ကျိုက်မရော မတ် ၂၇
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ကျိုက်မရော မြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁၀နာရီ ကရောက်ရှိကာ ကျိုက်မရောမြို့နယ်၏ COVID - 19 ရောဂါနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လျက်ရှိသော အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေများ ဆေးရုံနှင့်အခြားကျန်းမာရေးဌာနများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကိုယ့်အသိစိတ်ဓါတ်ဖြင့် သတင်းပေးပို့မှု အခြေအနေများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများအား တွေ့ဆုံမေးမြန်း၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာန အကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် COVID- 19 ရောဂါနှင့်ပတ်သက်၍ ကျိုက်မရော ဆေးရုံ အတွင်း၌ စီစဉ်ဆောင်ရွက် ထားရှိမှုများကို မေးမြန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော် က ကုသရေး လုပ်ငန်း များ၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားကြောင်း ၊ယခုလက်ရှိ အခြေအနေတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသမီး တစ်ဦး ကိုယ်အပူချိန်မြင့်တက်ပြီးရောက်ရှိလာသဖြင့် သီးသန့် လူနာဆောင်တွင် သီးသန့်ထားရှိ၍ COVID- 19 ရောဂါရှိမရှိ စစ်ဆေး ဆောင်ရွက်ထားရှိပါကြောင်း သံသယလူနာ အဖြစ် ကျိုက်မရောဆေးရုံတွင် တစ်ဦးသာရှိ ကြောင်း ၊သီးသန့်လူနာဆောင်များဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ဝန်ကြီးချုပ်က ကျိုက်မရော ပြည်သူ့ဆေးရုံအတွက် လိုအပ်ချက်များအား တင်ပြတောင်းဆိုသွားရန် တာဝန်ရှိသူများအား မှာကြားပြီး ဆေးရုံအတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)