Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ချောင်းဦး မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့် Community Based Facility Quarantine အဖြစ် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့ မွန်းလွဲ(၁၂:၃၀)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် တာဝန်ရှိသူ များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်ထွန်းဦးက COVID-19 ရောဂါပိုးရှိသူများ တွေ့ရှိလာပါက ပြည်သူ့ဆေးရုံကြီးတွင်  သီးသန့်ကုသမှုပေးမည့် Quarantine Ward နှင့် Isolation Room များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက PPE ဝတ်စုံ(၁၀)စုံ၊ အပူချိန်တိုင်းကိရိယာများနှင့် Mask များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် ချောင်းဦးမြို့ အထက ကျောင်းတွင် Community Based Facility Quarantine အဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအောင်ဘော်က ပြည်ပ နိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများ နေထိုင်ရေး တို့အတွက် ကြိုတင်စီစဉ်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း တို့အတွက် ဝင်ပေါက် ထွက်ပေါက် ဂိတ်ဖြစ်သည့် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ ဆင်ဖြူရှင် တံတား (ချောင်းဦး)ဂိတ်သို့ သွားရောက်ကာ ခရီးသွား ပြည်သူများအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ယမင်း (ရွှေဦးမြေ)