နေပြည်တော် မတ် ၃၀
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော် မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံး ပစ္စည်း များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ လှူဒါန်းမှုများကို လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးနေဝင်းထွန်းက မိမိတို့ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လိုအပ် သည်များကို နိုင်ငံသားများ ပီသစွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယခုအခါ ချမ်းသာကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ ဖြစ်ပွား နေသည် ကို တွေ့ရှိနေရပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အစိုးရနှင့် ပုဂ္ဂလိက လက်တွဲညီညီဖြင့် ပူးပေါင်း ဆောင်ရွက် နေကြ သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား "အရေးကြီးပြီ သွေးစည်းကြစို့" ဆောင်ပုဒ်နှင့် အညီ စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက် ရာတွင် မိမိတို့အနေဖြင့်လည်း တတ်အားသရွေ့၊ အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုကဲ့သို့ လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများမှ လှူဒါန်းငွေများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ခြင်း လုပ်ငန်း များတွင် ပြည်သူများကိုယ်တိုင် မိမိ ကိုယ်ကို ရောဂါမကူးစက်စေရန်နှင့် မိမိမှ တစ်ဆင့် အခြားသူများထံ ရောဂါမကူးစက်စေရန် နည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ထိရောက်နိုင် မည်ဖြစ် ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေး ဦးစီးဌာန) ဒေါက်တာစိုးဦးတို့က လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ် သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ကျောက်မျက် ကုမ္ပဏီများက ငွေကျပ် (၄၁၀၀ဒသမ၅) သိန်းနှင့် (၁၄၂ဒသမ၆) သိန်း တန်ဖိုး ဆေးရုံသုံး ပစ္စည်းများ ကိုလည်း ကောင်း၊ TZTM Group of Companies and Mingalar Thiri Hotel မိသားစုက ငွေကျပ် သိန်း (၃၀၀) ကိုလည်းကောင်း၊ Mya Htike Company Limited မိသားစုက ငွေကျပ် (၁၆၄ဒသမ၈) သိန်းနှင့် ဆေးရုံသုံး ပစ္စည်းများကို လည်းကောင်း၊ J- Mr. Yan Changzhi ZTE Co.Ltd က ငွေကျပ် (၁၁၂) သိန်းတန်ဖိုးရှိ test kit များကို လည်းကောင်း၊ ရွှေပြည့်စုံ သင်္ကန်း ပိတ်လိတ်ဖြန့်ချီရေးမိသားစုက ငွေကျပ် (၃၀ဒသမ၆) သိန်းကို လည်းကောင်း ပေးအပ်လှူဒါန်းသည်။
ညနေပိုင်းတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်း ငွေကျပ်သိန်း (၅၀၀) ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟို အလုပ် အမှုဆောင် အတွင်းရေးမှူး ဦးပိုက်ထွေးနှင့် တာဝန်ရှိသူများက လာရောက် လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူခဲ့သည်။
(သတင်းစဉ်)