော့ ကော်မတီအနေနဲ့ ပြည်တွင်းပြည်ပ အလုပ် သမားအဖွဲ့အစည်းတွေ ဒါမှမဟုတ် အလုပ်ရှင် အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ဒါမှ မဟုတ် ဖြေကြားနိုင်တဲ့ တာဝန်ရှိသူတွေကို ဖိတ်ကြား ဆွေးနွေးနိုင်ပါတယ်။ ပြီးတော့ ကော်မတီအနေနဲ့ အဖွဲ့ခွဲပြီးတော့ဖြစ်စေ၊ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စုပေါင်းပြီးတော့ တာဝန်အရ လေ့လာမှုတွေ ဆောင်ရွက်နိုင်ပါ တယ်။ ဒီလို လေ့လာမှုတွေဆောင်ရွက်နိုင်ဖို့ အမျိုးသားလွှတ်တော်ရုံးကို ခရီးစဉ်နဲ့ အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်တွေအတွက် တင်ပြပြီး ရုံးရဲ့ စီမံပေးမှုနဲ့ ဆောင်ရွက်ရပါတယ်။
နောက်ထပ် လုပ်ပိုင်ခွင့်တစ်ခုက အလုပ် သမားဥပဒေပါ အခွင့်အရေးတွေကို အလုပ် သမား သမဂ္ဂတွေ ရရှိခံစားနိုင်မှုအခြေအနေကို လေ့လာစောင့်ကြည့်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို အချိန်နဲ့တစ်ပြေးညီ မေးမြန်း ပိုင်ခွင့်ရှိပါတယ်။ ဒီလိုကော်မတီရဲ့ လေ့လာ တွေ့ ရှိချက်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့က လိုအပ်သလိုစီစဉ်နိုင်ဖို့ ဒီတွေ့ရှိချက် တွေကို လွှတ်တော်ဥက္ကဋ္ဌထံကို အမှုတွဲပြုစုပြီး တင်ပြနိုင်ပါတယ်။
ပြီးတော့ ကော်မတီက ပြည်တွင်း ပြည်ပ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်တယ်။ ဒီလိုတွေ့ဆုံပြီး တော့ အလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို မေးမြန်းနိုင်ပါတယ်။ ပြီးတော့ ဥပဒေနဲ့ညီညွတ်တဲ့ အကြံဉာဏ်တွေ ကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးနိုင်ပါတယ်။
ပြည်တွင်းပြည်ပ အလုပ်သမားအဖွဲ့ အစည်းတွေက ကျွန်တော်တို့ကော်မတီနဲ့ ကော်မတီဝင်တွေဆီကို ဆက်သွယ်လာရင် လွှတ်တော် ဥက္ကဋ္ဌထံတင်ပြပြီးတော့ တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေး မှုနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို လွှတ်တော် ဥက္ကဋ္ဌထံကို အစီရင်ခံစာ တင်ပြရပါတယ်။ ဒါတွေကတော့ ကော်မတီရဲ့ လုပ်ပိုင်ခွင့် တွေပါ။
မေး။ ။ ကော်မတီရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားတွေနဲ့ သက်ဆိုင် တဲ့ ဥပဒေပိုင်းဆိုင်ရာ လက်ရှိဆောင်ရွက်နေတဲ့အပိုင်းကိုလည်း ပြောပြပေးစေလို ပါတယ်။
ဖြေ။ ။ လူဝင်မှုကြီးကြပ်ရေး အပိုင်းက တော့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင် ဆောင်ရွက်တာမျိုး မရှိသေးဘူး။ ဝန်ကြီး ဌာနရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် ပေးမှုလုပ်ငန်းစဉ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်၊ သန်းခေါင်စာရင်း နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ် ဒါတွေအတွက် ဆောင်ရွက်နေတာကို လေ့လာသုံးသပ်နေ ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန့် ကြားချက်တွေအပေါ် သုံးသပ်နေပါတယ်။
နောက်ပြီး နိုင်ငံခြားသားလုပ်သားတွေ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်တဲ့အပေါ် ဥပဒေပြဋ္ဌာန်းနိုင်ဖို့ကို လေ့လာသုံးသပ်နေ ပါတယ်။ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုကို ဥက္ကဋ္ဌဆီ တင်ပြထားပါတယ်။ ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်ရတဲ့အခါ လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဆွေးနွေးသွားနိုင်မှာ ဖြစ်ပါတယ်။
ပြီးတော့ အိမ်အကူဆိုင်ရာ ဥပဒေကြမ်း တစ်ခု လွှတ်တော်ကိုတင်သွင်းနိုင်ဖို့ အတွက် ကျွန်တော်တို့ ဆောင်ရွက်နေပါ တယ်။ ကော်မတီအတွင်းမှာ ဆွေးနွေးနေ တယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံပြီး တည်ဆဲဥပဒေတွေနဲ့ ညှိနှိုင်းနေတဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒါနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိပါတယ်။
နောက်တစ်ခုကတော့ ပြည်ပ ရွှေ့ပြောင်းအလုပ်သမားကိစ္စပါ။ အိမ်အကူ ဥပဒေကြမ်းလွှတ်တော်ကို တင်သွင်းပြီးရင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကိုပြင်ဆင်ဖို့ ကော်မတီအနေနဲ့ စီစဉ်ထားတာလည်းရှိပါတယ်။
မေး။ ။ နိုင်ငံခြားသား အလုပ်သမား ဆိုင်ရာ ဥပဒေကိုလည်း ကော်မတီအနေနဲ့ အသစ်ပြဋ္ဌာန်းရေးဆွဲနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒီဥပဒေ နဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေ အနေကို ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒီလိုဥပဒေရေးဆွဲနိုင်ဖို့ အရင်ဆုံး လာရောက်အလုပ်လုပ်နေတဲ့ပြည်ပအလုပ်သမား စာရင်းအတိအကျသိဖို့ လိုအပ်ပါတယ်။ သူတို့ကို ဥပဒေနဲ့အညီ မှတ်ပုံတင်ခိုင်း ပြီးတော့ သူတို့ကို ဥပဒေအရ အကာအကွယ်ပေးမှုကိုလည်း ပေးရမှာဖြစ် ပါတယ်။ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း မဆုံးရှုံးရအောင်လည်း ကာကွယ်ပေးရမယ်။ ဒီလိုလာရောက် လုပ်ကိုင်တဲ့အပေါ်မှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ အခွန်ငွေရရှိမှု၊ ဒီအခွန်ငွေကနေ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လို လုပ်နိုင်မလဲ၊ သူတို့လုပ်အားတွေက တိုင်းပြည်အတွက် ဘယ်လိုအကျိုးရှိလဲ၊ ကိုယ့်နိုင်ငံက ငွေတွေ ဘယ်လောက် စီးထွက်သွားမလဲ၊ ဘယ်အလုပ်တွေကိုပဲ ပေးလုပ် မလဲ၊ ဒီလိုအခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်။
မေး ။ ။ အိမ်အကူတွေနဲ့ ပတ်သက်တဲ့ ဥပဒေကနေ ပြည်ပကို အလုပ် သွားလုပ်မယ့် နိုင်ငံသား အိမ်အကူတွေကို အကာအကွယ်ပေးနိုင်ဖို့ ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ လတ်တလောမှာ အိမ်အကူက တရားမဝင်လမ်းကြောင်းက သွားတာများတယ်။ ဒါကြောင့် သူတို့အတွက် လိုအပ်သလောက် ကူညီပေးနိုင်မှုက အား နည်းနေသေးတယ်။ အိမ်အကူ တရားဝင် စေလွှတ်ခြင်းမရှိသေးတဲ့အတွက် နည်းမျိုး စုံထွက်တဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါသွားတယ်။ လိုအပ်တဲ့ သင်တန်းပေးမှုတွေလည်း မရရှိကြဘူး။ ရောက်ရှိမယ့် နိုင်ငံရဲ့ ဥပဒေ၊ ယဉ်ကျေးမှု၊ ဘာသာစကား စတဲ့ ဒီလိုမျိုးအချက်တွေနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိနိုင်တဲ့အတွက် ဒါတွေနဲ့ ပတ်သက်တဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ ဒါက ပြည်ပ အတွက်ပါ။
ပြည်တွင်းမှာကျတော့ အိမ်အကူတွေ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေအတွက် အိမ်အကူဥပဒေအရ အရေးယူရတာမျိုးမရှိဘဲ လူ့အခွင့်အရေး ရှုထောင့်က ဆောင်ရွက်နေရတယ်။ ဥပဒေ အရ ရာဇဝတ်ကြောင်းအရ ဆောင်ရွက်နေရ တာမျိုးဖြစ်နေတယ်။ ဒါကြောင့် ပြဋ္ဌာန်းဖို့ ကြိုးပမ်းနေတဲ့ အိမ်အကူဥပဒေမှာ အိမ်အကူ လုပ်သားကိုလည်း တခြားအလုပ်သမား တွေနည်းတူ အလုပ်သမားအဆင့် သတ်မှတ် ခံစားခွင့်ရှိရမယ်၊ အသက်ကန့်သတ်မယ်၊ အိမ်အကူတွေက လုပ်သားအခွင့်အရေးနဲ့ အတူ ထိုက်သင့်တဲ့ လူမှုခံစားခွင့်ရရှိအောင် ထည့်သွင်း ပြဋ္ဌာန်းသွားမယ်။
အိမ်ရှင်ဘက်ကကျတော့ မိသားစု မဟုတ်တဲ့သူတစ်ဦး မိမိအိမ်ထဲမှာ လာနေ တာဖြစ်တဲ့အတွက် Privacy ရှိဖို့၊ မိသားစု လုံခြုံရေး ဒါတွေကို ပြန်ပြီး စိုးရိမ်ရတာ ရှိတယ်။ အိမ်အကူကြောင့် အိမ်ရှင်မှာ ဒုက္ခ ရောက်တာမျိုးတွေ ရှိတယ်။ အိမ်အကူ လာလုပ်ပြီး လစာကြိုထုတ်၊ ပြီးတော့ နောက်ထပ်တစ်အိမ်ပြောင်းလို့ အိမ်ရှင်မှာအခက်အခဲဖြစ်တာမျိုးတွေလည်း ကြားနေရ ပါတယ်။ နှစ်ဖက်စလုံးအတွက် အကာ အကွယ်ပေးနိုင်တဲ့၊ လုပ်ငန်းခွင် အဆင်ပြေ နိုင်တဲ့အချက်တွေ ဥပဒေမှာ ပါနိုင်အောင် ကြိုးစားနေပါတယ်။
မေး ။ ။ အကျိုးဆောင် ကုမ္ပဏီတွေကိုထိန်းညှိမယ့် အချက်တွေကို လည်း ဥပဒေမှာပါဝင်ဖို့ ဆောင်ရွက်နေတာ ရှိပါသလား။
ဖြေ ။ ။ ဒါတွေလည်းပါမှာ ဖြစ်ပါတယ်။ အကျိုးဆောင် ကုမ္ပဏီတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ တာဝန် ခံရမယ့် အချက်တွေပါမယ်။ သူတို့ကို ကြပ်မတ်မယ့် အဖွဲ့အစည်းအဖြစ် ဗဟို အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီဖွဲ့စည်းသွားဖို့ ရည်ရွယ်တာလည်း ရှိပါတယ်။
မေး ။ ။ ဒါနဲ့ဆက်စပ်ပြီး မေးချင်တာကပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကော်မတီအနေနဲ့ ဥပဒေအရ သေချာ မကိုင်တွယ်ရသေးပါဘူး။ လေ့လာသုံးသပ် နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ပြည်ပအလုပ် အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပအလုပ်အကိုင် များ ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဆိုတာ ရှိပါတယ်။ ဒီထဲမှာ လိုင်စင်ရကုမ္ပဏီတွေ ပါပါတယ်။ ဥပဒေမှာ ပါတဲ့အတိုင်း ပြည်တွင်း အလုပ်သမားကို ပြည်ပကို စေလွှတ်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကို အတိအကျ လိုက်နာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြပ်မတ်ရမယ့် တာဝန်တွေ ရှိပါတယ်။
ဥပမာအားဖြင့် စေလွှတ်တဲ့ အလုပ်သမား တစ်ဦးအတွက် အကျိုးဆောင်ခ ဘယ်လောက် ယူရမယ်ဆိုတာ ဝန်ကြီးဌာနက သတ်မှတ်ထား တာရှိပါတယ်။ ဝန်ဆောင်ခ ပိုယူတာမျိုးတွေ ရှိနေတယ်။ သက်ဆိုင်ရာ နိုင်ငံတွေရောက်တဲ့ အခါမှာလည်း ပြောထားတဲ့နေရာ၊ ပြောထားတဲ့ အလုပ်မဟုတ်တာတွေ၊ လုပ်အားခမရတာတွေ အချိန်ပိုခိုင်းစေတာမျိုး ရှိနေတယ်။ MoU နဲ့ သွားတဲ့ အလုပ်သမားတွေတောင် ဒီလိုမျိုးခံစား နေရတာမျိုးရှိတယ်။ ဒါကြောင့် ဒါတွေအတွက် ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ ကော်မတီကို တိုင်ကြားလာတဲ့အခါ ကျွန်တော်တို့ ကော်မတီ က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူ အဆင့်ဆင့်၊ သက်ဆိုင်ရာ ဒေသန္တရအစိုးရ၊ လူကုန်တားအဖွဲ့၊ MOEAF က အမှုဆောင် တချို့တို့နဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ဖြေရှင်းပေးနေပါတယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာက နစ်နာသူ ရွှေ့ပြောင်းလုပ်သား တွေအနေနဲ့ ကျွန်တော်တို့ ပူးပေါင်းဖြေရှင်း ပေးလိုက်လို့ ဆုံးရှုံးနစ်နာတာတွေ ပြန်ရတဲ့အခါ ကျေနပ်သွားကြပြီး တိုင်တန်းမှု ရပ်လိုက်ကြ တယ်။ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို ချိုးဖောက်တဲ့သူတွေကို အရေးယူဖို့ လုပ်ငန်း စဉ်ကို ဆက်လက်မလိုက်ပါတော့ဘူး။ တကယ်ဆို ဥပမာအနေနဲ့ပြောရရင် ၁၉၉၉ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ အရ သတ်မှတ်ဝန်ဆောင်ခထက် ပိုယူရင် ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်ချမှတ်ရမယ်လို့ ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။
တရားစွဲဆိုတဲ့အဆင့်ကို မရောက်တော့ လုပ်တဲ့လူတွေက တိုင်ကြားမှုရှိလို့ မိသွားရင် ပြန်လျော်လိုက်မယ်၊ မတိုင်လို့ လွတ်ရင် ဆက်လုပ်လိုက်မယ် ဖြစ်နေတော့တာပေါ့။ ဌာနအနေနဲ့ကလည်း ပြဿနာဖြစ်တဲ့ကုမ္ပဏီ ကို ခြောက်လပိတ်၊ တစ်နှစ်ပိတ် စသဖြင့် အရေးယူနေရတယ်။ သူတို့ကလည်း ကုမ္ပဏီ နာမည်အမျိုးမျိုးနဲ့ ရှိနေတော့ ဒီကုမ္ပဏီပိတ်ရင် ဟိုကုမ္ပဏီနဲ့ ဆက်လုပ် ဖြစ်နေတော့တာပေါ့၊ အဲဒီတော့ နစ်နာသူတွေအနေနဲ့ လျော်ကြေး ပြန်ရရုံနဲ့ တင်းတိမ်မနေကြသင့်ဘူး။
နောင်လူတွေ ဆက်လက် ဒုက္ခမရောက် အောင် ကြိုတင်ကာကွယ်ပေးတဲ့အနေနဲ့ ဥပဒေ နဲ့အညီ အရေးယူတဲ့အဆင့်အထိ ရောက်အောင် လုပ်ပေးကြပါလို့ အကြံပြုချင်ပါတယ်။
မေး ။ ။ ဒီလိုကိစ္စမျိုးတွေ လျော့နည်းပျောက်ကွယ်အောင် ဘယ်လိုလုပ် ရင် ကောင်းမလဲဆိုတာ ရှင်းပြပေးစေလို ပါတယ်။
ဖြေ ။ ။ ခက်နေတာက အလုပ်လိုချင်သူတွေက အလုပ်အကိုင်ရှာဖွေခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းကြတာ များ တယ်၊ တချို့လည်း သိကြပါတယ်။ ဒါပေမယ့် အလုပ်ရရင်ပြီးရော၊ ဟိုရောက်တော့မှ မှန်း ချက်မကိုက်ဖြစ်ပြီး ခေါင်းပုံဖြတ်ခံရတာတွေ သိကြရပြီး ပြဿနာပေါ်တော့တာ။ အဲဒီတော့ မှတ်ပုံတင်ထားတဲ့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ သတ်မှတ်ဝန်ဆောင်ခနှုန်း ထားတွေကို အလုပ်သမားရုံးတွေ ဝက်ဘ်ဆိုက် တွေ မှာ ကြော်ငြာထားရုံတင်မကဘဲ လူမှု ကွန်ရက် မီဒီယာတွေမှာ လူတွေအလွယ်တကူ သိအောင်လုပ်ပေးထားသင့်တယ်။ ချိုးဖောက် တဲ့သူတွေကို ဥပဒေအရ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် လျော့နည်းသွားမှာပါ။ ဒါ့အပြင် အကျိုးဆောင် အေဂျင်စီတွေကိုလည်း သေချာစိစစ်ပြီးမှ လိုင်စင်ထုတ်ပေးသင့်တယ်။
မေး ။ ။ ကော်မတီကို ပြည်တွင်း ပြည်ပအလုပ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားမှု ဘယ်လောက်ရှိ တယ်ဆိုတာနဲ့ ဒီအပေါ်မှာ ဘယ်လိုဖြေရှင်း ဆောင်ရွက်ပေးနေတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ကော်မတီကို တိုင်ကြားမှု စုစုပေါင်း ၂၀၄ စောင် ရှိပါတယ်။ မိတ္တူပေးပို့ တာ၊ တိုင်ကြားမှုမခိုင်လုံတာ၊ မပြည့်စုံလို့ မှတ်တမ်းအဖြစ်သာ တွဲထားရတာ ၁၄၀ လောက်ရှိတယ်။ တိုင်စာ ၅၁ စောင်ကိုတော့ တိုင်ကြားသူထံ ဆောင်ရွက်ချက် အကြံပြုချက် တွေနဲ့ ပြန်ကြားနိုင်ခဲ့ပါတယ်။ အမှုတွဲ ၇ စောင် ကိုတော့ ကာယကံရှင်များနဲ့ တိုက်ရိုက် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ ဘက်ကတော့ တိုင်ကြား စာတွေအပေါ် ရောက်ရှိလာတာနဲ့ ဖြစ်စဉ် မှန်မမှန်၊ ဥပဒေနဲ့ ညီမညီ၊ လုပ်ထုံးလုပ်နည်းမှား နေသလား စိစစ်မှုတွေ အရင်လုပ်တယ်။ပြီးရင် ကော်မတီရဲ့ စိစစ်တွေ့ရှိချက်တွေကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို တင်ပြပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ပေးပို့ပြီးတော့ သဘောထားမှတ်ချက် တောင်းခံပါတယ်။ ဆောင်ရွက်ထားမှု အခြေအနေတွေ တောင်းပါ တယ်။ ပြီးရင်ကာယကံရှင်ဆီကို ဆောင်ရွက် ထားမှုအခြေအနေနဲ့ အကြံပြုချက်တွေနဲ့ ပြန်လည်ပေးပို့ပါတယ်။ ကော်မတီအနေနဲ့ ကြားနာဖို့ လိုအပ်ရင်လည်း ခေါ်ယူကြားနာ၊ ကွင်းဆင်းဆောင်ရွက်ဖို့ လိုအပ်ရင်လည်း ဥက္ကဋ္ဌဆီ ခွင့်တောင်းပြီး ကွင်းဆင်းပြီး ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးပါတယ်။
မေး ။ ။ ကွင်းဆင်းဖြေရှင်း ဆောင်ရွက်မှုတွေ၊ ခေါ်ယူကြားနာမှုတွေနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။
ဖြေ ။ ။ ရှိပါတယ်။ မှတ်မှတ်ရရ ခြောက်လကျော် သပိတ်စခန်းဖွင့် ဆန္ဒပြမှု ဖြစ်နေတဲ့ ပုလိပ်မြို့ ပန်ဒါချည်မျှင် အချောကိုင် စက်ရုံကိစ္စဆိုရင် ကျွန်တော်တို့ ကော်မတီက သွားရောက် ညှိနှိုင်းဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ရန်ကုန်မှာလည်း သပိတ်မှောက်ဆန္ဒပြမှု လနဲ့ ချီကြာမြင့်နေတဲ့ အငြင်းပွားမှု သုံးခုလောက်ကို အောင်မြင်စွာစေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့ပါတယ်။ အချို့သော အငြင်းပွားမှုတွေဆိုလည်း မသွား ရောက်ရဘဲ သက်ဆိုင်ရာသမဂ္ဂတွေ အလုပ်ရှင် အလုပ်သမားတွေ တာဝန်ရှိသူတွေနဲ့ ချိတ် ဆက်အကြံပြု ညှိနှိုင်းပေးပြီး ပြေလည်သွားတာ ရှိပါတယ်။ နောက်ရန်ကုန်၊ မန္တလေးမှာရှိတဲ့ လူမှုဖူလုံရေး ဆေးခန်းတချို့ကို သွားရောက် လေ့လာထားတာ ရှိပါတယ်။ ခေါ်ယူကြားနာ တာကတော့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၂၀ က စုပေါင်းလက်မှတ်ထိုးပြီး ထိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ် သမားသံအရာရှိကို တိုင်ကြားမှုပါ။
ကော်မတီအနေနဲ့ ခေါ်ယူကြားနာပြီး တွေ့ရှိချက် သဘောထားမှတ်ချက်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌဆီ ပေးပို့တင်ပြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ကို အမှုတွဲပေးပို့လိုက် ပါတယ်။ အဂတိတိုက်ဖျက်ရေးကော်မရှင်က ဆက်လက် ဆောင်ရွက်ရာမှာ ပေါ်ပေါက်လို့ အခုအဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၆၃ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မေး ။ ။နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြား ပေးစေလိုပါတယ်။
ဖြေ ။ ။ လာမယ့်နှစ်မှာ ကိုယ့်နိုင်ငံသား လုပ်သားတွေ ဝန်ဆောင်ခကုန်ကျစရိတ် မပေးရတဲ့ zero payment စနစ်ကို ပိုမို ခံစားခွင့်ရလာအောင် ကြိုးစားကြည့်ပါ့မယ်။ ကျွန်တော်တို့ နိုင်ငံသားအများစု သွား ရောက်လုပ်ကိုင်နေတဲ့ ထိုင်းနဲ့ မလေးရှားမှာ zero payment စနစ်ကို လိုက်နာရတဲ့ စက်ရုံတွေ ရှိတယ်။ ဥပမာ အီလက်ထရွန်နစ်၊ လက်အိတ်၊ အထည်အလိပ် စသဖြင့် ပေါ့။ အဲဒီလို စက်ရုံမျိုးကို ကိုယ့်နိုင်ငံ သားလုပ်သားတွေ များများပို့နိုင်အောင် လုပ်ရမယ်၊ အရေအတွက် ရာခိုင်နှုန်းအား ဖြင့် နည်းသေးတယ်။ အခုကမရသေးတာ မဟုတ်ဘူး။ ရတယ်၊ ရတဲ့အေဂျင်စီအချို့က လောဘကြီးပြီး အလုပ်သမားတွေဆီက ငွေကောက်ခံတာတွေ ရှိတယ်။
ဟိုဘက်စက်ရုံကလည်း ယူတယ်။ ကျင့်ဝတ်မရှိဘူး။ နိုင်ငံသိက္ခာ ကျတယ်၊ မှန်မှန်ကန်ကန်လုပ်တဲ့ အေဂျင်စီတွေပါ အထင်သေးခံရတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံ သားတွေ အရေအတွက်များများ ခံစားခွင့်ရဖို့ နိုင်ငံတော်အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ဖို့ လည်း တိုက်တွန်းသွားမယ်၊ နည်းလမ်းရှာ မယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ လွှတ်တော်ရေးရာ ကော်မတီတွေအနေနဲ့ လွှတ်တော်ရဲ့ ဥပဒေပြုရေးလုပ်ငန်းတာဝန် တွေအပြင် ကော်မတီအနေနဲ့ ပြည်သူတွေရဲ့ တိုင်ကြားမှုတွေ အကူအညီတောင်းခံမှုတွေ အတွက်လည်း ဥပဒေနဲ့အညီ အကြံဉာဏ် ပေး၊ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး အကူ အညီလိုလို့ဖြစ်ဖြစ်၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဥပဒေအရ နိုင်ငံသားအခွင့်အရေး ပြည့်ပြည့်၀၀ မရခဲ့ရင် ဖြစ်ဖြစ်ကော်မတီကို လိပ်မူပြီး တိုင်ကြား နိုင်ပါတယ်။
ဒီလိုတိုင်ကြားတဲ့အခါမှာ ကော်မတီက လက်ခံရရှိတဲ့အကြောင်း အကြောင်းပြန် ကြားပေးသလို၊ ဆောင်ရွက်ပြီးစီးမှု အခြေ အနေကိုလည်း ပြန်လည်ပေးပို့ပေးပါတယ်။ လွှတ်တော်က ကော်မတီတွေကို ပြည်သူ တွေအနေနဲ့ အခက်အခဲရှိလာရင် ရင်းရင်း နှီးနှီးပွင့်ပွင့်လင်းလင်း ပေးပို့တင်ပြ ဆောင်ရွက်ကြပါ၊ တစ်နည်းအားဖြင့် လွှတ်တော်ရဲ့ ရေးရာကော်မတီတွေကို အသုံးချကြပါလို့ တိုက်တွန်းချင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - ရှင်မင်း၊ ဓာတ်ပုံ-ကေကေ