ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်သို့ ပျံ့နှံ့ရောက်ရှိနေပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၆၀၀၀ ကျော်လာပြီဖြစ်သည့် မျောက်ကျောက် (Monkeypox) ရောဂါကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပြီဖြစ်သည်။ ကမ္ဘာ့တစ်နေရာမှ တစ်နေရာသို့ အလွန်လွယ်ကူလျင်မြန်စွာ နေ့ချင်းသွားလာနိုင်သည့် ယနေ့ခေတ်တွင် ကူးစက်ရောဂါများသည်လည်း အလွန်ဝေးကွာသည့် ကမ္ဘာ့တစ်နေရာမှသည် မိမိအိမ်တံခါးဝရှေ့သို့ အချိန်မရွေးရောက်ရှိလာနိုင်သည်ဟု သတိပြုရမည်ဖြစ်သည်။ မျောက်ကျောက်ကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ချိန်တွင် ၎င်းရောဂါသည် မိမိတို့အိမ်နီးချင်း နိုင်ငံအချို့နှင့် ဒေသတွင်းနိုင်ငံအချို့တို့တွင် စတင်တွေ့ရှိရသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသည့် မျောက်ကျောက်ရောဂါသည် ယမန်နှစ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကူးစက်မှု ၁၂၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ် မေလ ၁ ရက်နေ့အထိ ရောဂါကြောင့် သေဆုံးသူ ၅၇ ဦးရှိခဲ့သည်ဟုဆိုသည်။ မျောက်ကျောက်ရောဂါကူးစက်ခံရပါက တစ်ပတ်မှနှစ်ပတ်အတွင်း ရောဂါလက္ခဏာများပြသကြောင်း၊ ကနဦးရောဂါလက္ခဏာများမှာ တုပ်ကွေးရောဂါများကဲ့သို့ ဖျားနာ၊ ခေါင်းကိုက်၊ ကြွက်သားများ နာကျင်ကိုက်ခဲ၊ ခါးနာ၊ အကျိတ်ရောင်၊ ချမ်းတုန်၊ မောပန်း လက္ခဏာများ ဖြစ်ပေါ်ကြောင်း၊ နောက် အဖျားဆက်ရှိနေကာ အင်ပြင်၊ အဖုအပိမ့်များ မျက်နှာ တွင် စပေါ်လာပြီးမှ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ဆက်လက်ကူးစက်သွားကြောင်း၊ အဖုအပိမ့်များသည် ပြည်ဖုများ အဖြစ်သို့ ပြောင်းသွားပြီး ပြည်ဖုများ ခြောက်သွားသည့်အခါ အနာဖေးများ တက်လာကြောင်း၊ ရောဂါဖြစ်ပွားမှုကို နှစ်ပတ်မှ လေးပတ်ခန့်အထိ ခံစားရကြောင်း သိရသည်။
မျောက်ကျောက်ရောဂါသည် ကိုင်တွယ်ထိတွေ့မှုမှလည်းကောင်း၊ အသက်ရှူလမ်းကြောင်းမှ လည်းကောင်း ကူးစက်နိုင်သည့် ရောဂါဖြစ်သည်။ ရောဂါရှိနေသည့် တိရစ္ဆာန် သို့မဟုတ် လူတို့ အသုံးပြုထားသည့် နေရာ၊ အသုံးအဆောင် ပစ္စည်းများကို ကိုင်တွယ်ထိတွေ့မိခြင်း၊ ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်သည်။ သို့ဖြစ်ရာ ရောဂါကူးစက်ခံထားရသည်ဟု သံသယဖြစ်ဖွယ် တိရစ္ဆာန်သို့မဟုတ် လူတို့ကို သီးခြားခွဲထားရန် လိုအပ်သည်။ ထို့အပြင်တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ကြ ရန်၊ ရောဂါပိုးရှိသည့် လူ သို့မဟုတ် တိရစ္ဆာန်တို့ကို ကိုင်တွယ် ထိတွေ့ပြီးပါက လက်ကိုရေနှင့် ဆပ်ပြာတို့ဖြင့်စင်ကြယ်စွာ ဆေးကြောရန် အကြံပြုထားသည်။ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးရာမှ ထွက်ပေါ်လာသည့် အမှုန်အမွှားများနှင့် ဗိုင်းရပ်စ်ပိုးများသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်းတို့ဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ဗီဇပြောင်း မျိုးကွဲ သစ်များအဖြစ်နှင့် ဆက်လက်ကူးစက် ပြန့်ပွားနေချိန်ဖြစ်ပြီး မျောက်ကျောက်ရောဂါကပါ နောက်ထပ်ကမ္ဘာ့အရေးပေါ် အခြေအနေ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ လူတိုင်းကူးစက်ရောဂါများမှ ရှောင်ရှားနိုင်ရေး သတိပြုနေထိုင်သွားလာကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး စည်းမျဉ်း စည်းကမ်းများကို ဆက်လက်ကျင့်သုံး နေထိုင်ခြင်းဖြင့် မျောက်ကျောက်ရောဂါကိုပါ ကာကွယ်နိုင်မည်ဖြစ်ရာ အပြင်ထွက် တိုင်း ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ မကြာမကြာ လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်နေထိုင်ခြင်းဖြင့် ကူးစက်ရောဂါများမှ ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။