နေပြည်တော် မတ် ၂၄
Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၁,၀၀၀) ကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ နံနက်ပိုင်းတွင် လာရောက် လှူဒါန်းရာ Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ လက်ခံသည်။
လှူဒါန်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက COVID - 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် မြန်မာနိုင်ငံ သို့လည်း စတင်ဝင်ရောက်လာပြီဖြစ်ရာ ပြည်သူအားလုံးအတွက် အစိုးရနှင့်အတူ ပြည်သူ များ ကိုယ်တိုင် ပူးပေါင်းပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အခန်း(၁)၊ ပုဒ်မ ၂ (ခ) ၌ ဘေးအန္တရာယ်ဟု ဆိုရာတွင် သဘာဝ ဘေး၊ လူကြောင့်ဖြစ်သောဘေးများသာမက ကူးစက်ရောဂါဖြစ်ပွားခြင်း ကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများလည်း ပါဝင်ကြောင်း၊ သဘာဝဘေးကျရောက်စဉ်တွင် ပြည်သူများ လှူဒါန်းထား သောငွေများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ စာရင်းတွင် ထည့်သွင်းထားရှိပြီး ဘေးနှင့်ပတ်သက်၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရာတွင် အကျိုးရှိစွာအသုံးပြုလျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ပြည်သူ့ထံသို့ ပြည်သူများ လိုအပ်ချိန်တွင် သုံးစွဲနိုင်ရန် ပူးပေါင်းကူညီဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
(သတင်းစဉ်)