ဟားခါး မတ် ၂၉
ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လိုအပ်လျက်ရှိသော PPE ဝတ်စုံများ အပါအဝင် ဆေးရုံသုံးပစ္စည်းများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီထံသို့ လွှဲပြောင်း ပေးအပ်ခြင်းနှင့် ရောဂါကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း များကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မြို့မစည်ပင်စျေးတို့တွင် ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် EXCELLENT FORTUNE FOUNDATION က ပေးပို့လှူဒါန်းသည့် PPE ဝတ်စုံများ၊ ရာဘာလက်အိပ်များ၊ Medicial Goggles၊ Face Masks များနှင့် N95-Masks ဆေးပစ္စည်း(၅)မျိုးတို့အတွက် စုစုပေါင်း ငွေကျပ် သိန်း(၅၀)ကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က လွှဲပြောင်းပေးအပ်ရာ ပြည်နယ်အဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းနှင့် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးနှင့် စျေးသစ်ရပ်ကွက်ရှိ ကုန်စိမ်း အရောင်းစျေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြရာ မြို့နယ်စည်ပင် သာယာရေးလုပ်ငန်းကော်မတီ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းနှင့် တာဝန်ရှိသူများက စျေးများအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးအတွက် လက်ဆေးကန်များ ဆောင်ရွက်ထားရှိမှုနှင့် စျေးသည်၊ စျေးဝယ်များ အား ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုမရှိစေရေး ပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စျေးများအတွင်း အခါအားလျော်စွာ ပိုးသတ်ဆေးဖျန်းပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်၊ စျေးဝယ်လာသူများနှင့် စျေးသည်များ ရောဂါကူးစက်မှု မရှိစေရေး လက်ဆေးကန်များ စနစ်တကျ ဆက်လက်ဆောင်ရွက်ထားရှိရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)