Skip to main content

နာဂဒေသ လဟယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လဟယ်၊ မတ်၂၇

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ က နာဂဒေသဦးစီးအဖွဲ့ရုံးအစည်း ဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းက နာဂဒေသသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိချင်းထိစပ် နေသည့်အတွက် နယ်စပ်ကျေးရွာအဝင်အထွက်များကို အထူးဂရုပြု အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်း အစည်းဝေးတွင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးချက်များကို မြို့နယ်များအားလုံးက စနစ်တကျလိုက်နာ ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း အမှာစကားပြောကြားသည်။

ဆက်လက်၍ နာဂဒေသဦးစီးအဖွဲ့အတွင်းရေးမှူး ဦးသန်းရွှေက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် လဟယ်မြို့နယ် လက်ထောက်ဆရာဝန်က ပြည်သူ့ဆေးရုံတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက် များကို တင်ပြဆွေးနွေးသည်။ 

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြ သည်။ ယင်းနောက် ဒေသအဆင့် ကိုရိုနာဗိုင်းရပ်စ်  ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးနှင့် သတင်းမှန်ပြန်ကြားရေး လုပ်ငန်း ဆပ်ကော်မတီများက လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအလိုက်တင်ပြ ဆွေးချက်များကို နာဂဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲဝင်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)