ညောင်ရွှေ မတ် ၂၈
လတ်တလော ကမ္ဘာနှင့်အဝှမ်းကူးစက်ဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ကူးစက်ပြန့်နှံ့မှုလျင်မြန်လျက်ရှိပြီး လူစည်ကားရာနေရာများတွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ လူစုလူဝေးမပြုလုပ်သင့်ကြောင်း သက်ဆိုင်ရာမှ အသိ ပေးထုတ်ပြန်ထားပါသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ဘုရားဖူးဧည့်သည်များနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအများဆုံးဖြစ်သည့် အင်လေးဖောင်တော်ဦးမြတ်စွာဘုရား၊ နန်းပန်အလိုတော်ပေါက်ဘုရား၊ ရွှေအင်းတိန် မွေတော်ဘုရားနှင့် တာခေါင်မွေတော်ဘုရားတို့အား လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖူးမျှော်ကြည်ညိုခွင့်နှင့် သွားရောက်လည်ပတ်ခွင့်ကို မတ်လ (၂၉)ရက်မှ ဧပြီလ (၃၀)ရက်ထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက်အရ သိရသည်။
စိုင်းအယ်ဘဲ