ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ရောဂါမပြန့်ပွားစေရေးအတွက် နိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ဌာနပေါင်းစုံတို့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ ပြန်လာသူများ ထဲမှ ကနဦး COVID-19 ရောဂါဖြစ်ပွားမှုကို စတင် တွေ့ရှိနေရပြီဖြစ်၍ ပြည်တွင်း၌ ရောဂါပြန့်ပွားမှုကို လျင်မြန်စွာထိန်းချုပ်နိုင်ရန်အတွက် အိမ်တစ်အိမ်ချင်း၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း(Household Action Plan) နှင့် ပတ်သက်၍ ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း (အကြံပေးပညာရှင်၊ ညွှန်ကြား ရေးမှူးချုပ်-ငြိမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်နိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ ။ ။ ရောဂါစဖြစ်ဖြစ်ချင်းမှာ ရောဂါစတင်ကူးစက်တဲ့ နိုင်ငံတစ်နိုင်ငံတည်း ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ အခြားနိုင်ငံကို ကူးစက်နိုင်ခြေ (Disease Transmission Risk) အနည်းဆုံးဖြစ်ပြီး အခုအခါ COVID-19 ရောဂါဟာ နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်နေပြီဖြစ်တဲ့အတွက်ကြောင့် မြန်မာ နိုင်ငံကို ဒီရောဂါကူးစက်နိုင်မှု အခြေအနေ (Transmission Risk by Importation) မြင့်မားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။
ဒီလိုရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့အချိန်မှာ ရောဂါအတည်ပြုဖြစ်ပွားသူ (Confirmed Case) တစ်ဦး တွေ့တာနဲ့ လူနာဆီကနေ အတူနေထိတွေ့ခဲ့သူများ၊ မိသားစုဝင်များကို ပိုမိုလျင်မြန်စွာ ကူးစက်နိုင်တာ ကြောင့် ဒီရောဂါ အခြားသူများကို ကူးစက်မှုကို လျင်မြန်စွာထိန်းချုပ်နိုင်ဖို့အတွက် ရောဂါဖြစ်ပွားသူကို ထိန်းချုပ်ကုသခြင်းနဲ့ ရောဂါကူးစက်ပြန့်ပွားမှုကို လျင်မြန်စွာ ကာကွယ်ထိန်းချုပ်ခြင်း နည်းဗျူဟာ (Containment at Source Strategy)ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနည်းဗျူဟာကို ထိရောက် စွာ ဆောင်ရွက်နိုင်ဖို့အတွက် အိမ်တစ်အိမ်ချင်းရဲ့ ရောဂါ သတင်းပို့ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းဟာ ရောဂါကူးစက်မှုကို အလျင်အမြန် ကာကွယ်ထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသော နည်းဗျူဟာပဲ ဖြစ်ပါတယ်။
မေး ။ ။ အိမ်တစ်အိမ်ချင်း၊ တစ်မိသားစုချင်း လိုက်နာဆောင်ရွက်ရမယ့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းကို ပြည်သူတွေ လိုက်နာဆောင်ရွက်နိုင်ဖို့ အတွက် ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ အိမ်တွေရဲ့ မိသားစုဝင် အခြေအနေပေါ်မူတည်ပြီးတော့ ရောဂါကူးစက် ဖြစ်ပွားနိုင်ခြေကို ကြည့်ပြီး ဆောင်ရွက်ရပါမယ်။ ပထမဦးစွာ အိမ်မှာ ရှိတဲ့ မိသားစုဝင်တိုင်းကို ဒီရောဂါနဲ့ ပတ်သက်ပြီး ရောဂါ အကြောင်း၊ ကူးစက်ပုံနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို အားလုံးသိရှိအောင် ပြောပြထား ရပါမယ်။ ဒါမှသာလျှင် သူတို့ ဘယ်လိုလိုက်နာနေထိုင် ဆောင်ရွက်ရမယ်ဆိုတာကို နားလည်ကြမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့အတွက် အိမ်တွေကို အုပ်စုနှစ်စုခွဲပြီး အုပ်စုအလိုက် ဆောင်ရွက်ရမှာကို ရှင်းပြပါ့မယ်။
ပထမအိမ်အုပ်စုမှာ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက ပြန်လာသူတွေရှိတဲ့ မိသားစု၊ ရောဂါဖြစ်ပွားခဲ့တဲ့သူနဲ့ ရောဂါဖြစ်ပွားသူပါဝင်တဲ့ မိသားစု၊ ရောဂါဖြစ်နိုင်ခြေ သံသယလူနာအဖြစ် သတ်မှတ်ခံရတဲ့မိသားစုနဲ့ သီးခြားထားရှိ စောင့်ကြပ်ခြင်းမှာပါဝင်တဲ့မိသားစု၊ ဒီရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေကို အနီးကပ် ဆောင်ရွက် ပေးနေတဲ့သူတွေပါတဲ့ မိသားစုများပဲ ဖြစ်ပါတယ်။ ဒီလို မိသားစုတွေမှာ ရောဂါ ဖြစ်ပွားကူးစက်နိုင်ခြေ ပိုမိုမြင့်မားတဲ့အတွက် ဒီအိမ်တွေမှာရှိတဲ့ မိသားစုတွေရဲ့ ပူးပေါင်း ဆောင်ရွက် မှုက ပိုပြီးအရေးကြီးပါတယ်။ ဒီအုပ်စုတွေက ကျန်းမာရေးဌာနကို သတင်းပို့ပြီး ရောဂါဖြစ်ပွားမှု ရှိ မရှိ နေ့စဉ်ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဒုတိယအုပ်စုကတော့ အိမ်တစ်အိမ်မှာ အသက် (၆၀)အထက် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေရှိတဲ့ မိသားစု၊ အိမ်မှာနှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းရောဂါနဲ့ ကင်ဆာရောဂါ ရှိတဲ့ လူတွေ ပါဝင်တဲ့ မိသားစု၊ ဒီအိမ်တွေမှာရှိတဲ့ မိသားစုတွေဟာ ရောဂါကူးစက်ခံရပြီဆိုရင် ရောဂါပြင်း ထန်ပြီး အသက်အန္တရာယ်ရှိတဲ့အတွက် ရောဂါသံသယရှိတာနဲ့ စောစီးစွာ ကျန်းမာရေးဌာနကို လျင်မြန်စွာ သတင်းပို့ဆက်သွယ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရမှာ ဖြစ်ပါတယ်။ ခြုံပြောရရင် ဘယ်လိုအိမ်ပဲဖြစ်ဖြစ် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တဲ့ အိမ်များ ဖြစ်ပါတယ်။
တစ်အိမ်ချင်း၊ မိသားစုတစ်စုချင်းရဲ့ COVID-19 နဲ့ ပတ်သက်ပြီးတော့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မှုများလေလေ အချိန်တိုတွင်းမှာ ရောဂါထိန်းချုပ်နိုင်မှုများလေဖြစ်ပြီး ရောဂါ ကူးစက် ဖြစ်ပွားသေဆုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ ရောဂါကြိုတင် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အမြင့်ဆုံးအဆင့် ပြင်ဆင်ထားနိုင်မှုရှိတဲ့ နိုင်ငံမှသာလျှင် ဒီရောဂါ COVID-19 ရဲ့ နောက်ဆက်တွဲ ရောဂါဆိုးတွေဖြစ်တဲ့ ရောဂါဖြစ်ပွားမှု၊ အသက်ဆုံးရှုံးမှု၊ စီးပွာရေးနဲ့ လူမှုရေး ဆုံးရှုံးမှု အနည်းဆုံးဖြစ်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားမှုတွေ ရှိလာပြီ ဖြစ်တဲ့အတွက် တစ်အိမ်ချင်း၊ မိသားစု တစ်စုချင်း၊ တစ်ယောက်ချင်း ပူးပေါင်းပါဝင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပါပြီ။
မေး ။ ။ အိမ်တစ်အိမ်ချင်းမှာရှိတဲ့ မိသားစုတွေအတွက် အထူးလိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ရှိရင်လည်း ပြောပြပေးပါ။
ဖြေ ။ ။ အိမ်တစ်အိမ်ချင်း၊ တစ်မိသားစုချင်း လိုက်နာဆောင်ရွက်ပြီး ပါဝင်ပူးပေါင်းခြင်းသည် ရောဂါ ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အချက်တွေကို အိမ်တိုင်းမှာ ပြင်ဆင်ထားမယ်ဆိုရင် အိမ်မှာ ကိုယ့်မိသားစု ဝင် ဘယ်နှယောက်ရှိသလဲ၊ အဲဒီမိသားစုဝင်တွေထဲမှာမှ ဒီရောဂါကူးစက်လာရင် အသက်အန္တရာယ် ဖြစ်နိုင်တဲ့ သက်ကြီးရွယ်အို၊ အထူးသဖြင့် အသက် (၆၀) အထက် ဘယ်နှယောက်ရှိသလဲ၊ မိသားစုထဲမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ကင်ဆာရောဂါရှိတဲ့သူတွေ စသဖြင့် ဒီလို လူတွေက ဘယ်နှယောက်ပါနေသလဲ၊ ဒီလိုဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ မိသားစုဝင်တွေအတွက် ပိုပြီးတော့ ရောဂါကူးစက်မှု မရှိအောင် ဆောင်ရွက်ဖို့ ဦးစားပေးအနေနဲ့ စဉ်းစားဖို့ လိုပါတယ်။
အိမ်တိုင်း အိမ်တိုင်းကလည်းပဲ ဒီလိုကူးစက်မှု ပိုမိုဖြစ်နိုင်တဲ့ အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေ မပါပေမယ့်လည်း မကူးစက်ဖို့အတွက် စီစဉ်ရပါမယ်။ စီစဉ်တဲ့အခါမှာ ဒီလို သက်ကြီးရွယ်အိုတွေ၊ ကူးစက်နိုင်ခြေရှိတဲ့ သူတွေနဲ့ ရောဂါအခံရှိပြီးသား မိသားစုတွေမှာ ပိုပြီးတော့ ရောဂါကူးစက်မှုမရှိအောင် ကျန်တဲ့မိသားစု ဝင်တွေက အထူးစဉ်းစားပြီးတော့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အိမ်က မိသားစုဝင်တွေကလည်း အားလုံးစုစည်းပြီး COVID-19 ရောဂါအကြောင်းနဲ့ ကူးစက်ပုံ၊ ကူးစက်နည်း၊ ရောဂါဖြစ်ရင် ဘယ်လို အုပ်စုတွေက အန္တရာယ်ရှိကြောင်း၊ ရောဂါကာကွယ်ရေးအတွက် နေ့စဉ်လုပ်ရမယ့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေဖြစ်တဲ့ လက်ဆေးတာတို့၊ နှာချေ၊ ချောင်းဆိုးရင် တစ်ရှူး သို့မဟုတ် နှာခေါင်းစည်း သေချာ အုပ်ပြီးဆိုးတာတို့၊ နေမကောင်းရင် သီးခြားအိမ်မှာနေတာတို့၊ အိမ်မှာထိတွေ့ကိုင်တွယ်မှုများတဲ့ နေရာတွေကို ဆပ်ပြာရည်နဲ့ ဆေးကြောတာတို့၊ မလိုအပ်ဘဲ အိမ်အပြင်ခဏခဏ မသွားတာတို့ ၊ လူစု လူဝေးနဲ့မနေဖို့ဆိုတာတွေ သေချာရှင်းပြထားဖို့ လိုအပ်ပါတယ်။
မေး ။ ။ အိမ်တွေမှာ သက်ကြီးရွယ်အိုတွေရှိရင် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကူးစက်မှု အမြင့်ဆုံးအုပ်စုတွေရှိတဲ့ မိသားစုဝင်တွေအတွက် ပြောရမယ်ဆိုရင် သက်ကြီး ရွယ်အိုနဲ့ နာတာရှည်ရောဂါရှိတဲ့သူတွေရှိတဲ့ အိမ်တွေမှာ ဖြစ်လို့ရှိရင် ရောဂါကူးစက်မှုတင်သာမက အဲဒီအိမ်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်း၊ ကိုယ့်ရဲ့ ရပ်ကွက်၊ ကိုယ့်မြို့နယ်ကတစ်ဆင့် လူထုထဲကို ပျံ့နှံ့ နိုင်တဲ့အတွက်ကြောင့် တစ်အိမ်ချင်း ရောဂါဖြစ်ပွားမှု မရှိအောင် ဆောင်ရွက်ရမယ့် တာဝန်က အရေးကြီးပါတယ်။ ရပ်ကွက်၊ ကျေးရွာအလိုက် ကျန်းမာရေးဌာနကို နေ့စဉ်သတင်းပေးပို့ခြင်း အရေးတကြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါရှိတဲ့သူတွေကို အထူးသဖြင့် အပြင်ကိုထွက်ပြီး အလုပ်လုပ်နေတဲ့သူတွေနဲ့ တတ်နိုင် သလောက် ထိတွေ့မှုနည်းအောင် စီစဉ် ဆောင်ရွက်ရမယ်။ ဒီသက်ကြီးရွယ်အိုနဲ့ ရောဂါရှိတဲ့ သူတွေကို ပြုစုတဲ့လူတွေကလည်း သီးခြားသတ်မှတ် ထားရမှာဖြစ်ပါတယ်။ ဒီအိမ်မှာ ဒီတစ်ယောက်ပဲ ပြုစုတာမျိုး၊ တကယ်လို့ မိသားစုဝင်အားလုံးက ပြုစုမယ်ဆိုရင်လည်း သက်ကြီးရွယ်အို၊ မိဘတွေ၊ အဘိုးအဘွား တွေနဲ့ ရောဂါရှိတဲ့သူတွေကို ပြုစုတဲ့အခါမှာ မိမိက ဖျားနာနေတယ်ဆိုရင် မပြုစုသင့်ဘူး။ တတ်နိုင် သလောက် သူတို့သုံးတဲ့ပစ္စည်းတွေကို ခွဲထားပေးရမယ်။ တကယ်လို့ ကိုယ်ကသုံးမိရင်လည်း သေသေ ချာချာ ဆပ်ပြာနဲ့ ဆေးပေးခဲ့ရမယ်။ သက်ကြီးရွယ်အိုတွေကို ရောဂါကူးနိုင်မှုမရှိအောင် တတ်နိုင်သမျှ ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။
မိသားစုထဲမှာ ပြင်ပကို အလုပ်ထွက်လုပ်တဲ့ သူတွေ က ဘယ်နှယောက်ရှိသလဲ၊ ဒီလူတွေကလည်းပဲ ဒီရောဂါနဲ့ ပတ်သက်ပြီး စနစ်တကျ နားလည်ရမယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေဖြစ်တဲ့ လူထူထပ်တဲ့နေရာ မသွားဖို့၊ ရောဂါရှိတဲ့လူတွေနဲ့ အနီးကပ်မနေဖို့ နေခဲ့လို့ ရှိရင်လည်းပဲ တတ်နိုင် သမျှ သက်ကြီးရွယ်အိုတွေနဲ့ မထိတွေ့တာ အကောင်းဆုံး ပါ။
အပြင်ကပြန်လာရင် လက်ကိုစနစ်တကျ ဆပ်ပြာနဲ့ ဆေးရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်မယ်။ သီးခြား နေရမယ်။ ဒီလူတွေဟာ ပြင်ပက ရောဂါပိုးအိမ်ထဲကို သယ်ပေးမယ့် လူတွေဖြစ်တဲ့အတွက် ပိုပြီးတော့ ဂရုစိုက်ရမယ်။ တခြားသူတွေကလည်း တတ်နိုင်သလောက် အိမ်မှာပဲနေရမယ်။ မလိုအပ်ဘဲ သူများအိမ် သွားလည် တာတို့၊ ပွဲလမ်းသဘင်သွားတာတို့ မလုပ်ရဘူး၊ ပြင်ပ ဧည့်သည်တွေလည်းပဲ မလိုအပ်ဘဲ အိမ်လာတာကို ဒီအချိန်မှာ လက်မခံသင့်ဘူး၊ တစ်နည်းနည်းနဲ့ ယဉ်ကျေးစွာ တားမြစ်ဖို့ လိုတယ်။ တကယ်လို့ အမှတ် မထင်လာခဲ့မယ်ဆိုရင် ဒီလာတဲ့ ဧည့်သည်တွေနဲ့ အနည်းဆုံး ခြောက်ပေ လောက်အကွာမှာထားပြီး ပြောဆို ဆက်ဆံပါ။ ဖျားနာ၊ နှာစေး၊ ချောင်းဆိုးနေတာ တွေ့တယ် ဆိုရင် ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်ဖို့အတွက် အကြံဉာဏ်ပေးရမှာ ဖြစ်ပါတယ်။ မိသားစုဝင်ထဲက တစ်ယောက်ယောက် ဖြစ်တယ်ဆိုရင်လည်း ကျန်းမာရေးဌာနကို ချက်ချင်း ဆက်သွယ် ရမှာ ဖြစ်ပါတယ်။
မေး ။ ။ ထပ်မံဖြည့်စွက် ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။
ဖြေ ။ ။ အခုလို ရောဂါဖြစ်ပွားမှု အနည်းဆုံးအခြေအနေမှာ မိသားစုတစ်ခုလုံး တစ်ယောက်ချင်း စီတိုင်းမှာ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းတွေ နေ့စဉ်လုပ်သင့်တယ်၊ မိသားစုကို ရောဂါကူးစက်မှု မရှိအောင်၊ ကိုယ့်ပတ်ဝန်းကျင်ကို ရောဂါမကူးစက်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လက်ဆေးတဲ့အကျင့်၊ ဆပ်ပြာနဲ့ စက္ကန့် နှစ်ဆယ်လောက် လက်ဆေး တဲ့အကျင့် လုပ်ရမယ်။ မလိုအပ်ဘဲ မျက်စိတို့၊ နှာခေါင်းတို့၊ မျက်နှာ တို့ ထိတွေ့မိရင် ပြန်ဆေးရမယ်။ လက်ဆေးဖို့အတွက် အကောင်းဆုံးက အရက်ပြန် ၆ဝ ရာခိုင်နှုန်း အထက် ပါတဲ့ လက်ဆေးရည်ကို သုံးရင် ပိုပြီးအဆင်ပြေပါတယ်။ နေမကောင်းတဲ့သူတွေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ရမယ်။ အိမ်ပြန် ရောက်ရင် လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးတာ၊ အဝတ်အစားတွေ ချက်ချင်းလဲတာတို့ လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရောဂါဖြစ်မဖြစ် စောင့်ကြည့်တာတို့ လုပ်ရမယ်။ ကိုယ်ကိုယ်တိုင်က ဖျားပြီဆိုရင်လည်း အိမ်မှာပဲနေတာ ကောင်းပါတယ်။ မိမိတို့အိမ်ကို လာရောက်တဲ့ ဧည့်သည်တွေရဲ့ အမည်စာရင်းကအစ မှတ်ထားသင့်တယ်၊ အပြင်မှာ သီးခြားတွေ့တဲ့သူတွေရဲ့ စာရင်း ဆိုလည်း သီးခြားမှတ်တမ်း တင်ထားသင့်တယ်။
မြန်မာနိုင်ငံအနေနဲ့ အခုလို COVID -19 ရောဂါ ဖြစ်ပွားမှု အနည်းဆုံးအချိန်မှာ တစ်အိမ်ချင်းရဲ့ ရောဂါ သတင်းပို့ ကာကွယ်ရေးလုပ်ငန်း (Household Action Plan) ဟာ ရောဂါဖြစ်ပွားကူးစက်မှုကို အလျင် အမြန် ထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသော ထိရောက်တဲ့ နည်းဗျူဟာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်၊ ထုတ်ပြန်ချက် တွေကို အိမ်တိုင်းက တိကျစွာ လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ။
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာကျေးဇူးပါရှင့်။
တွေ့ဆုံမေးမြန်း-သီသီမင်း၊ ဓာတ်ပုံ-နေလင်း