Skip to main content

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် PPE ဝတ်စုံနှင့် ကိုယ်အပူချိန်တိုင်းကိရိယာ ပေးအပ်လှူဒါန်းပွဲအခမ်းအနား သို့ တက်ရောက်

ထားဝယ် မတ် ၂၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် PPE ဝတ်စုံနှင့် ကိုယ်အပူချိန်တိုင်းကိရိယာ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က “COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် လိုအပ်သော အသုံးအဆောင်နှင့် ဆေးများ ဝယ်ယူ ဖြည့်ဆည်းလျက် ရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ နေရပ်ပြန်သူများအား COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ရေး ပစ္စည်းများအား လုံလောက်မှုရှိရန် ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID−19 နှင့်ပတ်သက်၍ ထုတ်ပြန်သော ညွှန်ကြားချက်များကို အလေးထား လိုက်နာရမည်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါကဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်၊ရပ်/ကျေးအဆင့်အထိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် Facility Quarantine လုပ်ဆောင်ချက်များ ဆောင်ရွက် လျက် ရှိပါကြောင်း၊ COVID-19 ရောဂါသည် ကူးစက်မြန်သည့်ရောဂါ ဖြစ်သောကြောင့် ပြည်သူ တစ်ဦးချင်းက ထိထိရောက်ရောက် လိုက်နာဆောင်ရွက် သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ PPE ဝတ်စုံ (၅၀၀) စုံ နှင့် အပူချိန်တိုင်း ကိရိယာ (၇၀) ခုတို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထွန်းမင်းက လက်ခံယူ ပြီး ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက COVID-19 ရောဂါကူးစက်သူ ရှိလာပါက ထားဝယ်ပြည်သူ့ဆေးရုံကြီး အတွင်း သီးသန့်ဆောင် ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ Facility Quarantine အတွက် ထားဝယ်မြို့၊ သူနာပြု သင်တန်းကျောင်း၊ ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်)၊ နည်းပညာ တက္ကသိုလ် (ထားဝယ်)၊ ထားဝယ်တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူ အိပ်ဆောင် များတွင် ပြင်ဆင်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်ထား ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များမှာကြားခဲ့သည်။

၄င်းနောက် တာဝန်ရှိသူများက လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာ၊ အခြေခံပညာ အထက်တန်း၊ ခရေဆောင်၌ တစ်ဖက်ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား (၁၄) ရက် စောင့်ကြည့်ရန် အတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်