Skip to main content

ဂျပန်နိုင်ငံအစိုးရမှ မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အီစူဇူ အမှိုက်သိမ်းကား သုံးစီး ထောက်ပံ့ပေးအပ်မည်

ရန်ကုန် မတ် ၂၄

ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ မန္တလေးမြို့တော် အမှိုက်သိမ်းစနစ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမေရိကန်ဒေါ်လာ ၁၈၇၅၀၀ တန်ဖိုးရှိ အီစူဇူ အမှိုက်သိမ်း ကားသုံးစီး ထောက်ပံ့ပေးရေး သဘော တူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန် မြို့ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးတွင် ကျင်းပသည်။

မန္တလေးမြို့တော် အမှိုက်သိမ်း စနစ် တိုးတက်ရေးအတွက် အထောက် အပံ့ပေးရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိရော့မာရုယာမနှင့် မန္တလေးမြို့ ဒုတိယမြို့တော်ဝန် ဦးရဲမွန်တို့က လက်မှတ်ရေးထိုး ကြသည်။

လက်မှတ်ရေးထိုးပွဲတွင် ဂျပန် သံအမတ်ကြီး မစ္စတာအိချိရော့ မာရု ယာမ က “မန္တလေးဟာ မြန်မာနိုင်ငံ မှာ သမိုင်းရှိတဲ့မြို့ ဖြစ်ပါတယ်။ မန္တလေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက် ဖို့ အရေးကြီးတဲ့ မြို့တော်ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အကူအညီပေး နိုင်ဖို့ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ပါမယ်” ဟု ပြောသည်။

မန္တလေးမြို့သည် “မန္တလေးမြို့ တော် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၇-၂၀၃၀)” အရ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု တိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည်။ မြို့ပြလူဦးရေ တိုးပွား လာသည်နှင့်အမျှ စွန့်ပစ်ပစ္စည်းများ၏ ပမာဏသည်လည်း တစ်နှစ်ထက် တစ်နှစ် သိသိသာသာ မြင့်တက်လာ သည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့တော်တစ်ဝန်းတွင် အမှိုက်သိမ်း ဝန်ဆောင်မှုလုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်ပေးရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အသုံးပြုရန် အီစူဇူ အမှိုက်သိမ်း ကားသုံးစီးကို လှူဒါန်းပေးရန် ဂျပန်သံရုံးအား မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

အီစူဇူ အမှိုက်သိမ်းကားများ ပေးသွင်းသည့် Mitsubishi Corpo- ration နှင့် MSP Motors Limited တို့ သည် အမှိုက်သိမ်းကားမောင်းနှင်မည့် ယာဉ်မောင်းများနှင့် အကူဝန်ထမ်းများကို နည်းပညာဆိုင်ရာ သင်ကြားပြသပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က “မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဟာ မြို့နယ် ခြောက်မြို့နယ်နဲ့ ဖွဲ့စည်းထားတာဖြစ် ပါတယ်။ ဖွဲ့စည်းထားတဲ့ ခြောက်မြို့ နယ်ထဲမှာ ဖွံ့ဖြိုးမှုနည်းနေတဲ့ မြို့နယ် နှစ်မြို့နယ်ဖြစ်တဲ့ အမရပူရနဲ့ ပြည်ကြီး တံခွန်မြို့နယ်တွေကို ရည်ရွယ်ပြီး လှူဒါန်းတဲ့ အမှိုက်ကား သုံးစီးဟာ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ပေး တယ်လို့ ခံယူပါတယ်” ဟုပြောသည်။

မြို့နယ် ခြောက်မြို့နယ်နှင့် ဖွဲ့စည်းထားသည့် မန္တလေးမြို့တော်သည် တစ်ရက်ကို အမှိုက်တန်ချိန် ၁၀၀၀ ကျော်ထွက်ရှိ ကြောင်း မန္တလေး မြို့ ဒုတိယမြို့တော်ဝန်ထံမှသိရသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ တွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်းပေါင်း ၉၃၂ ခု ကိုထောက်ပံ့ပေးခဲ့ပြီး ပညာရေး ထောက်ပံ့ရေး စီမံကိန်းပေါင်း ၄၉၃ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း ၂၀၁ ခု၊ လူမှုဖူလုံရေးနှင့် ပတ်ဝန်းကျင် စီမံ ကိန်းပေါင်း ၁၄၁ ခု၊ အခြေခံအဆောက် အဦစီမံကိန်းပေါင်း ၆၁ ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း ၃၆ ခုတို့ကို မြန်မာပြည်သူ ပြည်သား များ၏နေထိုင်မှု အဆင့်မြှင့်တင်မှု အတွက်ရည်ရွယ်၍ ထောက်ပံ့ခဲ့ပြီး အဆိုပါ အထောက်အပံ့များသည် လက်ရှိ ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာစေလိမ့်မည်ဟု မျှော်လင့် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။


သတင်း - ညွန့်ကိုကို

ဓာတ်ပုံ - ဖိုးထောင်