လွိုင်ကော် မတ် ၂၉
ကယားပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအား ထိရောက်စွာ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်း အဝင်/အထွက် သွားလာသည့် ဝင်ပေါက်များ မှစနစ်တကျ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ဝင်ရောက်စေရေး၊ ပြည်ပနိုင်ငံများမှ နေရပ်ပြန် များဖြစ်ပါက မိမိတို့၏နေအိမ်များသို့ ပြန်လည်နေထိုင်စေခြင်းမရှိဘဲ စစ်ဆေးရေးဂိတ်များမှတဆင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် Facilities Quarantine နေရာများသို့တိုက်ရိုက်စေလွှတ်ဆောင်ရွက် နိုင်ရေး၊ Facilities Quarantine များဖွင့်လှစ်ရာတွင်လည်း အတတ်နိုင်ဆုံး လူစုလူဝေးနှင့် ထားရှိခြင်းမျိုးမဟုတ်ဘဲ ဆရာဝန်များ၏ ညွန်ကြားချက်အတိုင်း နေထိုင်စေရေးနှင့်စောင့်ကြည့်လူနာများမှတဆင့် အချင်းချင်းကူးစက်ပြန့်ပွားမှုမရှိဘဲထိန်းချုပ် နိုင်စေရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများနှင့် အတူ ယနေ့ နံနက်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားတောမြို့နယ် ပွန်ချောင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး ထိုင်းနိုင်ငံနယ်စပ် BP (9) ဝင်ပေါက်နှင့် အခြားသော လမ်းကြောင်းများမှ ပြန်လည်ရောက်ရှိလာသူများအား စစ်ဆေးဆောင်ရွက်နိုင်ရေး ပွန်ချောင်း စစ်ဆေးရေးဂိတ်နှင့် စလောင်းကျေးရွာ စစ်ဆေးရေးဂိတ်များသို့သွားရောက်ပြီး အဆိုပါဂိတ်များတွင် နယ်စပ်ဝင်/ထွက် ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ရန် စီမံထားရှိမှုများနှင့် ဝန်ထမ်းများ တာဝန်ပေးအပ်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များအတိုင်း စနစ်တကျ ဆောင်ရွက်ကြရန်နှင့်လိုအပ်သည့် စစ်ဆေးရေးဆိုင်ရာပစ္စည်းများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်းလမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားတောမြို့နယ် အထက(ရှားတော)ကျောင်းသို့ သွားရောက်ပြီး နေရပ်ပြန်လာသူများအား Facilities Quarantine ဆောင်ရွက်ထားမှုများ၊ ၎င်းတို့ အတွက်စားသောက်၊ နေထိုင်ရေးစီမံ ဆောင်ရွက်ထားမှုများ၊ နေ့စဉ်ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးမှုများ၊ လုပ်ငန်းဆောင်ရွက်စဉ် လိုအပ်ချက်များလိုအပ် အချက်များရှိပါ အချိန်နှင့်တပြေးညီတင်ပြ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လွိုင်ကော်မြို့နယ်အတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများအား Facilities Quarantine ဆောင်ရွက်ပေး လျက်ရှိသော လွိုင်ကော်မြို့ အား/ကာသိပ္ပံကျောင်း၊ သူနာပြု သင်တန်းကျောင်းရှိ (၂)ထပ် စာသင်ဆောင် နှင့် သာသနာ့ဗိမာန်တော်သို့ သွားရောက်ပြီး ကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက် ရာတွင် ကျန်းမာရေးဌာနမှညွှန်ကြားထားသည့် အတိုင်းဖြစ်စေရေး၊ စောင့်ကြည့်ခြင်းခံရသူများအနေနှင့် စားသောက်နေထိုင်ရေး အဆင်ပြေစေရန်၊ သောက်သုံးရေများအတွက် တစ်ဦးသုံး သောက်ရေသန့်ဗူးများဖြင့်အသုံးပြုစေရေး၊ နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုဆောင်ရွက်ရာတွင်လည်း ကျန်းမာရေး ဝန်ထမ်းများအနေနှင့် သတ်မှတ်ဝတ်စုံပြည့်ဝတ်ဆင်ပြီး သတ်မှတ်အကွာအဝေးများအတိုင်း စနစ်တကျ စစ်ဆေးဆောင်ရွက် သွားရန် နှင့် ဖျားနာသည့်လူနာများတွေ့ရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အဆင့်ဆင့် အချိန်နှင့်တပြေးညီ သတင်းပို့ တင်ပြဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
ထွန်းလေး