နေပြည်တော် မတ် ၂၄
နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာ၀န် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့၀န်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း သွားလာရေး အဆင်ပြေစေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနအောက်ရှိ နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်ခုကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် MAN/Volvo Express Busအမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန်(အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၅၀၀၀ ဖြင့်လည်းကောင်း၊ Hyundai City Bus အမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၁၀၀၀ ဖြင့် လည်း ကောင်း စုစုပေါင်း ယာဉ် ၁၀ စီး လူ ၄၀၀ အတွက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဉ်စီးခနှင့် လက်မှတ် များကို ဧပြီ ၂ ရက်မှ ၆ ရက်အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော် မြို့မဈေး က.ပ.ရ (ဂိတ်)တွင် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
နေပြည်တော်မှ ရန်ကုန်သို့ စတင်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၉ ရက် ညနေ ၆ နာရီဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၁၉ ရက် ညနေ ၆ နာရီဖြစ် သည်။
အဆိုပါခရီးစဉ်တွင် မော်တော်ယာဉ်စီးနင်း ခွင့်လက်မှတ်ရောင်းချပေးနိုင်မည့် အရေအတွက် ထက် ခရီးသွား၀န်ထမ်း ပိုမိုများပြားနေ ပါက ၀န်ကြီးဌာနအလိုက် အချိုးချကန့်သတ် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။
“ကျွန်တော်တို့ ဌာနအနေနဲ့ ဒီနှစ်မှလုပ်တာ မဟုတ်ပါဘူး။ နှစ်စဉ်သင်္ကြန်ကာလရုံးပိတ်ရက်နဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင် အခါကြီးရက်ကြီး ရုံးပိတ်ရက်ရှည်တိုင်းမှာ ဒီလိုဆောင်ရွက်ပေးတာ ဒီနှစ်နဲ့ဆိုရင် လေးနှစ်ရှိပါပြီ။ အမှန်ကတော့ ဒီကား တွေက ပိုလို့တော့မဟုတ်ပါဘူး။ တခြားဌာနခွဲက လိုင်းတွေကို လျှော့လိုက်ပြီးတော့မှ ကျွန်တော်တို့ ၀န်ထမ်းတွေ သွားရေးလာရေး လွယ်ကူအောင် ဆိုပြီးတော့ စီစဉ်ပေးတာဖြစ်ပါတယ်”ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးဌာန(ရုံးချုပ်)မှ ဌာနမှူး လက်ထောက်အထွေထွေမန်နေဂျာ ဦးအေး၀င်းက ပြောသည်။
အဆိုပါ ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ပြေးဆွဲ ပေးသည့် နိုင်ငံ့၀န်ထမ်းများအတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း မောင်းနှင်၍ ရန်ကုန်ဘူတာ ကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယ လမ်းကြောင်းအဖြစ် အမှတ် (၃) လမ်းမကြီးမှ မောင်းနှင်၍ အောင်မင်္ဂလာ အဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းတို့မှတစ်ဆင့် ရန်ကုန် ဘူတာကြီးတွင် ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။
ကိုပေါက်(ဥက္ကာမြေ)