အခုလည်း တရားဝင်နိုင်ငံတော်က ကြေညာထားပြီးပြီဖြစ်တဲ့အတွက်ကြောင့် ပွဲအကြီးပဲဖြစ်ဖြစ်၊ ပွဲအသေးပဲဖြစ်ဖြစ် ခဏလောက်တော့ အောင့်အည်းသည်းခံပြီးတော့ ပယ်ဖျက်ပေးစေချင်တယ် (တေးသံရှင် ဖြူဖြူကျော်သိန်း)
COVID-19 ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို မတ် ၂၂ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး၊ စာရေးဆရာ လင်္ကာရည်ကျော် (ဒေါက်တာရဲမြင့်ကျော်၊ ပါမောက္ခ၊ ဌာနမှူး၊ ကလေးဆေးရုံကြီး- ရန်ကုန်)၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် မြန်မာ့ ဇာတ်သဘင်မှ မင်းသားဖိုးချစ်တို့က ပါဝင်ဆွေးနွေး ခဲ့ကြသည်။
COVID-19 အသိပညာပေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များကို ဖော်ပြအပ်ပါသည် -
မတ် ၂၄ ရက်မှအဆက်
ဒေါက်တာခင်မောင်လွင်
ဒီစိန်ခေါ်မှုကလည်း မမျှော်လင့်ဘဲနဲ့ အလွန်ကြီးမားတဲ့စိန်ခေါ်မှု၊ ကြုံတွေ့ရခဲတဲ့ စိန်ခေါ်မှုပေါ့။ ဒါပေမယ့် ဒီနိုင်ငံသားတွေအနေနဲ့ကတော့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဇာတ်သဘင်ရဲ့ အနုပညာရပ် မပျောက်အောင် တစ်နည်းနည်းနဲ့တော့ ဝိုင်းပြီးခေါင်းပူအောင် ကြံဆရမယ့်အပိုင်း ပါလာတယ်။ ဒါဒီဗိုင်းရပ်စ်ကနေပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ တီထွင်ဖန်တီးမှုကိုလည်း ကိုဖိုးချစ်တို့ စဉ်းစားပေးဖို့ လိုလိမ့်မယ်။ ဒါ့အပြင် နောက်ထပ်မေးချင်တာလေးတစ်ခု ရှိသေးတယ်။ လူအုပ် မဖြစ်အောင် လုပ်တာ မှန်သော်လည်းပဲ တောင်သို့လှည့်လည် သဘင်သည်ဆိုသလို လှည့်လည်ပြီးတော့ သွားနေရတဲ့ သဘင်သည်တွေရဲ့ ဘဝနဲ့ ဆယ့်နှစ်ပွဲ စျေးသည်တွေရဲ့ ဘဝတူနေတာတွေ အများကြီး ရှိတယ်။
တစ်ယောက်နောက်တစ်ယောက် လိုက်နေတာတွေလည်းပါတယ်။ တချို့ကျတော့လည်း ဘုရားပွဲ သက်သက် သွားတာလည်းရှိတယ်။ သဘင်အစည်းအရုံးဘက်ကနေပြီးတော့ ဟိုတုန်းက ကျန်းမာရေး ဌာနကို တောင်းဆိုဖူးတာရှိတယ်။ ဘာလဲဆိုတော့ သူတို့ကျန်းမာရေးအတွက်ကို ကူမယ်။ အခု ကိုဖိုးချစ် ဒီမှာလာပြီး ကူညီသလို၊ သူတို့ကို ကျန်းမာရေးက ဘာပြန်ကူညီမလဲ။ ဒီမေးခွန်း ကို သဘင်သည်တွေက မေးကြတယ်။ အခေလည်း ဒါသူတို့ကိုယ်စား ဆရာတို့နှစ်ယောက်ကို ကျွန်တော်မေးချင်တာက ဒီရောဂါ မကူးအောင်လုပ်တဲ့ နေရာမှာ ခရီးလှည့်လည်သွား လာနေရတာတွေ မသွားရတော့ဘူး။ ဒါက တစ်ပိုင်း၊ သွားရင်းလာရင်းနဲ့လည်း ဒီရောဂါ ပိုးက ကူးစက်လာနိုင်တဲ့ အခြေအနေတွေရှိတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာတို့နှစ်ယောက် ဘယ်လိုများ စဉ်းစားသလဲ။ နှစ်ယောက်စလုံး တစ်ပြိုင်နက်ဖြေလို့ရတယ်။ ခွဲပြီးတော့ဖြေလို့ လည်းရတယ်။
ဒေါက်တာသန်းနိုင်စိုး
မဖြူနဲ့ ကိုဖိုးချစ်တို့ ပြောတဲ့ဟာကလည်း ကျွန်တော်တို့ စဉ်းစားပါတယ်။ တစ်ဖက်ကလည်း လူစုလူဝေးနဲ့ ပရိသတ်နဲ့ရှိတော့မှပဲ ဒီပရိသတ်ကြားမှာ ရှင်သန်ရတာပေါ့နော်။ ဂီတရော၊ သဘင်ရော ပေါ့။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ အနေအထားကျတော့လည်း နိုင်ငံတကာမှာ ပြန်ကြည့်တဲ့အခါ ကိုရီးယားဖြစ်စဉ်ဆိုရင် တော်တော်လေး သိသာတာပေါ့နော်။ ကိုရီးယား ဖြစ်စဉ်မှာ အဲဒီဘုရား ကျောင်းကြီးက တစ်ထပ်ကို လူ ၅၀၀၀ လောက်ဆံ့တယ်။ အထပ်ပေါင်း ကိုးထပ်လောက်ရှိတယ်။ အဲဒီအချိန်မှာ သူက ဝူဟန်ကိုလည်း Mission သွားထားတဲ့အဖွဲ့တွေရှိတယ်။ အဲဒီ အဖွဲ့ကနေပြီးတော့ လူနာနံပါတ် ၃၁ ဖြစ်တဲ့ အမျိုးသမီးက ဘုရားကျောင်းမှာ လေးခါလောက် ဝတ်လာပြုတယ်။ အဲဒီကနေ ပြီးတော့ ကိုရီးယားတစ်နိုင်ငံလုံးကို ပြန့်သွား တဲ့အခါကျတော့ သူက ဒီတစ်ယောက်နဲ့ထိတွေ့ ပြီးရင် နောက်တစ်ယောက် သူနဲ့ထိတွေ့တဲ့သူ ဘယ်သူတွေရှိခဲ့လဲ။ သူ့ရဲ့ Incubation Period ဖြစ်တဲ့ ရောဂါ ပြန့်နိုင်တဲ့ ကာလပေါ့။ အဲဒီမှာ ထိတွေ့ခဲ့တဲ့သူအားလုံးကို လိုက်ရပါတယ်။
ဒီလူနဲ့ ထိတွေ့တဲ့ သူတွေကြားထဲမှာလည်း နောက်ထပ် အဲဒီလူကရော ဘယ်သူနဲ့ ထပ်ပြီး ထိတွေ့ခဲ့လဲ။ အဲဒီလူတွေကြားထဲ လိုက်ရတဲ့ အခါ ကိုရီးယားနိုင်ငံဟာ Resource လည်း ပြည့်စုံတယ်၊ ချမ်းသာတဲ့ နိုင်ငံလည်း ဖြစ်တဲ့အခါကျတော့ သူက လူပေါင်းသိန်းနဲ့ချီပြီးတော့ စစ်ဆေးလိုက်တယ်။ အဲဒီထဲမှာ တွေ့တာတွေလည်း အများကြီးပဲ။ လူနာအရေအတွက်တွေ ထောင်တက်သွားတယ်။ အဲဒီတော့ တစ်ဖက်က ဒီဖြစ်စဉ်တွေရှိတယ်။ မလေးရှားဖြစ်စဉ်ဆို ရင်လည်း အဲဒီလိုပဲ။ အီတလီဖြစ်စဉ်တို့၊ အီရန် ဖြစ်စဉ်တို့ ပြန်ကြည့်လိုက်ရင်လည်း အကုန်လုံးက လူစုလူဝေးကတစ်ဆင့် ပြန့်သွားတဲ့အခါကျရင် ရောဂါကထိန်းချုပ်ရခက်တယ်။ ရေတိုအားဖြင့် ကြည့်ရင်တော့မှန်တယ်။ လူစုလူဝေး မလုပ် ရတဲ့အခါ တစ်ဖက်မှာလည်း အခက်အခဲဖြစ်တယ်။ ဒါပေမယ့် ရေရှည်အားနဲ့ ပြန်ကြည့်ရင် ဒီပရိသတ်ကြီးတွေ၊ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံး ကျန်းမာမှသာလျှင် သူတို့ရဲ့ မိသားစု တွေ ပျော်ရွှင်မှသာ ဒီသဘင်တို့၊ ဂီတတို့ ကျွန်တော်တို့ရဲ့ ရိုးရာ အမွေအနှစ်တွေက ဆက်လက်ပြီးတော့ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။
မင်းသား ဖိုးချစ်
ကျွန်တော်တို့က ဒီကာလမှာ ရပ်လိုက်ရတဲ့ ဆုံးရှုံးမှုကို အဲဒီလောက်အထိ ဝမ်းမနည်းဘူး။ ကျွန်တော်တို့ အခုပြောနေတဲ့ ဒီအပေါ်မှာ ဆုံးရှုံးတာမှန်ပေမယ်လို့ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုက နိုင်ငံတော်နဲ့၊ ပြည်သူနဲ့ ယှဉ်လိုက်ရင် သေးပါတယ်။ ဒါပေမယ့် ကိုယ့်လောကတော့ ကိုယ်ပဲသိတာပေါ့။ ထိခိုက်တဲ့ ဟာတွေ ပြောပြတယ်ဆိုတာ ဒီအချိန်မှာ လူစုလူဝေးလုပ်ချင်တဲ့ဆန္ဒ လုံးဝမရှိဘူး။ ကျွန်တော်တို့ဆို လုပ်လို့ရတဲ့ နေရာလေး တွေရှိတယ်။ ကျွန်တော်တို့ကိုယ် နှိုက်က ကိုယ့်ကျင့်ဝတ်နဲ့ ကိုယ်ထိန်းတာ။
ဒေါက်တာသန်းနိုင်စိုး
ရေတိုမှာတော့ ကျွန်တော်တို့အားလုံးက လက်တွဲပြီးတော့ ဝိုင်းဝန်းပူးပေါင်းပြီးတော့ ဒီကာလလေးကို ကျော်ဖြတ်ရမှာပေါ့။ ဒါပေမယ့် ရေရှည်မှာတော့ ကျွန်တော်တို့က အခုဆို ဘာပဲပြောပြော တစ်လကျော် အခြေအနေအတွင်းမှာ ကျွန်တော်တို့တိုင်းပြည်ဟာ အခြေအနေ ကောင်းသေးတဲ့ တိုင်းပြည်ထဲမှာ ပါတာပေါ့။ ကျွန်တော်တို့ကို မေးကြတာလည်း ရှိတယ်။ ဆရာတို့ ဖုံးဖိထားလားပေါ့။ ကျန်းမာရေးဌာန က ဒါတော့ ဆရာကြီးလည်း အသိဆုံးပါပဲ။
မင်းသား ဖိုးချစ်
စနစ်လေးတစ်ခု ကျွန်တော်ပြောဖို့ရှိတာ ပေါ့။ ကျွန်တော်တို့က ပွဲလမ်းသဘင်တွေမှာ ပွဲမိန့်တင်လို့ရှိရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထောက်ခံချက်လိုတယ်။ ကျွန် တော်တို့ငယ်ငယ်က ဖတ်စာ အုပ်ထဲမှာပါတယ်ဗျ။ လက်ဆေးရမယ်ဆိုတာ အခုမှမဟုတ်ဘူး။ ကျွန်တော်တို့ ကလေးပေါက်စ စာသင်ကတည်းက လက်ဆေးရမယ့်အကျင့်ကို သင်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက မလိုက် နာခဲ့ဘူး။ ကျွန်တော်တို့အပါအဝင် အလေ့အကျင့် နည်းခဲ့တယ်။
ဆိုလိုတာက ဒီဟာတွေ ပြီးသွားတဲ့အချိန် မှာလည်းပဲ ဂီတပွဲတွေ၊ ဇာတ်သဘင်နဲ့ပတ်သက်တဲ့ ပွဲလမ်း သဘင်တွေမှာ ကျန်းမာရေး စီမံချက်အနေနဲ့ ဘယ်လိုမျိုးကူညီနိုင်မလဲဆို တဲ့စနစ်၊ ဒါလေးက ဒီဟာကို အကြောင်းပြုပြီး တော့ လိုအပ်မယ်လို့ မြင်လာတာပါ။ ဆိုလို တာက ၁၂ ပွဲစျေးသည်တွေက တချို့လည်း အိမ်ရှိတယ်၊ တချို့လည်း အိမ်မရှိဘူး။ သွားလာနေတဲ့အခါမှာ သူတို့ရဲ့ ကျန်းမာရေးပါ။ ကျွန်တော့် ဇာတ်ထဲမှာဆိုရင် ဆေးသေတ္တာပါတယ်။ ဒါပေမယ့် ကျွန်တော့်တစ်ဇာတ်လောက်ပဲ ပါချင်ပါမှာပေါ့။ ဗိုက်အောင့်တာ ဘာညာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့ကေ့စ်တော့ ဆေးရုံသွားရတာပေါ့။ ဒီပွဲရုံတွေကို ဝင်လာရင် ကျွန်တော်တို့က အခုဆို Hand Gel ထားပေးတယ်။ လက်ဆေးကန်ထားပေးမယ်။ အပူချိန် စစ်မယ်။ ဒီလောက်ပဲရ မယ်။ Mask လှူပေးမယ်။ ဒီလောက်ပဲရမှာ ပေါ့။ ရက်ရှည်သွားရင် နောက်ပိုင်း ကူးစက်နိုင်တဲ့ ရောဂါများလေ လူစုလူဝေးတွေမှာ ပညာပေးရင်းနဲ့ ကာကွယ်နိုင်ရင်ကို ပြည်သူကို တော်တော်များများ ထိန်းနိုင်ပြီးသားဖြစ် မယ်။ ဒါကို စနစ်တစ်ခု လိုပါတယ်။
ဒေါက်တာသန်းနိုင်စိုး
မှန်ပါတယ်။ ဒီမှာအနုပညာရှင်တွေနဲ့ လည်း တွေ့ရမယ်ဆိုတော့ ကျွန်တော်က အလွန်ဝမ်းသာပါတယ်။ ရှေ့လျှောက် ပူးပေါင်း ဆောင်ရွက်လို့ရမယ့်ဟာတွေ အများကြီးရှိ ပါတယ်။ အခု ကိုဖိုးချစ်ပြောတဲ့ဟာဆို အတော်ကောင်းတယ်။ သဘင်တွေက နယ်အနှံ့ကို သွားရတယ်။ သူတို့ပြောခဲ့တဲ့ဟာကလည်း ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်တယ်ဆိုတဲ့ဟာလေးရှိတယ်။ အဲဒီတော့ ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ ဒီကျန်းမာရေး သတင်းစကားလေးတွေပေးနိုင်ရင် ပြည်သူလူထုအနေနဲ့ ဘာပဲပြောပြော နားထဲ ဝင်သွားတာပေါ့။ ဒီလိုမျိုးအကျိုးကျေးဇူး တွေရှိတဲ့အခါကျတော့ ကျွန်တော်တို့နဲ့ ရှေ့ လျှောက် ဘယ်လိုပူးပေါင်း ဆောင်ရွက် မလဲ။
မင်းသား ဖိုးချစ်
အရင်တုန်းက ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေကို ကျွန်တော်တို့ Vinyl Board ထောင်တာ၊ LED Display မှာ ပွဲမကခင် ကျန်းမာရေးအသိပညာပေးအနေနဲ့ အရေး ကိစ္စဖြစ်လာတဲ့ဟာ အားလုံးကိုပြတာ စသဖြင့်ပေါ့။ နောက်စင်ပေါ်ကနေ ကြေညာပေးတာတွေ။ ဟိုးအရင်တုန်းကလည်း ဇာတ်သဘင် တွေက နိုင်ငံရဲ့အမျိုးသားကျန်းမာရေးနဲ့ ပတ်သက်လာရင် အကုန်လုပ်ပေးခဲ့တယ်။ ကျန်းမာရေးဆေးပေးခန်း လေးတွေ ထားပေးတာ မျိုး စနစ်တကျလုပ်နိုင်ရင် ပြည်သူလူထုကို အကျိုးပြုနိုင်မှာပါ။ အမှန်ဆိုရင် အနု ပညာရှင်တွေခေါ်တယ်ဆိုတာ ပြည်သူလူထု အများကြီးလာဖို့၊ လူစုဖို့ခေါ်တာ။ ကျွန်တော် တို့ ဒီပွဲတွေက လူထပ်စုစရာ မလိုဘူး ရှိပြီးသား။ ကျွန်တော့်ဇာတ်ရုံထဲမှာ လူတစ်ထောင်ပဲရှိရင်တောင်မှ ပွဲခင်းမှာ လူတစ်သောင်း လောက်ရှိတယ်ဆိုတော့ ထိရောက်ပါတယ်။
ဒေါက်တာသန်းနိုင်စိုး
ကျွန်တော်တို့ဘက်ကလည်း ပွဲတော်တော်များများကို ပွဲကြည့်ရင်သာ ကျွန်တော်တို့ဘက်က ဆေးအကာ အကွယ်ပေးရတယ် ဆိုတဲ့အလုပ်ကို အမြဲတမ်းညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ တာဝန် ခွဲဝေမှုဇယားတွေနဲ့ပေါ့။ အခုဆို ဘုရားပွဲအကြီးကြီးတွေဆို ဆေးခန်းတွေ တွေ့မှာပါ။ ဒါပေ မယ့်လည်း အကုန်လုံးကို ပြည့်စုံအောင်လုပ် ပေးဖို့ဆိုတာကတော့ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု တွေ အများကြီး လိုပါတယ်။
တေးသံရှင် ဖြူဖြူကျော်သိန်း
အခုလောလောဆယ်မှာဆိုရင် ပွဲတွေတော်တော်များများ ရပ်သွားပြီဆိုပေမယ့် တချို့နေရာဒေသက ပွဲတွေကကျတော့လည်း လုပ်နေကြသေးတယ်။ အဲဒါကိုလည်း စိတ်ပူတယ်။ တချို့ မြို့လေးတွေမှာ ဆိုရင် ငါတို့ပွဲက သေးလို့လူတစ်ရာ၊ နှစ်ရာပဲစုမှာ မို့လို့၊ ဥပမာ- ပရိုမိုးရှင်းပွဲလေးတွေပဲဖြစ် ဖြစ် တချို့ဆို လို့ရှိရင် ပွဲကိုပြန်ပယ်ဖျက်တာ မလုပ်ကြသေးဘူး။ တချို့အဆိုတော် အငယ် လေးတွေဆို လာပြောကြ တယ်။ မမရယ် သမီးတို့ သားတို့တော့ မသွားချင်တော့ဘူး၊ ဒါပေမယ့် အဲဒီဘက်ကလည်း ပယ်ဖျက်တာ မလုပ်ကြဘူးဆိုတဲ့အခါကျတော့ သူတို့ စီမံတဲ့ အဖွဲ့တွေဘက်ကလည်း ပွဲကိုမပယ်ဖျက် သေးဘူး၊ သူတို့ မသွားချင်ဘူး။ ဘယ်လို လုပ်ရမလဲပေါ့။ တချို့ကျတော့လည်းပြတ်တယ်။ စရန်ကအစ အကုန်လုံး ပြန်လျော်မယ်။ သူတို့ ဖျက်ဖျက် မဖျက်ဖျက် ငါ့ဘက်က ဖျက်မယ် ဆိုပြီးတော့ လုံးဝမသွားတော့ဘဲ နဲ့ ပို့စ်တင်ပြီး ရေးထားတာလုပ်ကြတာပေါ့။ ဒါပေမယ့် အဲဒီလိုလုပ်နိုင်ဖို့ဆိုတာကျတော့လည်း ခံနိုင် ရည်လည်း ရှိရပါတယ်။ အငယ်တွေအတွက် ကျတော့လည်း နည်းနည်းခက်နိုင်တယ်။
မင်းသား ဖိုးချစ်
ကျင့်ဝတ်ဖောက်ပြန်တာ မဟုတ်ပါဘူး။ တစ်ခါတလေကျရင် ကျွန်တော်မျက်စိစုံမှိတ်ပြီး နေလိုက်ရ တာတွေ ရှိတယ်။ ငါတို့ ထမင်း ငတ်ရင် မင်းကျွေးမလားဆိုတဲ့ စကားက အမြဲတမ်းအပြောခံနေရတယ်။ ကျွန်တော်က ဇာတ်မင်းသားတစ်ယောက်အပြင်ကို သဘင် အစည်းအရုံးမှာ တာဝန်ယူထားရတော့ ကျွန်တော့်တစ်ယောက်တည်းကတော့ ကျွန်တော် ဖြတ်ချလိုက်တယ်၊ ညှိနှိုင်းတယ်၊ ရက်ရွှေ့ပေးမယ်။ ဆရာတော်ပူဇော်ပွဲတွေ ဘာတွေ ရှိတယ်။ စရန်ပြန်လိုချင်လား ကျွန်တော် ပြန်ပေးမယ်။ တချို့ဇာတ် သေးသေးလေးတွေက မဖြူပြောသလိုပဲ ကတာလေးတွေ သတင်းသဲ့သဲ့ကြားလိုက်ရင် ကျွန်တော့်ဘက် က တားလို့လည်းမရဘူး။ မေတ္တာရပ်ခံလို့ပဲရတယ်။ တစ်ခါတလေကျရင် မသိချင်ယောင် ဆောင်ပြီး နေရတဲ့ဘဝကို ရောက်နေတယ်။
တေးသံရှင် ဖြူဖြူကျော်သိန်း
ပွဲစီစဉ်တဲ့သူတွေဘက်ကလည်း သူတို့ အသိစိတ်ဓာတ်လေးတွေနဲ့ပေါ့။ အခုလည်း တရားဝင် နိုင်ငံတော်က ကြေညာထားပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ပွဲအကြီးပဲဖြစ်ဖြစ်၊ ပွဲအသေးပဲဖြစ်ဖြစ် ခဏလောက်တော့ အောင့် အည်းသည်းခံပြီးတော့ ပယ်ဖျက်ပေးစေချင် တယ်။
လင်္ကာရည်ကျော်
ကောင်းပါတယ်။ ကိုဖိုးချစ်ပြောတာရော၊ ဖြူဖြူပြောတာရော၊ ဆရာပြောတာရော နားထောင်ပြီး ကျွန်တော်က ဟိုဘက်ရော ဒီဘက်ရော လက်ရှိဝန်ထမ်းလည်း လုပ်နေ တုန်း ဆရာဝန်ဆိုတော့လေ။ ကျွန်တော် သုံးခုလောက် ပြောချင်ပါတယ်။ ဆရာ ကောင်းကောင်းမှတ်မိပါတယ်။ ဆရာ အဲဒီ တုန်းက ရှိသေးတယ်။ ဆရာကြီး ဦးမြဦးတို့ ဒုတိယဝန်ကြီးလုပ်စဉ်အခါတုန်းက SARS ဖြစ်တော့ ကျွန်တော်တို့ တုံ့ပြန်တာကို နည်းနည်းကြမ်းတယ်လို့ မြင်တဲ့သူတွေရှိ တယ်။ ကျွန်တော်တို့က အများကြီးလုပ်တယ်။ ကျွန်တော်တို့က သူများနိုင်ငံတွေထက်ကို နည်းနည်းပိုလုပ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ Community အနေအထားကို ကျွန်တော်တို့ သိတယ်။ ကိုယ့်နိုင်ငံရဲ့ Community အနေအထားက ဝင်လိုက်ရင်မလွယ်ဘူး။ ဝင်လိုက်ရင် ထိန်းရတာ ပြင်သစ်နဲ့ မတူဘူး။ အီတလီနဲ့ မတူဘူး။ ကျွန်တော် တို့က Spread လုပ်တဲ့ဟာ တအားမြန်တယ်ဆိုတာ သိတော့ တချို့လူကြီးတွေ ခေါ်မေးတာတွေ တောင် ဆရာကြီးသွားရှင်းရတာရှိဖူးတယ်။ Respond လုပ်တာ နည်းနည်းမြန်တယ်။ အဲဒီ မြန်ရတဲ့အကြောင်း ရင်းက ဘာလို့လဲဆိုတော့ ကျွန်တော်တို့သိတယ် ။ ဒီကိစ္စရဲ့ပြဿနာက အဆုံးကျလို့ရှိရင် ထိရောက်မှုက ကျန်းမာရေး ထက်ကို စောစောက လူမှုရေး၊ စီးပွားရေးကို ပိုထိခိုက်မယ်ဆိုတာသိတယ်။ ကိုဖိုးချစ် ပြောတဲ့အထဲမှာ အများကြီးပါနေပြီ။ လူမှုရေး၊ စီးပွားရေးအရက ထိခိုက်ပြီးနေပြီ။ လူမှုရေး၊ စီးပွားရေး ထိခိုက်မှုတွေကစနေပြီ။ ကြာရင် ကြာသလို ဆိုးတော့မယ်။
ကျွန်တော်တို့က Hit Head လုပ်တာပေါ့ ဆရာရယ်။ တကယ်တော့ မြန်မြန်နဲ့ ခပ်ကြမ်းကြမ်း တုံ့ပြန်ရ တာပေါ့။ လုပ်ရတဲ့အပိုင်း လေးတွေရှိတယ်။ ရှိတဲ့အကြောင်းရင်းက ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မြန်မြန် ဖြတ်ချချင်တာပေါ့။ ကိုဖိုးချစ်တို့၊ ဖြူဖြူတို့ စိတ်ပူတာ ဒါကြီးက ဘယ်လောက်ကြာဦးမှာ လဲဆိုတာ။ SARS တုန်းက မကြာခဲ့ဘူး။ SARS တုန်းက ဘာလို့မကြာခဲ့လဲဆိုတော့ ကျွန်တော် တို့ ခပ်ကြမ်းကြမ်း မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်တဲ့အခါကျတော့ Chain ကို အစောကြီး ဖြတ်လိုက်လို့ ရတယ်။
Chain ကို အစောကြီးဖြတ်လိုက်လို့ရရင် စောစောကပြောသလို ကိုဖိုးချစ်တို့ အောက်ခြေက ခံစားနေ ရတဲ့ ဇာတ်သဘင်လောက သားတွေရော အဲဒီဇာတ်သဘင်လောကသားတွေ မှီခိုနေတဲ့ပြည်သူတွေရော ခံစားရတာ ဒီထက်အများကြီးတိုမယ်။ နောက်တစ်ပိုင်း က ဆရာစိတ်ပူတဲ့ ရွှေ့ပြောင်းနေတဲ့ မိသားစု တွေ။ ကျန်းမာရေးလောကမှာ အမြဲတမ်း အဲဒါအင်မတန်ကြီးမားသော စိန်ခေါ်မှုပဲ။ ဖြူဖြူ တို့ ကောင်းကောင်းမှတ်မိလိမ့်မယ်။ ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ဆရာတို့ ဒီ Minor Operate လေးတွေ အများကြီးတွေ့တယ်။ ဝက်သက်ကိစ္စဖြစ်တယ်။ ကာကွယ်ဆေး ထိုးမထားတဲ့အတွက် ကာကွယ်ဆေးထိုး မထားတဲ့ ကလေးတွေ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတို့ဆီမှာ စာရင်းပျောက်နေ တယ်။ ဘာလို့စာရင်းပျောက်လဲဆိုတော့ ရပ်ကွက် သန်းခေါင်စာရင်းထဲမဝင်ဘူး။ အခု ကျွန်တော် စိတ်ပူနေပြီ။ ဘာလို့လဲဆိုတော့ ထိုင်းမှာ စက်ရုံတွေပိတ်တယ်။ ထိုင်းမှာ စက်ရုံ တွေပိတ်တော့ မွန်ပြည်နယ်ကနေပြီးတော့ ထိုင်းကို ရောက်နေတဲ့သူတွေအများကြီးပဲ။ အများကြီးပဲ သူတို့ပြန်ဝင်လာ မယ်။ သူတို့ ပြန်ဝင်လာရင် သူတို့ကလေးတွေ ပါလာမယ်။ သူတို့ကလေးတွေ နေမကောင်းရင် သူတို့ဟာ သူတို့နောက်မှ Positive ဖြစ်ချင်ဖြစ်၊ Negative ဖြစ်ချင်ဖြစ် လောလောဆယ် ဆေးရုံမှာ ဝုန်းခနဲ ဝန်ပိသွားမယ် ။
ရွှေ့ပြောင်းနေတဲ့ မိသားစုတွေက အမြဲတမ်းစိန်ခေါ်မှုရှိတယ်။ ကိုဖိုးချစ်တို့က ဒါက အခု တစ်ခါ နှစ်ခါ တွေ့တာမဟုတ်ဘူး။ ရွှေ့ပြောင်းနေတဲ့ မိသားစုတွေက အမြဲတမ်း ကြီး ရှိနေတာပေါ့။ အမြဲတမ်းကြီး ရှိနေတော့ ဒီပြဿနာကို ဘယ်လိုရှင်းမလဲဆိုတဲ့ မေးခွန်း က ဒါတော်တော်ဖြေရခက်တဲ့ မေးခွန်းပေါ့။ ချက်ချင်းအဖြေရှာလို့ရတဲ့ မေးခွန်းမဟုတ် ဘူး။ ဒါပေမယ့် စောစောကပြောသလို ဆေး အကာအကွယ် ဘယ်လောက်ပေးနိုင်မလဲ ဆိုတာ ဆရာသန်းနိုင်စိုးတို့ဘက်က ကန့် သတ်ချက်တွေကို ပြောတာ။ အဲဒီတော့ ကျွန်တော့်တပည့်တွေ၊ များသောအားဖြင့် ဆရာတို့ အဲဒီအတွက်ခေါ်ရင် ဆေးရုံကပဲ ခေါ်တာ ပါ။ ဆေးရုံကနေ ကျွန်တော်တို့ အချိုး အစားနဲ့ ပြန်ခွဲလွှတ်တယ်။ ကျွန်တော့်တပည့် တွေကိုပြန်လာရင် ကျွန်တော်အင်တာဗျူး တယ်။ သူတို့ကို မေးကြည့်တယ်။ သိပ်အကျိုးမရှိဘူး။ အကျိုးမရှိဘူးဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အရင်တုန်းကနဲ့စာရင် Health Facility က တော်တော်များ သွားပြီ။ တော်တော်များသွား ပြီဆိုတာလေ Standard တော့ မမီသေးဘူး။ ကျွန်တော်တို့ ရှိစေချင် သလောက် မရှိသေးဘူး။
ဒါပေမယ့် ကျွန်တော်တို့ငယ်ငယ် အလုပ် စလုပ်တုန်းကထက်စာရင် Health Facility တွေက နေရာတိုင်းနီးနီး ရှိနေပြီ။ ရှိနေပြီဆို တော့ တော်တော်လေး နီးနီးဖြစ်ပြီ။ အခုတစ် ကမ္ဘာလုံးဖြစ်တော့မှပဲ နည်းနည်းရိပ်မိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Health Care System က သိပ်မဆိုးပါလား။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အခမဲ့ကုသပေးနိုင်တာက အားလုံးမဟုတ်ပေမယ့် တော်တော်ရှိတယ်။ အထူး သဖြင့် စောစောကပြောသလို အခြေခံ လူတန်းစား နေမကောင်းဖြစ်လာပြီဆိုရင် Health Facility အထိ ရောက်အောင် သွားဖို့လေး ကိစ္စလေးတစ်ခုပဲရှိတယ်။ အဲဒီ Health Facility လေး တစ်ခုဆီကို ရောက် အောင်သွားနိုင်ပြီးလို့ရှိရင် ဟိုကပေးနိုင်တဲ့ ဝန်ဆောင်မှုက လုံလောက်တယ်လို့ ကျွန်တော်က ပြောတာ မဟုတ်ပေမယ့် ကျွန်တော်တို့ ငယ်ငယ်ကထက်စာရင် အများ ကြီးကို တိုးတက်လာပါတယ်။ ဒါပေမယ့် ဟိုမှာသွားပြီးတော့ Health Care Facility ကို ကျွန်တော်တို့က ဒီမှာ Already Stress ပေါ့နော်၊ ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီးသား ဆေးရုံကနေ ထုတ်ပေးပြီးတော့ ဟိုဘက်မှာ သွားထားလိုက်တော့ ဟိုဘက်မှာရတဲ့ ထိရောက်မှုက ဘယ်လောက်ကြီးသလဲဆိုတာ ပြန်လာတဲ့ ကလေးတွေကို မေးကြည့်တဲ့ အခါကျတော့ သိပ်မကြီးဘူး။
ပြောရင်တော့ ကိုယ့်နိုင်ငံက ကျန်းမာရေး ကုသမှု ကောင်းတယ်ပြောရင် ကျွန်တော်က လက်ရှိဝန်ထမ်း ဆရာဝန်ဖြစ်တဲ့အတွက် ကြောင့် ပြောတယ်လို့ပဲ ပြောကြတာပါပဲ။ ဒါပေမယ့်လို့ အခုတော့ ကျွန်တော်တို့ နည်း နည်းတော့ သက်သေပြနိုင်ပါပြီ။ ကျွန်တော် တို့ နိုင်ငံက ဒီ Outbreak ကြီးကို ရင်ဆိုင်တဲ့ အခါ မှာ သိပ်တော့ အပြောမကြီးချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ စောနေသေးတယ်။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံး မျှော်လင့် ထားတာကတော့ မကြာခင်ဖြတ်နိုင်လိမ့်မယ် လို့ ယူဆတယ်။ မကြာခင် ဖြတ်နိုင်ရင်တော့ စောစောက ဖြူဖြူတို့၊ ကိုဖိုးချစ်တို့ ဆွေးနွေး နေတဲ့ ကျွန်တော်တို့ အင်မတန်စိုးရိမ်တဲ့ နောက်ဆက်တွဲပေါ့။ Mortality သည် ၃ ရာခိုင်နှုန်းပဲရှိတယ်။ သဘောကတော့ ရောဂါ ဖြစ်ရင် သေနှုန်း ၃ ရာခိုင်နှုန်းပဲ ရှိတယ်။ ၃ ရာခိုင်နှုန်းပဲရှိတယ်ဆိုတော့ လူအများကြီး သေဖို့ မျှော်လင့်မထားဘူး။
အခုလောလောဆယ်မှာ ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတည်းရှိတယ်။ စောစောက ပြောသလို Respond မြန်မြန်လုပ်ချလိုက်။ ခပ်ကြမ်းကြမ်းလုပ်ချလိုက်။ မြန်မြန်ပိတ်ချ လိုက်။အခုလည်းလေဆိပ်ကို ရုတ်တရက်ကြီး ပိတ်ချလိုက်ရတယ်။
မင်းသား ဖိုးချစ်
ကျွန်တော်တို့ဆီမှာ ပြည်သူလူထုတော် တော်များများမှာ ကျန်းမာရေးအသိ အားနည်းတယ်။ ကျွန်တော် အပြစ်ပြောတာ မဟုတ်ပါဘူး။ အခု ဒီမီဒီယာနဲ့ စကားဝိုင်း တွေလုပ်တာ သိပ်ကောင်းတယ်။ ကျွန်တော် တို့ အနုပညာရှင်တွေရော တခြားသူ တွေရော အခုအချိန်မှာ လူစုနဲ့ပြောလို့မရတဲ့ အနေ အထားမျိုးမှာ Online Media ကို ကောင်း ကောင်းအသုံးချပြီးတော့ ဖြန့်နိုင်ဖို့လိုတယ်။ ကျွန်တော်တို့ဆီကမြင်ရမှ ကြောက်တာပါ။ ဒီအကင်စားလို့ ကင်ဆာဖြစ်မယ်ဆိုရင် သူတို့ က ကင်ဆာကိုမမြင်ရလို့ မကြောက်ဘူး စားတယ်။ အခု ဘတ်စ်ကားတွေမှာဆိုရင်လည်း တိုးဝှေ့နေတာပဲ။ သွားနေတာပဲ။ ဆိုလိုတာက ကျွန်တော်တို့ဆီမှာ အပ်တစ်ချောင်းလောက်နဲ့လာလို့ ထိုးမယ်ဆိုရင် နာရင် နောက်ဆုတ် မယ်။ မင်းအဲဒါ ဗိုင်းရပ်စ်နော်လို့ပြောရင် မကြောက်သေးဘူး။ ကျွန်တော်တို့မှာ အဲဒီဟာ က နည်းနည်းလေးပေါ့နော်၊ အသိပညာပေး အခု မီဒီယာကို တော်တော်အသုံးချဖို့ လိုမယ် လို့ မြင်တယ်။
ဒေါက်တာခင်မောင်လွင်
အဓိကပိုးတွေကို မကူးစက်အောင် ရပ်ဖို့ပဲ။ ရပ်တဲ့နေရာမှာက ကိုယ့်ကိုယ်ထဲကို မဝင်အောင် ရပ်တဲ့နည်း ရှိတယ်။ အများကို မကူးအောင် ရပ်တဲ့နည်းလည်းရှိတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီရဲ့ ထိခိုက်မှုသည် ပိုးဝင်လာ သည် ဖြစ်စေ၊ မဝင်လာသည်ဖြစ်စေ၊ ထိခိုက်နေပြီ ဆိုတာ ဆရာတို့ဆွေးနွေးတဲ့အထဲမှာပါတယ်။ ပိုးဝင်လာသည်ဖြစ်စေ၊ မဝင်လာသည်ဖြစ်စေ၊ ပြည်သူလူထုကို ကာကွယ်နေတယ်၊နိုင်ငံတော် အစိုးရ ကလည်း ဒါလည်းမြင်တယ်။ တစ်ခါ ပိုးဝင်လာသည်ဖြစ်စေ၊ မဝင်လာသည် ဖြစ်စေ၊ ကိုယ့်ဘဝရဲ့ ရပ်တည်ချက်ကို ဖျက်ပြီးတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအသက် ရှည်ဖို့အတွက် ဆောင်ရွက်နေတဲ့ အနုပညာ ရှင်တွေလည်းရှိတယ်လို့ ဒီလိုသုံးသပ်ပြီးတော့ ဒီဆွေးနွေးခန်းလေးကို ရပ်ကြရအောင်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ။
မှတ်တမ်း - သီတာဌေး (ပြန်/ဆက်)
ဓာတ်ပုံ- ရဲသူရအောင် (ပြန်/ဆက်)