Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်

မကွေး မတ် ၂၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (အောက်ထပ်) အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အလှူရှင်များမှ လှူဒါန်းမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ကုသရေး တိုင်းဒေသကြီးအဆင့်ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက  ဓနအင်အား နည်းပညာ အင်အား ကြီးမားလှသည့် ကမ္ဘာ့နိုင်ငံကြီးများလည်း အထိနာနေကြရကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို မိမိတို့ အနေဖြင့် မေတ္တာ ကရုဏာ သတိ ဝီရိယ ပညာတို့ကိုအားထားပြီး ရင်ဆိုင်ကြရမှာ ဖြစ်သလို အောင်မြင်မည် ဟုလည်း ယုံကြည်ကြောင်း၊ ရောဂါတိုက်ဖျက်ရေးအတွက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများကလည်း ကဏ္ဍအလိုက် အင်တိုက်အားတိုက် ဆောင်ရွက်နေကြကြောင်း၊ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန်လည် ဝင်ရောက်သူများက  ကျန်းမာရေးအတွက် ညွှန်ကြားချက်များနဲ့အညီ စစ်ဆေးခံ၍ အကန့်အသတ် များနှင့် နေထိုင်ကြကာ ပြည်ပမှပြန်လာသည့် ကျေးလက်ဒေသမှ လူငယ် မောင်မယ် များကလည်း ရပ်ရွာထဲသို့မဝင်ဘဲ ရွာပြင်တောထဲ နေရာတွေမှာ အကန့်အသတ်ဖြင့် နေထိုင် နေသည့် သတင်းများ ကြားသိရကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆက်စပ်ကူညီဆောင်ရွက် ပေးစေလို ကြောင်း၊ လူအများ ထိတ်လန့်စေရန် လူ့အဖွဲ့အစည်းအတွင်း ရပ်ရွာအတွင်း မတည်မငြိမ်စေရန် ကောလ ဟာလများကို ထုတ်လွှင့်လျက်ရှိကြကြောင်း၊ မိမိတို့ ရင်ဆိုင်နေကြရသည့် ကပ်ရောဂါမှာ ကူစက်မြန် သေစေနိုင်သည့် ရောဂါဖြစ်သော်လည်း ထိန်းချုပ်နိုင်သည့်ရောဂါ၊ ကူးစက်ခံရတိုင်းလည်း မသေနိုင် သည့် ရောဂါ စောစီးစွာကုသမှုခံယူပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်ကြောင်း အလှူရှင်များ ကလည်း ဒေသအလိုက် လှူဒါန်းမှု ပြုနေကြသလို လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များကလည်း လိုအပ်သည်များကို ပါဝင်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဒီအတွက် မိမိတို့ လူသား အချင်းချင်း မေတ္တာတရားပွားများကာ ညီညွတ်စွာဖြင့် သတိ ဝီရိယ ပညာတို့ကို စွဲကိုင်ထားပြီး ရင်ဆိုင်ကျော်လွှားကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ကုမ္ပဏီများ၊ ကိုယ်ပိုင်ကျောင်း၊ ဟိုတယ် စသည့် လုပ်ငန်းရှင် အလှူရှင်များက  တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ အလှူငွေစုစုပေါင်း (၃၂၄၅၀၀၀ဝိ/-) (သုံးရာနှစ် ဆယ့်လေးသိန်းငါးသောင်းကျပ်)လက်ခံရရှိခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လညပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့်ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိနှင့်အတူ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ အကြီးအကဲများနှင့် အလှူငွေပါဝင်ကာ ထည့်ဝင်လှူဒါန်းကြမည့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

သန်းနိုင်ဦး(ငဖဲ)