နေပြည်တော် မတ် ၂၄
ရန်ကုန်မြို့၌ မတ် ၁၄ ရက်တွင် ကျင်းပခဲ့သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် ထိခိုက်မှုရှိမည့် လုပ်ငန်းများတွင် ထိခိုက်မှုလျော့နည်း သက်သာ ရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်ပေး ရမည့်ကိစ္စများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေးအတွက် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆၂၂/၆၂၆)၊ ကုန်သည်လမ်း၊ လမ်း(၃၀)နှင့် ဗိုလ်ဆွန်ပက်လမ်းကြားရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (Myanmar International Trade Center) တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများ ပါဝင်သည့် Help Desk တစ်ခုကို မတ် ၂၃ ရက်မှစတင်၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဗဟိုဌာနတွင် ဖွင့်လှစ်ထားသည့် Help Desk အနေဖြင့် COVID-19 ကြောင့် ထိခိုက် မှုရှိမည့် လုပ်ငန်းများတွင် ထိခိုက်မှု လျော့နည်းသက်သာစေရေးအတွက် ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်းသို့ မြန်ဆန်သွက်လက်စွာ သယ်ယူ၍ စက်ရုံများ ဆောလျင်စွာ လည်ပတ်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စများ၊ အလုပ်သမားရေးရာဆိုင်ရာ ကိစ္စများ အပါအဝင် ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရမည့်ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။
COVID-19 ကြောင့် လုပ်ငန်းများတွင် ထိခိုက်မှု လျော့နည်းသက်သာရေးအတွက် လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများကို ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆၂၂/၆၂၆)၊ ကုန်သည်လမ်း၊ လမ်း(၃၀)နှင့် ဗိုလ်ဆွန်ပက်လမ်းကြားရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ Myanmar International Trade Center တွင် ဖွင့်လှစ်ထားသည့် Help Desk သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်၊ ၀၁-၃၈၅၃၂၃ နှင့် ၀၁-၃၈၅၃၃၁ သို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်လိပ်စာ mitcmyantrade@gmail.com သို့ဖြစ်စေ ဆက်သွယ် ချိတ်ဆက်၍ အကူအညီတောင်းခံနိုင်ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)