နေပြည်တော် မတ် ၃၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် မတ် ၂၇ ရက် က COVID-19 ကြောင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုများကို ကုစားနိုင်ရေး မန္တလေး မြို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)နှင့် မြန်မာ နိုင်ငံ စားသောက်ဆိုင်များအသင်း(မန္တလေးဇုန်)တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေး မှူးများနှင့်လည်းကောင်း၊ မတ် ၂၈ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် လည်း ကောင်း၊ မတ် ၂၉ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုကြုံတွေ့နေရသည့် COVID – 19 ကာလတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များသာမက ဆက်စပ်လုပ်ငန်းများအပေါ်တွင် များစွာထိခိုက်လျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ အခက်အခဲကြုံတွေ့နေရသည်ကို သိရှိပါကြောင်း၊ ထိုကဲ့သို့ ထိခိုက်မှုများကို နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ထိရောက်စွာပံ့ပိုးပေးရန်အတွက် အချက် အလက်များ ကောက်ခံရန် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအပြင် ဆက်စပ်လုပ်ငန်းရှင် များအနေဖြင့် လုပ်ငန်းထိခိုက်ရမှုများကို စနစ်တကျ တင်ပြနိုင်ရန် လိုအပ်ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့များက ထိရောက်စွာ ပူးပေါင်း ပါဝင်ဆောင် ရွက်ရေး မေတ္တာရပ်ခံလိုပါကြောင်း။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကူညီပံ့ပိုးမှုရရှိစေရေး အတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ COVID-19 ကြောင့် လတ် တလော စီးပွားရေး ထိခိုက်မှုအများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့်ကဏ္ဍများအဖြစ် သတ်မှတ်၍ ချေးငွေများထုတ်ချေးပေးရန် ဆောင်ရွက် လျက်ရှိရာ လိုအပ်မည့် ဘဏ္ဍာအရင်းအမြစ် ရရှိနိုင် ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်း အသီးသီး ဆောင်ရွက်နေမှုနှင့် လိုအပ်သည့်ကိန်းဂဏန်းများကို တိတိကျကျ ကောက်ခံထားရှိတင်ပြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနလျာထားရန်ပုံငွေမှကျခံ၍ ခရီးသွား လုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများ အတွက် အခြေခံသင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် အရည်အသွေးမြှင့် သင်တန်းများ ပို့ချနိုင်ရန် သာမက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များမှ လက်လုပ် လက်စား လုပ်သားများ ကိုပါ ခရီးသွား ဝန်ဆောင်မှုသင်တန်းများပို့ချသွားနိုင်ရန် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ နှင့်ဝန်ကြီး ဌာနက ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အတွင်းရေး မှူးများက ၎င်းတို့၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုများ၊ COVID-19 ကြောင့် လတ်တလော ကြုံတွေ့ နေရသည့်အခက်အခဲများနှင့် COVID-19 အလွန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ လာရေးဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)