Skip to main content

သင်္ကြန်ရင်ခုန်သံ”စကားဝိုင်းဆွေးနွေးပွဲ MRTV တွင် စတင်ရိုက်ကူး

ရန်ကုန် မတ် ၂၄

“သင်္ကြန်ရင်ခုန်သံ” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုတွင် စတင်ရိုက်ကူးသည်။

မကြာမီရောက်ရှိတော့မည့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်း ထားချိန်တွင် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကိုထင်ဟပ်စေသည့် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်း ဆွေးနွေးပွဲများကို ရုပ်မြင်သံကြားနှင့် အင်တာနက်တို့မှတစ်ဆင့် ထုတ်လွှင့်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်အစည်း အရုံး၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံပိုင်ရှင်များနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ(FDC)တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ထိုသို့ စီစဉ်ရိုက်ကူးခြင်းဖြစ်သည်။

ယနေ့ရိုက်ကူးမှုတွင် “သင်္ကြန်မိုး”ဇာတ်ကား ထုတ်လုပ်ခဲ့သည့် “ရီမြင့်”ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဇော်မြင့်၊ ရိုက်ကွင်း မန်နေဂျာ ဆောင်ရွက်ခဲ့သူ အကယ်ဒမီစင်ရော်မောင်မောင်၊ သရုပ်ဆောင် အကယ်ဒမီနေအောင်နှင့် ဇာတ်ဝင်တေး သီချင်းသီဆိုသူ ဦးသန်းမြတ်စိုးတို့က ယင်းရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့ရသည့် အကြောင်းရင်း၊ ရိုက်ကူးရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့မှုများ၊ ဇာတ်ဝင်တေး သီချင်းရွေးချယ်ခဲ့ပုံ၊ သီဆိုတီးခတ်မှုများ၊ သရုပ်ဆောင်ခဲ့မှုများ၊ ဇာတ်ကားရိုက်ကူး စဉ် တွေ့ကြုံခဲ့ရသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ “သင်္ကြန်ရင်ခုန်သံ”စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို သင်္ကြန်ပုံရိပ် ပေါ်လွင်ထင်ဟပ်စေသည့် ရုပ်ရှင် ဇာတ်ကားများအား စိစစ်ရွေးချယ်ပြီး ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်များကို သင်္ကြန် ကာလအတွင်း MRTV မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(FDC)