အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကျင်းပ
အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က အဆိုပါကော်မတီရုံး၌ ကျင်းပခဲ့ရာ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်း၊ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည်တို့ ပါဝင်ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။
ဦးဇော်မင်း။ ။ ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီဟာ ကော်မတီ
ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ အမြဲတမ်းကော်မတီ လေးခုထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ စကားဝိုင်းဆွေးနွေးပွဲမှာတော့ အကုန် မတက်ရောက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ကော်မတီဝင်တွေဟာ တခြားကော်မတီ တွေမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားရတာတွေလည်း ရှိပါတယ်။ ကော်မတီဖွဲ့စည်းမှုမှာလည်း ပါတီစုံကနေ ကိုယ်စားပြု ပါဝင်ကြပါတယ်။ တပ်မတော်သားကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စတဲ့ပါတီစုံက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စုပေါင်းပြီး ဖွဲ့စည်း ထားတဲ့ ကော်မတီတစ်ခု ဖြစ်ပါတယ်။
ကော်မတီဝင်အများစုက ဥပဒေပညာရှင်တွေပါ။ ကော်မတီဝင်တွေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ ဥပဒေပညာရှင်တွေ ဖြစ်ပြီးတော့ ကျွန်တော်တို့ကော်မတီဝန်ထမ်းတွေဟာလည်း ဥပဒေပညာနဲ့ဘွဲ့ရတဲ့ ဝန်ထမ်းတွေ များပါတယ်။ ဒါကြောင့် လုပ်ရကိုင်ရတာ အဆင်ပြေပါတယ်။ ဒါလေးကို ကနဦး ပြောပြချင်ပါတယ်။
ကျွန်တော်တို့ လွှတ်တော်သက်တမ်းမှာ ဥပဒေ ၁၂၆ ခု ပြဋ္ဌာန်းခဲ့ပြီးပါပြီ။ အရင် လွှတ်တော်သက်တမ်းမှာ ၂၃၂ ခု ပြဋ္ဌာန်းခဲ့ တယ်။ အခု လောလောဆယ် အများပြည်သူ သိရှိအောင် နိုင်ငံပိုင်သတင်းစာမှာ လူမွဲ ခံယူခြင်းဥပဒေကို ဖော်ပြခဲ့တာရှိတယ်။ ဒီဥပဒေဟာ ပုဒ်မ ၄၀၀ ကျော်ရှိပါတယ်။ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ကတော့ နောက်ဆုံးပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ထက်မှာ ဥပဒေ စုစုပေါင်း ၁၂၆ ခု ပြင်ဆင်တာ၊ ပယ်ဖျက်တာ၊ ပြဋ္ဌာန်းတာလုပ်ခဲ့ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအကုန်လုံးကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးထားပြီးဖြစ်ပါတယ်။ အရင် ၂၃၂ ခု ပြဋ္ဌာန်းခဲ့စဉ်မှာတော့ နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးခြင်း မပြုတဲ့ ဥပဒေ ၁၀ ခု လောက်ရှိတယ်လို့ သိရပါတယ်။ ဒါကတော့ ထူးခြားချက် တစ်ခုပါ။
ကော်မတီ လည်ပတ်ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဆက်ပြီး ဆွေးနွေးပြောကြားသွားမှာ ဖြစ်ပါတယ်။
ဒေါက်တာမြတ်ဉာဏစိုး။ ။ ကျွန်တော့်အနေနဲ့ ကော်မတီရဲ့ လုပ်ငန်းလည်ပတ်ပုံ၊ လုပ်ငန်း ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ကော်မတီဟာ ခုနက ဥက္ကဋ္ဌ ဆွေးနွေး ပြောပြသွားသလို ဥပဒေပညာရှင်တွေများပါတယ်။ ကျွန်တော်တို့ကော်မတီမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးနီးပါး ကိုယ်စားပြုပါဝင်ပါတယ်။ ကော်မတီဝင် ၁၅ ဦးမှာ အမျိုးသမီးကိုယ်စားလှယ် လေးဦးပါဝင်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်လည်း ပါဝင်ပါတယ်။ နောက်ပြီး ကော်မတီမှာ ပထမအကြိမ် လွှတ်တော်သက်တမ်းက ပါဝင်ခဲ့သူ လေးဦး ပါဝင်ပါတယ်။
ကော်မတီလုပ်ငန်း ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးပြောရရင် အရင်ဆုံးက ဥပဒေ ကြမ်းတင်သွင်းမှုပါ။ လုပ်ထုံးလုပ်နည်းအပိုင်း အနေနဲ့ ပြောရရင် လွှတ်တော်ကို ဥပဒေကြမ်း တင်သွင်းခွင့်ရှိတာ နှစ်မျိုး ရှိပါတယ်။ ပြည်သူ့ လွှတ်တော်မှာဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်၊ အမျိုးသား လွှတ်တော်မှာဆိုရင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ချင်းစီ ကနေ တင်သွင်းလို့ရပါတယ်။ နောက်တစ်ခုက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကနေလည်း တင်သွင်းခွင့်ရှိပါတယ်။ နောက်ပြီးတော့ လွှတ်တော်တွေမှာဖွဲ့စည်းထားတဲ့ ရေးရာ ကော်မတီတွေ ကနေလည်း တင်သွင်းခွင့်ရှိပတယ်။ ဥပဒေကြမ်းတွေကို လွှတ်တော်ကို တင်သွင်းလာပြီဆိုရင် ကျွန်တော်တို့ကော်မတီ အနေနဲ့ လွှတ်တော်ကို အစီရင်ခံတင်ပြရ ပါတယ်။
အစီရင်ခံတင်ပြတဲ့ အချက်ထဲမှာ ဘယ်လိုအချက်တွေက ပြည့်စုံမှုရှိတယ်၊ ဘယ်လိုအချက်တွေ လိုနေသေးတယ် ဆိုတာတွေကို ဖော်ပြရပါတယ်။ ဆိုလိုချင် တာကတော့ ဘယ်အချက်က ပိုရင်လည်း ပိုနေတယ်၊ ဘယ်အချက်က လိုနေရင် လိုနေတယ်ဆိုတာကို အစီရင်ခံတင်ပြရပါတယ်။ ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ အသုံးအနှုန်းတွေကိုလည်း ပြင်ဆင် ဖြည့်စွက်သင့်တာတွေကို တင်ပြရပါတယ်။ အဲဒီမှာတော့ နှစ်ပိုင်းပါ။ တစ်ခုက အကြောင်းအရာအပိုင်း ဖြစ်ပြီးတော့ တစ်ခုကရေးထုံးပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့ လွှတ်တော်ကိုယ်စား လှယ်တွေက လွှတ်တော်မှာ ဆွေးနွေး ကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ်မှာလည်း လွှတ်တော် ဥက္ကဋ္ဌရဲ့ တာဝန်ပေးအပ်ချက်အရ ကျွန်တော်တို့ကော်မတီက ပြန်လည် ကြားနာတဲ့ အစည်းအဝေးတွေလုပ်ပါ တယ်။ ကြားနာအတည်ပြုပြီးရင်တော့ လွှတ်တော်အဆုံးအဖြတ် ရယူပါတယ်။ အဆုံးအဖြတ် ရယူပြီးရင်တော့ ပြည်သူ့ လွှတ်တော်ကို ဆက်လက်ပေးပို့ရပါတယ်။
ဒီနေရာမှာ တစ်ခုရှင်းပြချင်တာက သက်ဆိုင်ရာ ဥပဒေအလိုက် ပါဝင်ပတ်သက် သူ အားလုံးကို ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဖိတ်ခေါ်ဆွေးနွေးတာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် ငါးမွေးမြူရေး ဥပဒေကို ဆွေးနွေးမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီး ဌာနတွေ၊ သက်ဆိုင်ရာ လွှတ်တော် ကော်မတီ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ Stakeholder အားလုံးကို တွေ့ဆုံ ဆွေးနွေးပြီး အကြံဉာဏ်ရယူ ဆွေးနွေးတာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်မှသာလျှင် ဥပဒေက ပြည်စုံမှာပါ။ ဥပဒေတစ်ခုမှာ အရေးအကြီး ဆုံးက သုံးချက် ရှိပါတယ်။ တစ်ခုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်အထောက် အပံ့ပေးနိုင်သလဲဆိုတဲ့ အချက်ပါ။ နောက် တစ်ခုက ပြည်သူတွေရဲ့ လူနေမှုဘ၀၊ လူမှု စီးပွားနဲ့ ပြည်သူတွေကို ဘယ်လောက် အကာအကွယ်ပေးနိုင်သလဲဆိုတဲ့ အချက်ပါ။ တတိယအရေးကြီးတဲ့ အချက်ကတော့ ကျွန်တော်တို့ ပြဋ္ဌာန်းတဲ့ဥပဒေဟာ အတည်ဖြစ်သွားရင် ဘယ်လိုစီမံခန့်ခွဲ မလဲဆိုတဲ့ Implementation အပိုင်းပါ။
လွှတ်တော်က ဥပဒေပြုတဲ့အပိုင်းကို ဆောင်ရွက်ပေးတာပါ။ အုပ်ချုပ်ရေးအပိုင်း ကတော့ အကောင်အထည်ဖော်တဲ့ အပိုင်း ကို တာဝန်ယူရတာပါ။ ဒီလို အကောင် အထည်ဖော်ဆောင်ရွက်တဲ့အခါ ဝန်ကြီး ဌာနတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း တွေအနေနဲ့ လက်တွေ့မှာ ကျင့်သုံးနိုင်မှု ရှိ မရှိ အပိုင်းကိုလည်း လေ့လာစိစစ်ရပါတယ်။ ဘယ်လို လေ့လာစိစစ်ရတယ်ဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ ကော်မတီဝင်ဖြစ်တဲ့ ဦးစိုးမိုးက ဆက်လက်ဆွေးနွေးသွား မှာဖြစ်ပါတယ်။
ဦးစိုးမိုး။ ။ ကျွန်တော်တို့ ကော်မတီ အနေနဲ့ လေ့လာစိစစ်
နိုင်ဖို့ အတွက် ကော်မတီကို အထောက်အကူ ပြုဖို့ ရုံးအဖွဲ့တွေ ဖွဲ့စည်းထားတာရှိပါတယ်။ ကော်မတီမှာ ဥပဒေကြမ်းကော်မတီဌာနနဲ့ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဌာနဆိုတာ ရှိပါတယ်။ အဲဒီဌာန နှစ်ခုလုံးကို ညွှန်ကြား ရေးမှူး နှစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူး နှစ် ဦးနဲ့အတူ လက်ထောက်ညွှန်ကြားရေးမှူး များ၊ ဦးစီး အရာရှိများအစရှိတဲ့ ဥပဒေဘွဲ့ရ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၃၁ ဦးက အထောက်အပံ့ပြု ဆောင်ရွက်ပေးနေပါ တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကော်မတီကနေတစ်ဆင့် အမျိုးသား လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကို ပို့ပါ တယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ပါတယ်။ အတည်ပြုလိုက်တဲ့ ဥပဒေ တွေကို သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ကိုင်တွယ်ပြီး ဆောင်ရွက်ရတာပါ။ အဲဒီလို ကိုင်တွယ်ဆောင်ရွက်ရာမှာ ဥပဒေရေးဆွဲ စဉ်ကတည်းက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုတွေ ထိရောက်အောင်၊ ဥပဒေ ရဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာပါဝင် ပတ်သက်တဲ့သူ အားလုံးနဲ့ဆွေးနွေးပါတယ်။ ဥပဒေရဲ့စည်းနှောင်မှု အားကောင်းစေဖို့ အတွက် ဂရုပြုဆွေးနွေးရတာ ဖြစ်ပါတယ်။
နောက်တစ်ခုကဥပဒေကြမ်းပြုစုရာမှာ မူဝါဒ ၁၃ ချက်နဲ့ ကိုက်ညီအောင် ရေးဆွဲရပါတယ်။ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှုရှိရဲ့လား၊ အကောင်အထည်ဖော်တဲ့အခါ ဝန်ကြီးဌာနတွေ လုပ်ငန်းထပ်နေမလား၊ ဒါတွေကို စိစစ်ရပါတယ်။ လွှတ်တော်မှာ ကိုယ်စားလှယ်တွေ မဆွေးနွေးခင် ကတည်းက ဒါတွေကို အရင်စိစစ်ရပါတယ်။ ပြီးတော့မှ လွှတ်တော်ကို အစီရင်ခံတင်ပြပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး ဝိုင်းဝန်းဆောင်ရွက်ရတာပါ။
ကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို ကော်မတီဝင် ဒေါ်အုန်းကြည်က ဆက်လက် ဆွေးနွေးပါလိမ့်မယ်။
ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်။ ။ ကျွန် မ တို့ ကော် မတီ
အနေနဲ့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် သက်ဆိုင်ရာ ဥပဒေတွေကို စိစစ်ဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါလေးကို ဆွေးနွေးလိုပါတယ်။ လွှတ်တော်ကနေ သက်ကြီးရွယ်အို တွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံတကာ ဥပဒေတွေလို အသက်၁၈နှစ်အောက်ကို လူငယ်လို့ သတ်မှတ် နိုင်ဖို့အတွက် ပြင်ဆင်ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အိမ်ထောင်ပြုခွင့် ရှိတဲ့အရွယ်ကို ပြင်ဆင်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်ခဲ့တာလည်း ရှိပါတယ်။ နိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူပြု နိုင်ဖို့ အမျိုးသားနဲ့ အမျိုးသမီး အိမ်ထောင်ပြုတဲ့ အသက်အရွယ်ကို အသက် ၁၈ နှစ်ပြည့် ပြီးဖြစ်ရမယ်လို့ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ နောက်တစ်ခုက အမျိုးသားနဲ့ အမျိုးသမီး ကွဲကွာသွားခဲ့ပြီး ကလေးရှိတဲ့အခါ အမျိုးသားကနေ တစ်လ ငွေကျပ် ၅၀၀၀၀ ထောက်ပံ့ရမယ် လို့ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတာလည်း ရှိပါတယ်။ အခု ကျွန်မတို့ အမျိုးသမီးတွေအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေကြမ်းက အမျိုးသား လွှတ်တော်ကို ပြီးခဲ့တဲ့အပတ်က ရောက်ရှိလာပါပြီ။ အဲဒီ ဥပဒေကြမ်းအတွက် ကျွန်မတို့ ကော်မတီက ဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေး ပြီးပါပြီ။ ကျွန်မတို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးဇော်မင်း။ ။ ကျွန်တော်တို့ ကော်မတီ အနေနဲ့ ဥပဒေကြမ်းတွေ
စတင်ဖြစ်ပေါ်လာဖို့ ဆောင်ရွက်တဲ့အခါ ပထမဆုံး လုပ်ငန်းတစ်ခုက သတင်းစာတွေမှာ ဒီဥပဒေကြမ်းတွေကို အများပြည်သူသိရှိ အောင် ကြေညာရပါတယ်။ ဒီလို ထည့်သွင်း ကြေညာပြီးတော့ စိတ်ဝင်စားတဲ့ပြည်သူ မည်သူမဆို ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးလို့ရပါတယ်။ ဒီလို အကြံဉာဏ် ပေးရာမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ ဒါမှမဟုတ် ကျွန်တော်တို့ ကော်မတီထံ လိပ်မူ ပေးပို့လို့ရပါတယ်။ အဲဒီလို ကြေညာပြီးရင် ပြည်သူတွေထံက တစ်ဦးချင်းအလိုက်၊ အဖွဲ့ အစည်းအလိုက် အကြံဉာဏ်တွေပေးတာ တွေရှိပါတယ်။ အဲဒီလို ပေးလာတဲ့ အကြံဉာဏ် ပေးမှုတွေအပေါ် ပါဝင်ဆွေးနွေးသင့်တဲ့သူကို ထပ်ပြီးစိစစ်ရပါတယ်။ အဲဒီလို စိစစ်ပြီး ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်အရ ဖိတ်ခေါ်ပြီးတော့ ကြားနာရပါတယ်။
ဆိုလိုချင်တာက ဥပဒေကြမ်းတစ်ခု အတွက် စိတ်ဝင်စားတဲ့ ပြည်သူ မည်သူမဆို အကြံပေးမှုတွေကို အမြဲတမ်းကြိုဆိုပြီး ညှိနှိုင်း ဆွေးနွေးခဲ့တယ်ဆိုတာကို ရှင်းပြလိုပါတယ်။ ဥပဒေကြမ်း တစ်ခုကို အသားလွှတ်တော် မှာ စပြီး ဆွေးနွေးပြီဆိုရင် အနည်းဆုံး နှစ်ကြိမ်လောက် ဆွေးနွေးရပါတယ်။ ဥပဒေကြမ်းကော်မတီနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန ဆွေးနွေးတယ်။ နောက် တစ်ကြိမ်မှာ ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေး ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင် ပြီးတော့ ဆွေးနွေးတယ်။ အဲဒီလိုပဲ ပြည်သူ့ လွှတ်တော်မှာလည်း ဒီလိုနည်းအတိုင်းပါ ပဲ။ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ သူများရင် ဆွေးနွေးရတဲ့ အစည်းအဝေး အကြိမ်အရေအတွက်ကလည်း များပါ တယ်။
အဲဒီတော့ ကျွန်တော်ဆိုလိုချင်တာက ဥပဒေတစ်ခု ဖြစ်မြောက်ဖို့အတွက် အဆင့်ဆင့် စိစစ်တယ်ဆိုတဲ့ အကြောင်းပါ။ ဒီလို အဆင့်ဆင့်စိစစ်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် တို့ရဲ့ ဆွေးနွေးချက်တွေ ကွဲလွဲမှုရှိရင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ပြန်ပြီး ဆွေးနွေးရပါသေးတယ်။ အဲဒီလိုဆွေးနွေးပြီးမှ နိုင်ငံတော်သမ္မတထံ ပေးပို့ပါတယ်။ နိုင်ငံတော်သမ္မတထံကနေ သဘောထား မှတ်ချက်နဲ့ ပြန်လာတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဒီလို သဘောထားမှတ်ချက်တွေ ပါတဲ့ ပုဒ်မတွေကို ဥပဒေကြမ်းပူးပေါင်း ကော်မတီက လေ့လာပြီး နိုင်ငံတော်သမ္မတကြီးရဲ့ သဘောထားမှတ်ချက်အတိုင်း ပြင်ဆင်တာရှိသလို ပြည်ထောင်စု လွှတ်တော်ရဲ့သဘောထားအတိုင်း ရပ်တည် တာလည်းရှိတယ်။ ဥပဒေကြမ်းတစ်ခု ကနေ ဥပဒေတစ်ခုအဖြစ် ဖြစ်လာဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါတယ်ဆိုတာ ပြည်သူများကို ရှင်းလင်းတင်ပြ လိုပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
တွေ့ဆုံမေးမြန်း-ရှင်မင်း၊ ဓာတ်ပုံ-ကေကေ
(၂၀၂၀ ပြည့်နှစ်၊ မတ် ၂၅)