Skip to main content

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်   မတ်   ၃၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိရောက်စွာကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီးအစိုးရရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး  မြို့နယ်များတွင် စီမံခန့်ခွဲမှုကော်မတီများကို ဖွဲ့စည်းပြီးဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ၊ လမ်းများအထိ ထိန်းချုပ်နိုင်ဖို့လိုကြောင်း၊ နယ်စပ်မှ ပြန်ဝင်လာသူများ၊ လေဆိပ်မှ ပြန်ဝင်လာသူများကို Quarantine လုပ်ရတွင်အလွယ်တကူမလုပ်ဘဲ ဟိုတယ်များမှာကဲ့သို့ အခန်းများစီစဉ်ကာ စနစ်တကျထားရှိပြီး ရောဂါမပြန့်ပွားရေးအတွက် ကြိုးစားလုပ်ဆောင်နေကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် ရှေ့တန်းတိုက်စစ်မှူးများဖြစ်ပြီး ၎င်းတို့ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်လျှင်  မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ မိမိတို့၏ မြို့နယ်များတွင် Quarantine ပြုလုပ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ပြည်သူများ၊ အရပ်ဖက်အဖွဲ့စည်းများ၏ပူးပေါင်းပါဝင်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ အခြေအနေများကို ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် စီစဉ်ပေးခဲ့သည်။

ဆန်းကျော်ဦး (ပြန် /ဆက်)