ဘန်ကောက် မတ် ၂၇
ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် အခြား နိုင်ငံခြားသားများအား ထိုင်းနိုင်ငံအစိုးရက ဇွန် ၃၀ ရက် အထိ ဗီဇာကင်းလွတ်ခွင့် ပြုထားသောကြောင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုတော့ဘဲ အလုပ်လုပ်ကိုင်နေထိုင် နိုင်ကြပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအရေး ဆောင်ရွက် နေကြသူများထံမှ သိရသည်။
အဆိုပါ ဗီဇာကင်းလွတ်ခွင့်ပြုရန်အတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဝန်ကြီး များက ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မတ် ၂၅ ရက်က ဗီဇာကင်းလွတ်ခွင့်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ။
ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့် ထိုင်းလူမှုဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန တို့ ပူးပေါင်း၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုပါ ကျင်းပခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲ၌ ထိုင်းနိုင်ငံသားများအပါအဝင် မည်သည့်နိုင်ငံမှ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားမည်သူမဆို အရေးပေါ် ကာလ၌ လူမှုဖူလုံရေးစနစ်အတွက် ဝင်ရောက်လျှောက်ထားမည်ဆိုပါက အရေးပေါ်ကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလသုံးလအတွက် ထောက်ပံ့ကြေးငွေကို ပေးအပ်မည်ဖြစ်၍ တစ်လလျှင် တစ်ဦးအတွက် ထောက်ပံ့ကြေးငွေဘတ် ၅၀၀၀ စီကို ရရှိမည်ဖြစ်ရာ ယခု မတ်လအတွက် ထောက်ပံ့ကြေးငွေ ဘတ် ၅၀၀၀ ကို ထုတ်ယူနိုင်ပြီဟု အသိပေးပြောကြားထားကြောင်း သိရသည်။
မြို့တော်ဗန်ကောက်ရှိ အလုပ်သမားဟစ်တိုင်မှ ကိုစောမောင်ကလည်း "မတ် ၃၁ ရက်မှာ ဗီဇာသက်တမ်း ကုန်ဆုံးမယ့် ရွှေ့ပြောင်းအလုပ်သမားအားလုံး အတွက် ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တာကြောင့် သက်တမ်းကုန် စာရွက်စာတမ်းတွေ ကိုင်ဆောင်ထားကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စိုးရိမ်ပြီး အပူတပြင်းနဲ့ နေရပ်ကို ပြန်စရာ မလိုတော့ပါဘူး။ အခုဖြစ်ပွားနေတဲ့ ကူးစက် ရောဂါထိန်းချုပ်မှု လုပ်တဲ့နေရာမှာ ထိုင်းနိုင်ငံရော မြန်မာနိုင်ငံ အတွက်ပါ တစ်ဖက် တစ်လမ်းကနေ အထောက်ကူ ဖြစ်စေပါတယ်"ဟု ပြောသည်။
ပွင့်သစ္စာ