လှည်းကူး မတ် ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းတိုးဂိတ်အနီးရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်သို့ ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများကို (COVID-19) ရောဂါစောင့်ကြည့်မှုပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၇:၃၀ နာရီအချိန်က လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တသုန္ဒအား တွေ့ဆုံဖူးမြော်ကာ ကျောင်းတိုက်ရှိ (COVID-19) စောင့်ကြည့်သူများအား ထားရှိသည့် ဓမ္မစာရီ ယောဂီအဆောင်(၂)၊(၄)ထပ်ဆောင်အား ကြည့်ရှုခဲ့ကြပြီး အဆိုပါ ကျောင်းတိုက်တွင် (၃)ထပ်ဆောင် (၁)ဆောင်၊ (၄)ထပ်ဆောင်(၂)ဆောင်ရှိသည့်အနက် (၃)ထပ်ဆောင်(၁)ဆောင်နှင့် (၄)ထပ်ဆောင်(၁) ဆောင်တို့တွင် စောင့်ကြည့်လူနာများအား ထားရှိမည်ဖြစ်ကာ ၎င်းအဆောင်၌ တစ်ခန်းလျှင်(၂)ဦးနှုန်းဖြင့် စုစုပေါင်း (၁၄၀)ခန်းတွင် လူဦးရေ(၂၈၀)ဦး ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
(COVID-19)ရောဂါစောင့်ကြည့်လူနာများ ထားရှိနိုင်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဝန်ကြီးဌာန ဒေါ်မိုမိုးစုကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ဌေး၊ မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (COVID-19) စောင့်ကြည့်သူများထားရှိမည့် ဖောင်ကြီး အရှေ့ကျေးရွာအုပ်စု၊ ဖောင်ကြီးအရှေ့ကျေးရွာ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ (အောက်မြန်မာမာပြည်) ဧည့်ရိပ်သာ(၁)သို့ နံနက်(၈)နာရီ(၅၅)မိနစ်က သွားရောက်ကြည့်ရှုခဲ့သည်။
အဆိုပါ ဧည့်ရိပ်သာ(၁)ဧည့်ခန်းမဆောင်တွင် ပါမောက္ခချုပ်ဦးကျော်ဝင်းဟန်မှ ကျောင်းအတွင်းရှိ (COVID-19)စောင့်ကြည့်သူများအား ထားရှိနိုင်သည့် သင်တန်းသား/သူ အိပ်ဆောင်များအနက်မှ ရေချိုးခန်း/ အိမ်သာတွဲလျက်ပါရှိသည့် ဒဂုံဆောင်နှင့် ဥတ္တရဆောင်အားလည်းကောင်း၊ ရေချိုးခန်း/ အိမ်သာတွဲလျက်မပါရှိသည့် ယုဇနဆောင်၏ အခြေအနေများအားလည်းကောင်း ကျောင်းမြေပုံဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ကျောင်းအတွင်းရှိ ဒဂုံဆောင်၊ ဥတ္တရဆောင်နှင့် ယုဇနဆောင်တို့အားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအတွင်းရှိ တက္ကသိုလ် ဆေးရုံအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ရာ ခေတ္တဆေးရုံအုပ်ဒေါက်တာသန့်ဇင်ထွန်းမှ လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် သင်တန်းသား/သူ အိပ်ဆောင်(၁၇) ဆောင်ရှိသည့် အနက် ဒဂုံဆောင်တွင် ရေချိုးခန်း/ အိမ်သာ တွဲလျှက်ပါရှိသည့် တစ်ဦးချင်း အခန်း(၄၈)ခန်း၊ လူဦးရေ(၄၈)ဦး၊ ဥတ္တရဆောင်တွင် ရေချိုးခန်း/အိမ်သာ တွဲလျက်ပါရှိသည့် (၂)ယောက်ခန်း(၅၆)ခန်း၊ လူဦးရေ(၁၁၂)ဦး၊ ယုဇနဆောင်တွင် ရေချိုးခန်းအိမ်သာတွဲလျက်မပါရှိသည့် တစ်ဦးချင်း အခန်း(၁၂၀)ခန်း၊ လူဦးရေ(၁၂၀)ဦး၊ စုစုပေါင်းသင်တန်းသား/သူ အိပ်ဆောင်(၃)ဆောင်တွင် လူဦးရေ(၂၈၀)ဦး ထားရှိနိုင်ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)