Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုအား ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော်  မတ်  ၂၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(နေပြည်တော်)နှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(ရန်ကုန်)တို့ Video Conferences စနစ်ဖြင့် ချိတ်ဆက်ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုအား ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးအောင်စိုးက Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ နယ်စပ်ကုန်သွယ်မှုနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု ပုံမှန်စီးဆင်းမှုမရှိသည့်အပေါ် အခွင့်ကောင်းယူပြီး ပုဂ္ဂိုလ်အချို့က ဈေးနှုန်းမြှင့်တင်ရောင်းချမှုများပြုလုပ်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 စတင်ဖြစ်ပွားချိန်ကတည်းက ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ နှင့်ပတ်သက်သည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

အချို့အသင်းအဖွဲ့များက အသင်းအဖွဲ့အလိုက် လုပ်နိုင်သည်များကို လုပ်ကိုင် ဆောင်ရွက် လျက်ရှိသည့်အပြင် လှူနိုင်သည်များကိုလည်း လှူဒါန်းလျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ကုန်သွယ်မှုနှင့် ရောင်းဝယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့ စေရန် ကူညီထောက်ပံ့မှုများပေးပြီး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအချိန်တွင် COVID-19 ကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုများ ရှိလာပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူများ၏ စားဝတ်နေရေးကို အဓိက ဖြည့်ဆည်းပေးနေသည့် ဈေးများနှင့် လက်လီရောင်းချသူများကိုတွေ့ဆုံပြီး ၎င်းတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မိမိတို့နိုင်ငံသည် ဆန်၊ ငရုပ်၊ ကြက်သွန်၊ ပဲစသည့် အခြေခံစားသောက်ကုန်များကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေသည့် နိုင်ငံဖြစ်သည့်အတွက် ပြည်တွင်းအတွက် ဖူလုံမှု ရှိသည့်အပြင် ပြည်ပသို့ပို့ဆောင်လျက်ရှိပါကြောင်း၊ ထို့ပြင် ဆီဖူလုံမှုရှိစေရန်အတွက် လည်း ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရှိပါကြောင်း၊ ဈေးကွက်အတွင်း ကုန်ပစ္စည်း ပြတ်လတ်မှုမရှိအောင် ဆောင်ရွက်ထားရှိသည့်အတွက် စိတ်ပူပင်ရန် မလိုအပ်ပါကြောင်း။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးလုပ်ငန်းကော်မတီကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအပါအဝင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ ကုန်သွယ်မှုဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Help Desk ဖွင့်လှစ်၍ ဆောင်ရွက် လျက်ရှိပါကြောင်း။

ယခုအချိန်တွင် ဈေးကွက်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ အား ဈေးကစားမှုများကြောင့် ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနအနေဖြင့် အပ်နှင်းထားသည့် ဥပဒေနှင့်အညီ ဈေးကစားသူများအား အချိန်မီ လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအ ထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများဈေးနှုန်တည်ငြိမ်းရေး၊ အရေးကြီးကုန်ပစ္စည်းအဖြစ် သတ်မှတ်နိုင်ရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း တည်ငြိမ်ရေးတို့အတွက် အသင်းအဖွဲ့အလိုက် အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအင်း၊ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း၊ မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များက ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေမှုအခြေအနေ၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည့် အခြေအနေ၊ အသင်းအလိုက်၊ အဖွဲ့အစည်း အလိုက် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေ အနေများ၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် အရေးကြီးကုန်ပစ္စည်းအဖြစ် သတ်မှတ်ရေး၊ အသင်း အဖွဲ့အလိုက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ အကောက်ခွန်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နေပြည်တော်စည်ပင် သာယာရေး ကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာ ကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ  ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဈေးနှုန်းတည်ငြိမ်ရေးနှင့် အရေးကြီးကုန်ပစ္စည်းအဖြစ် သတ်မှတ်ရေးတို့နှင့်စပ်လျဉ်း၍ ဌာနအလိုက် လုပ်ငန်းများချောမွေ့အောင် ပူးပေါင်းကူညီဆောင်ရွက်သွားပေးသွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ ကြောင်း သိရသည်။

 (သတင်းစဉ်)