ရန်ကုန် မတ် ၃၀
ရန်ကုန်ဘူတာကြီးမှ ထွက်ခွာပြေးဆွဲပေးနေသည့် အမြန်ရထားတွဲဆိုင်းများကို ယာယီရပ်နား ထားခြင်းမ ရှိသေးသော်လည်း ရထားစီးခရီးသည် လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ နေ့စဉ် စောင့်ကြည့်ကာ ရထားတွဲချိတ် ဆက်မှုအား လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မတ် ၂၉ ရက် နံနက် ၆ နာရီ ခရီးစဉ်ဖြင့် ထွက်ခွာပြေးဆွဲသွားသည့် အမှတ်(၈၉) အဆန် ရန်ကုန်-မော်လမြိုင် ရထားတွဲဆိုင်း၌ အထက်တန်းထိုင်ခုံနှစ်တွဲနှင့် ရိုးရိုးတန်းထိုင်ခုံ နှစ်တွဲဖြင့် စုစုပေါင်းရထားတွဲ လေးတွဲအား လျှော့ချ၍ ပြေးဆွဲခဲ့ရကြောင်း၊ ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာသို့ အမြန်ရထား သုံးစင်း၊ မော်လမြိုင် ဘူတာသို့ နှစ်စင်း၊ ပြည် ဘူတာသို့ တစ်စင်းနှင့် ပုဂံဘူတာသို့ တစ်စင်းဖြင့် နေ့စဉ်ထွက်ခွာပေးလျက်ရှိသည်။ လိုက်ပါစီးနင်းသည့် ရထားစီး ခရီးသည်ဦးရေမှာ မတ် ၂၅ ရက်တွင် ၃၂၉၇ ဦး၊ မတ် ၂၆ ရက်တွင် ၂၇၉၄ ဦး၊ မတ် ၂၇ ရက်တွင် ၂၂ဝ၃ ဦး နှင့် မတ် ၂၈ ရက်တွင် ၁၈၈၃ ဦး ရှိခဲ့သည်။
ကြည့်မြင်တိုင်ဘူတာမှထွက်သည့် ပြည်စာပို့ရထားနှင့် သာရဝေါရထားတို့၌ ရထားတစ်စင်းလျှင် အနည်းဆုံး လိုက်ပါစီးနင်းသည့်ခရီးသည် ၅၄၁ ဦး၊ အများဆုံး ၉၇၆ ဦးအထိ လိုက်ပါစီးနင်းခဲ့ကြ၍ ခရီးသည် များပြား လျက်ရှိ နေသောကြောင့် ရထားပြေးဆွဲခြင်းခရီးစဉ် ရပ်နားခြင်းနှင့် လူစီးတွဲ လျှော့ချခြင်းများ မရှိသေး ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ရထားတွဲဆိုင်း ၁၆၈ တွဲအား ပြေးဆွဲလျက်ရှိရာ ယခုအခါ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားလမ်းပိုင်းများတွင် COVID-19 နှင့်ပတ်သက်၍ မြို့တွင်းခရီးသည် သွားလာမှုနည်းပါး လာသဖြင့် ရထားစီးခရီးသည် များ လျော့နည်းလာသည့်အတွက်ကြောင့် မြို့ပတ်ရထားတွဲဆိုင်း ၆၉ တွဲအား ယနေ့မှစတင်၍ ယာယီလျှော့ချ ပြေးဆွဲ လျက်ရှိသည်။ ကျန်ရထားတွဲဆိုင်း ၉၉ တွဲအား နေ့စဉ်ပြေး ဆွဲသွားမည်ဖြစ်ရာ ရထားစီးခရီးသည်များ သိရှိစေရန်အတွက် ပြေးဆွဲမည့် မြို့ပတ်ရထားခရီးစဉ်များကို သက်ဆိုင်ရာဘူတာအသီးသီး၌ အသေးစိတ်အသိပေး ကြေညာပေးထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်