Skip to main content

ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုသည့် ဆရာဝန်များ၊ ဆရာမများနှင့် ဝန်ထမ်းများ ထားရှိမည့် အဆောက်အဦအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကြည့်ရှုစစ်ဆေး

ရန်ကုန်  မတ် ၂၉

ကိူရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်ကြည့်ရှုသည့် ဆရာဝန်များ၊ ဆရာမများနှင့် ဝန်ထမ်းများထားရှိမည့် အဆောက်အဦကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယမန်နေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းသို့ ရောက်ရှိပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အတူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ လိုက်ပါခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် အဆိုပါဝင်းအတွင်း ဝန်ထမ်းများအတွက် ဆောက်လုပ်လျက်ရှိသော (၄) ခန်းတွဲ (၁၀) ထပ်ရှိ အခန်းနေရာများကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်ကြည့်ရှုနေသည့် ဆရာဝန်များ၊ ဆရာမများနှင့် ဝန်ထမ်းများအား ထားရှိရန် ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဝန်ကြီးချုပ်သည် လသာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့်သူများအတွက် ပြင်ပလူနာဌာန (ယာယီ) အဖြစ် ဖွင့်လှစ်ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်သည် လှိုင်မြို့နယ်ရှိ Hlaing Quarantine Center သို့ သွားရောက်ပြီး ပြည်ပမှပြန်လည်ရောက်ရှိလာသည့်သူများအား (၁၄)ရက်ကြာ အသွားအလာ ကန့်သတ်၍ သီးခြားခွဲထားပြီး စောင့်ကြပ် ကြည့်ရှုနေသည့်  အခြေအနေများကိုလည်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ Hlaing Quarantine Center ၌ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းခံရသူ (၁၆၅) ဦးရှိပြီး ဆက်လက် ရောက်ရှိလာမည့် သူများရှိကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)