မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၁၈ ရက်က ထုတ်ပြန် ကြေညာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း အနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေမှု၊ အဆိုပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိလာသည်။
အဆိုပါမုန်တိုင်းငယ်သည် သြဂုတ်လ ၁၉ ရက်တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်- ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားကာ အိန္ဒိယနိုင်ငံ အနောက်ဘက်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သည်။ အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်း မရှိသော်လည်း ပြီးခဲ့သည့်ရက်များက အားကောင်းသော လေဖိအားနည်းရပ်ဝန်း နှင့်မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယခုအခါ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာသည်။ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းလေပြင်းထန်လျက်ရှိသည်။ ဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်များကို သက်ဆိုင်ရာဌာနက အချိန်နှင့်တစ်ပြေးညီ အသိပေးထုတ်ပြန်လျက်ရှိသည့်အပြင် ဒေသဆိုင်ရာ တာဝန်ရှိသူများကလည်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်များအတွင်းမှ ယနေ့အချိန်အထိ နိုင်ငံအနှံ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အချို့မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ပြည်သူအချို့မှာ ရေဘေးသင့်ခဲ့ကြသည်။ မိုးရွာသွန်းမှု၊ မိုးကြီးမှုဖြစ်စဉ် များသည် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်၍ အထူးသဖြင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ၊ မြေပြိုမှုဖြစ်စဉ်များကို သတိပြုကြရမည်ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ နောက်ဆက်တွဲ သဘာဝဘေးအမျိုးမျိုးဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုကြရန်လိုအပ်ပါသည်။ ရေကြောင်းခရီးသွားလာမှုနှင့် ကမ်းဝေးကမ်းနီးငါးဖမ်းခြင်းလုပ်ငန်းများအနေဖြင့် မိုးလေဝသဌာန၏ထုတ်ပြန် ချက်များကို သတိပြုရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် သဘာဝဘေးအမျိုးမျိုးဖြစ်သည့် ငလျင်၊ ဆူနာမီ၊ ရေကြီး ရေလျှံ၊ မြေပြိုမှု၊ ဆိုင်ကလုန်းမုန်တိုင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည် တို့ကို ကြုံတွေ့ဖူးပြီး ပျက်စီးဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ သဘာဝဘေးအမျိုးမျိုး ကြောင့် ပြည်သူများ၏ စီးပွားဥစ္စာများ ထိခိုက်ဆုံးရှုံးမှုရှိခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကို အမြဲတစေဆန်းစစ်လေ့လာပြီး အန္တရာယ်ကျရောက်နိုင်ခြေရှိသည့် ဒေသနေရာများတွင် ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ပြီး ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝ ဘေးများကို ကြုံတွေ့နေရသည်ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများနှင့်နှိုင်းစာလျှင် များစွာလျော့နည်းသက်သာနေသည်ကို တွေ့ရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သဘာဝဘေးအန္တရာယ်သည် ခန့်မှန်းရမလွယ်ကူသဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ နိုင်ငံပိုင်မီဒီယာများနှင့် မိုးလေဝသနှင့်ဇလဗေဒဌာနက အသိပေးထုတ်ပြန်ချက်များကို မျက်ခြည်မပြတ် ဂရုစိုက်မှတ်သားရန်လိုအပ်ပါသည်။ မုန်တိုင်းကျရောက်ပါက မုန်တိုင်းဒဏ်ခံနိုင် သောနေရာများ၊ အဆောက်အအုံများကို ရွေးချယ်ထားရန်လိုအပ်ပါသည်။ မုန်တိုင်း မကျရောက်မီ သောက်သုံးရေ၊ အစားအစာ၊ အဝတ်အထည်စသည့် ပစ္စည်းများကို ကြိုတင်စုဆောင်ထားရန်လိုပါသည်။ မုန်တိုင်းဖြတ်သန်းပြီးပါက နာရီဝက်အတွင်း ပိုမိုပြင်းထန်သည့်လေ တိုက်ခတ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးဖြစ်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြရန် လိုအပ်ပါသည်။ သဘာဝဘေးကို အသိသတိထားရှိကာ ကြိုတင်သတိပေးချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန်နှင့် သဘာဝဘေးကြောင့် လူ့အသိုင်းအဝိုင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်အတွက် တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။