“မိမိတို့နိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်နေ ပြည်သူများ၏ လူနေမှုစနစ်များမှာ အခြားနိုင်ငံများထက် နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များရှိခြင်းကြောင့်သာ လူနေမှုစနစ်များ နိမ့်ကျနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၂)တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းများ လုပ်ကိုင်ကြသည်။ ရှေးယခင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမှာ နိမ့်ကျခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ယခုအခါ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမှာ ယခင်ကထက် မြင့်မားတိုးတက်လာသည်ဆိုသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေကြောင်း တွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြင့်မား တိုးတက်လာရေးအတွက် တွန်းအားပေးမှာကြားလျက်ရှိသည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးလာရေးတွင် ပညာသည် အခြေခံကျသည့်အချက် ဖြစ်သည်။ ပညာတတ်မှ မိမိဒေသဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျေးလက်နေ ပြည်သူများ၏ ပညာတတ်မြောက်မှုအခြေအနေသည် မြို့ပြထက် နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ပညာရေးတွင် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့်သာ တတ်မြောက်ကြသည်။ လူနည်းစုသည် အထက်တန်းနှင့် အဆင့်မြင့်ပညာတတ်မြောက်ကြပြီး များသောအားဖြင့် မြို့ပေါ်တွင်နေထိုင်ကြသည်။ ထို့ကြောင့် ကျေးလက်တွင် လူသားအရင်းအမြစ်များ များပြားသော်လည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ လုပ်ကိုင် ရာတွင် Skill Labour နည်းပါးနေကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အထက်တန်းပညာသင်ကြားရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်အောင် ကြိုးပမ်းနေကြောင်း အသိပေးထားသည်။
ယခုအခါ အလယ်တန်းပညာအောက်သာ တတ်မြောက်မှုများသည့် ကျေးလက်ဒေသများနှင့် ပြည်နယ်များအား ပညာရေးမြှင့်တင်ပေးနိုင်ရန်အတွက် အထူးဦးစားပေးဆောင်ရွက်နေသည်။ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း မူလတန်းပညာ မသင်မနေရသတ်မှတ်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် kg+9 ၉ တန်း၊ အလယ်တန်းပညာ ပြီးဆုံးသည်အထိ မသင်မနေရ အခမဲ့ပညာရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် နိုင်လျှင် ကျေးလက်ဒေသများတွင် Skill Labour ဖြစ်နိုင်သောသူများ၊ အထိုက်အလျောက် ပညာတတ်သူများ ပေါများလာမည်ဖြစ်သည်။ ၎င်းတို့အား စီးပွားရေးကို အထောက် အကူပြုသည့် ပညာတတ်များဖြစ်လာအောင် လေ့ကျင့်မွေးထုတ်ပေးရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပြီး ပထမအဆင့်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုတွဲဖွင့်သည့် အထက်တန်း ကျောင်းပေါင်း ၅၀ ဖွင့်လှစ်နိုင်ရန် လျာထားစီစဉ်နေပြီဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် လိုအပ်သော ဆရာများအား သက်ဆိုင်ရာတက္ကသိုလ်၊ သိပ္ပံကျောင်းဆင်းများကို ရွေးချယ်လျက်ရှိပြီး အကူဆရာများအနေဖြင့် သက်ဆိုင်ရာဌာနများမှ တွဲဖက်သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါကျောင်းများမှ စိုက်ပျိုးမွေးမြူရေးဘာသာရပ်ဆိုင်ရာ Skill Labour များကို မွေးထုတ်ပေးနိုင်လျှင် ကျေးလက်ဒေသလူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက လူသားအရင်းအမြစ်များကို ဖန်တီးပေးမည့်အပြင် ကုန်ထုတ်လုပ်ငန်းများအတွက် သွင်းအားစုများ၊ အထောက်အပံ့များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပုဂ္ဂလိကကဏ္ဍမှလည်း တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် အနာဂတ်ကာလတွင် ကျေးလက်လူမှုစီးပွား မြင့်မားတိုးတက်လာမည်မှာ သေချာသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ချောမွေ့ခိုင်မာလာရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိနေချိန်တွင် တစ်ဖက်တွင် ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာအောင် အဘက်ဘက်တွင် လစ်ဟာမှုမရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။