Skip to main content

လွတ်လပ်ပြီး တရားမျှတမှ နိုင်ငံ့ဂုဏ်သိက္ခာမြင့်မား

“ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူတွေလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေပြီး နိုင်ငံရဲ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာမြင့်မားစေမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ခြင်း၊ နည်းမျိုးစုံနဲ့ မသမာမှုလုပ်ဆောင်ခြင်း စတာတွေ ပေါ်ပေါက်လာတယ်ဆိုရင်တော့ နိုင်ငံရဲ့ပုံရိပ်ကျဆင်းစေပြီး နိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းဟာလည်း အနုတ်လက္ခဏာဆောင်မှာဖြစ်ပါတယ်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လပြည့်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ယူခဲ့ရသည်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မရိုးသားသည့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာသောကြောင့် တာဝန်ယူခဲ့ရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့မည်ဆိုပါက ယခုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမည့်အခြေအနေသို့ ရောက်ရှိလာမည်မဟုတ်ပေ။ ပြည်သူများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲပြင်ဆင်ချိန်ကာလများကို ပြန်လည်လေ့လာကြည့်လျှင် မြန်မာနိုင်ငံရှိ ပါတီအဖွဲ့အစည်းခေါင်းဆောင်များက ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုကာလတွင် အာဏာရပါတီ၏ မမှန်မကန်ဆောင်ရွက်မှုများကို ထုတ်ဖော်ပြောကြားကြသည်ကို တွေ့ရမည်ဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးသည် ဒီမိုကရေစီလုပ်ငန်းစဉ်တွင် အဓိကကျသည့်အချက်ဖြစ်သည်။ သို့သော် အာဏာရပါတီအနေဖြင့် ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အခြားပါတီများအပေါ် ကန့်သတ်မှုများ ပိုမိုများပြားလာခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ချိန်တွင်လည်း ကွဲလွဲမှုများပြားစွာ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မဲဆန္ဒရှင်စာရင်းနှင့် ၂၀၁၅ခုနှစ် မဲဆန္ဒရှင်စာရင်းတွင် မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းအရ ကွာဟချက် လွန်စွာများပြားခဲ့ပြီး မဲစာရင်းများ ပြန်လည်စိစစ်ချိန်တွင် လွဲမှားမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအား မဲစာရင်းများပြန်လည်ရှင်းလင်းပြီးမှ လွှတ်တော်ခေါ်ယူရန် တပ်မတော်က မေတ္တာရပ်ခံခဲ့သကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများမှတစ်ဆင့် ပြောကြားခဲ့သည်။ သို့သော် ယင်းကိုမျက်ကွယ်ပြု၍ လွှတ်တော်ခေါ်ယူခဲ့ခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်များ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မှန်ကန်သောမဲစာရင်းများ ပေါ်ထွက်လာစေရေးအတွက် မဲစာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲပေးထားသူများ၊ အသက် (၁၈) နှစ်ပြည့်သော်လည်း နိုင်ငံသားအဖြစ် စိစစ်ခြင်းမပြုရသေးဘဲ မဲပေးသူများ၊ နှစ်ကြိမ်မဲပေးသူများနှင့် ကွယ်လွန်ပြီးသူများက မဲပေးထားကြသည်ကို စိစစ်တွေ့ရှိခဲ့သည်။ ထိုသို့ဖြစ်ခဲ့သည်မှာ မရိုးမသား ပြုလုပ် လိုသောသဘောဖြင့် သေချာစိစစ်ခြင်းမပြုလုပ်ဘဲ အနိုင်မဲရရှိရေးအတွက် ရှေ့တန်းတင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် လာမည့်ကာလတွင် တရားမျှတပြီး မှန်ကန်သည့် ရွေးကောက်ပွဲစနစ်ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်ချက်များကို ပြန်လည်စိစစ်ခဲ့ရာ အများစုကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ အသက်မပြည့်ဘဲ မဲပေးခဲ့ကြသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ရာ အချို့တည်ငြိမ်မှုမရှိသည့် ဒေသများမှလွဲ၍ ကျန်ရှိသည့်ဒေသများတွင် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်စေပြီး နိုင်ငံသားဖြစ်ခွင့်မရှိသူများ နိုင်ငံသားမဖြစ်စေရေးကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျက်ရှိသည်။ ကောက်ယူထားသည့် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းသည် မပြည့်စုံမှု လစ်ဟာမှုများရှိသောကြောင့် ပြဿနာများ ပေါ်ပေါက်ခဲ့ရသည်။ ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ သန်းရှိသော်လည်း လူဦးရေ လေးသန်းမှာ ပြည်ပသို့ရောက်ရှိနေသူများဖြစ်သည်။ ထို့ကြောင့် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာအကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံသားတစ်ယောက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပြည်သူတိုင်း၊ အဖွဲ့အစည်းတိုင်းက ပါဝင်လိုက်နာဆောင်ရွက်ဖို့လိုပါသည်။

သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရန်အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးတွင် အရေးကြီးသောအချက်ဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး၊ မဲစာရင်းများ မှန်ကန်ရေးကို ဆောင်ရွက်နိုင်ပါမှ နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း။    ။