နေပြည်တော် မတ် ၂၇
COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ လိုက်နာပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင်ရန်နှင့် သတိနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် ၊ အသိပညာပေးခြင်းလုပ်ငန်းများကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသများရှိ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များ၊ COVID-19ရောဂါ ဖြစ်ပွားလျှင် ခံစားရသော ရောဂါလက္ခဏာများကို သိရှိစေရန်နှင့် အဆိုပါ လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနကို သွားရောက်ပြသရေးအတွက် တိုက်တွန်း နှိုးဆော်မှု များ၊ COVID-19 ရောဂါဖြစ်ပွားပါက အသက်ကြီးသူများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများတွင် ပိုမိုပြင်းထန်စွာ ခံစားရနိုင်မှုများ၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၃)ပေအကွာတွင်နေထိုင်ရန်နှင့် ချောင်းဆိုး၊နှာချေလျှင် တစ်ရှူး၊ တံတောင်ဆစ်နှင့် ကာရန်လိုအပ်မှုများ၊ COVID-19 ရောဂါသည် လက်မှတဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ရာမှ ကူးစက်နိုင်မှုများ၊ ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော (၆၀)ရာခိုင်နှုန်း ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးကြရန် လိုအပ်မှု များ၊ လူစုလူဝေးရှောင်ကြဉ်ရန် နှင့် ကိုယ်ခံအားကောင်းစေရန်အတွက် သန့်ရှင်းပြီး အာဟာရရှိသော အစားအသောက် များကို ချက်ပြုတ် စားသောက်ရန်လိုအပ်မှုများ၊ ရောဂါကူးစက်ရာဒေသနှင့် နိုင်ငံခြားတိုင်းပြည်များမှ ပြန်လာသူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုအပ်ချက်အရ အသွားအလာကန့်သတ် ခြင်း( Quarantine)နှင့် ရောဂါရှိသူအား သီးခြားထားရှိခြင်း (Isolation) လုပ်ငန်းများတွင် တာဝန်သိစွာပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မှုများ၊ ပြည်သူများကလည်း မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်း နိုင်ငံခြားမှ ပြန်ရောက်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ မှတဆင့် သတင်းပို့ကြရန်လိုအပ်မှုများ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ မည်သူမဆို ပေါ့ဆစွာဆောင်ရွက်မှုကြောင့် ဖြစ်စေ တမင်ပြုလုပ်မှု ကြောင့်ဖြစ်စေ ဘေးအန္တရာယ်ဖြစ် ပေါ်လျှင်သော်လည်းကောင်း၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေ ရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းလွှင့်လျှင်သော်လည်းကောင်း ဥပဒေအရ အပြစ်ပေးအရေးယူခံရ နိုင်မှုများ၊ ပြည်သူများအနေဖြင့် ဥပဒေကိုသိရှိပြီး လိုက်နာ ဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်မှုများကို လက်ကိုင် အသံချဲ့စက်များ၊ အသံချဲ့စက်များဖြင့် ရပ်ကွက်နှင့် ကျေးရွာများအတွင်း လှည့်လည် နှိုးဆော်ခြင်းများ၊ အသိပေးပန်ကြားခြင်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)