စက်တင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား စက်တင်ဘာ ၆ ရက်၌ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများအား လက်ခံဖြေကြားခဲ့သည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည် -
မေး -အခုလိုမျိုး ဒီနေ့အင်တာဗျူးဖြေကြားဖို့အတွက် အချိန်ခွဲဝေပေးတဲ့အတွက်လည်း CRCS သတင်းဌာနမှ ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ အဆွေတော်အနေနဲ့ ရုရှားနိုင်ငံကို ယခုနှစ်အတွင်းမှာ ဒါဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့တစ်ကြိမ် မိမိတို့သတင်းဌာနနဲ့ တွေ့ဆုံမှုဟာ ဆိုလို့ရှိရင် ပြီးခဲ့တဲ့နှစ် ဒီ Moscow International Security Forum မှာ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း မိမိတို့အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးပါတယ်။ အဆွေတော်အနေဖြင့် ပြီးခဲ့တဲ့အကြိမ် ပါဝင်တက်ရောက်ခဲ့တဲ့ Moscow International Security Conference နဲ့ အဆွေတော် ဆွေးနွေးရာမှာ အာရှ-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးဆိုင်ရာဘေး အန္တရာယ်သည် သိသိသာသာ တိုးမြှင့်လာခဲ့သည်လို့ ဆိုခဲ့ပါတယ်။ ယနေ့အချိန်လည်း ထိုင်ဝမ်တစ်ဝိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကြောင့် ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း လုံခြုံရေးသဘောတရား အခင်းအကျင်းသစ်များကို တွေ့မြင်လာကြရပါတယ်။ ဒေသတွင်း ဆက်တိုက်ဖြစ်ပေါ်လာသော ပဋိပက္ခပြဿနာတွေမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခအဆင့်အထိ တိုးမြှင့်သွားနိုင်သည် ရှိ/မရှိနှင့် ပတ်သက်ပြီး အဆွေတော်အနေနှင့် အနည်းငယ် ဆွေးနွေးပြောကြား ပေးစေလိုပါတယ်။ ပထမမေးတဲ့ မေးခွန်းလေးပါပဲ ဒီဒေသတွင်းမှာ လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ တိုးမြှင့်သွားနိုင်သည် ရှိ/မရှိကို ပြောကြားပေးပါ။
ဖြေ -ပြီးခဲ့တဲ့လ အမေရိကန်နဲ့ ထိုင်ဝမ်ဆက်ဆံရေးဖြစ်ပေါ်မှု အပေါ်မှာ ပြန်လည်သုံးသပ် ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ One China Policy ကို များစွာထိရောက်စေခဲ့တယ်ဆိုတာ သွားတွေ့ပါတယ်။ One China Policy ဟာ တရုတ်နိုင်ငံရော အမေရိကန်နိုင်ငံရော လက်ခံထားတဲ့ မူဝါဒဖြစ်ပါတယ်။ တစ်ဖန်နောက်ဆက်တွဲ အမေရိကတာဝန်ရှိ ပုဂ္ဂိုလ်တွေ ထိုင်ဝမ်ကို ဆက်တိုက်သွားခြင်းဟာလည်း မီးလောင်ရာလေပင့် ဖြစ်စေခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒါလည်း အထူးဂရုစိုက်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ အဲဒီတော့ မကျေနပ်ချက်ရှိတဲ့ တိုင်းပြည်၊ စိုးရိမ်ပူပန်ရတဲ့ တိုင်းပြည်ကတော့ သူတို့ရဲ့ မကျေနပ်ချက် စိုးရိမ်ပူပန်မှုတွေကိုလည်း ပြလာမှာပဲ ဖြစ်ပါတယ်။ အဲဒီပြသမှုကတော့ တည်ငြိမ်အေးချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုကိုတော့ အထောက်အကူပြုလိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ ကျွန်တော်တို့ သတိပြုရမှာပဲဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလိုပြဿနာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို စစ်လက်နက် ပစ္စည်း ထောက်ပံ့ပေးတာတွေ၊ ရောင်းချပေးတာတွေ ကျွန်တော်တို့တွေ့ပါတယ်။ အမေရိကန်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းထဲမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလည်းပါပါတယ်။ ပြီးခဲ့တဲ့ ယူကရိန်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း အလားတူ စွာပဲ ကျွန်တော်တို့ တွေ့ရတယ်။ ပြဿနာကိုပဲ နှယ်နှယ်ရရ ဖန်တီးတတ်တယ်။ ပြီးတော့မှ လက်နက်ခဲယမ်းမီးကျောက်တွေ ထောက်ပံ့တယ်။ အရန်ထားရှိတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးခြင်းအားဖြင့် တိုက်ပွဲရဲ့ စစ်ပွဲရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲအောင်ဖန်တီးလာတယ်။ သူတို့ရဲ့ သူတို့နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းထဲမှာ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်တဲ့လုပ်ငန်းဟာလည်း ပါတယ်။ အဲဒီတော့ အရန်ထုတ်လိုက်ပြီဆိုကတည်းက ပစ္စည်းတွေထပ်ပြီး အသစ်ပြန်ထုတ်ရတယ်။ ဒါစစ်ပွဲကို နားလည်တဲ့သူတိုင်း သဘောပေါက်ပါတယ်။ ဒါကတော့ပထမအချက်အနေနဲ့ တွေ့ရပါတယ်။ ဒုတိယအချက်ကတော့ ပဋိပက္ခတွေထပ်ပြီး ဆိုးလာနိုင်မလားဆိုတာတော့ လူတွေကတော့ တတ်နိုင်တာသလောက်တော့ နိုင်ငံတွေကတော့ ရှောင်ကြလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ တကယ်လို့သာ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ဖက်ကနေပြီး ပိုပြီးအောင်မြင်အောင် လုပ်မယ်ဆို ပိုကောင်းပါတယ်။ လက်နက်ခဲယမ်းများ ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်မယ့်အစား ကိုဗစ်ကို အထောက်အကူမပြုတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုမယ်ဆိုရင် ပြည်သူတွေကတော့ ကမ္ဘာ့နိုင်ငံတွေကို ကျေးဇူးတင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
မေး -လက်ရှိ မြန်မာနိုင်ငံပြည်တွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုအခြေအနေလေး နဲ့ပတ်သက်ပြီး သိရှိလိုတာ ဖြစ်ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ဒီမတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်နိုင်မှုအခြေအနေလေးကိုလည်း သိရှိလိုပါတယ်။
ဖြေ -ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေတော့ရှိပြီဆိုပြီးတော့ အကြမ်းဖျင်းအားဖြင့် ပြောလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတော့ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့ရတာတော့ ရှိပါတယ်။ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့သလို ဖျက်ဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်း တော်တော်များများ ရှိခဲ့တာကိုလည်း ကျွန်တော်တို့ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ ဧပြီလကစပြီးတော့ နောက်ပိုင်းမှာတော့ ဖြစ်ပွားမှုတွေက တော်တော်ကျဆင်းလာတာကို ကျွန်တော်တို့ တွေ့ပါတယ်။ ထိန်းသိမ်းနိုင်တဲ့ အခြေအနေရောက်ပြီလို့ ပြောရပါမယ်။ သို့သော်လည်း အားလုံးကင်းစင်သွားပြီလား ဒီလိုတော့ မဟုတ်သေးပါဘူး။ တချို့ပြည်နယ်နဲ့တိုင်း တချို့တွေမှာတော့ ကျန်နေပါသေးတယ်။ ဒါလည်း ကျွန်တော် ဒီထက်ပိုပြီး တည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်နေတယ် ဆိုတာလေးကို ပြောချင်ပါတယ်။
မေး -ပထမမေးခွန်း ဖြေကြားတဲ့အထဲမှာ ဒီအနောက်နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံ တွေရဲ့ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လက်နက်တွေ ထောက်ပံ့တယ်ဆိုတဲ့အချက် လေးလည်းပါပါတယ်။ အခုမြန်မာနိုင်ငံ ပြည်တွင်းရေးအခြေအနေ မတည်မငြိမ်မှုတွေရဲ့နောက်ကွယ် မှာ ဒီလိုလက်နက်တွေ ထောက်ပံ့နေတာများ ရှိပါသလား။ ဒါတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာရှိ ပါသလား။
ဖြေ -အများကြီးရှိပါတယ်ဗျ။ အဲဒါတွေကတော့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ဒီဆူပူအကြမ်း ဖက်မှုဖြစ်စဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီးတော့ ထောက်ပံ့တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို များစွာပါဝင် ပတ်သက်နေတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ အဓိကကတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ကနေပြီးတော့ ထောက်ပံ့ပေးခဲ့တာ တော်တော်အများကြီး ကျွန်တော်တွေ့ ပါတယ်။ ဒုတိယကတော့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ကေအန်ယူ လက်နက်ကိုင် သောင်းကျန်းသူရဲ့ နယ်မြေမှာ နယ်မြေကနေပြီးတော့ ရယူခဲ့တာ ကျွန်တော်တို့ တွေ့ပါတယ်။ ဒီဟာတွေကတော့ တော်တော်များများကတော့ ပြည်တွင်းပြည်ပကနေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ထောက်ပံ့ကြတဲ့ ငွေကြေးတွေကနေပြီးတော့မှ တရားမဝင်လက်နက်ကိုင် လက်နက်ရောင်းချတဲ့ အဖွဲ့အစည်းတွေကနေ ဝယ်ယူပြီးတော့မှ ထောက်ပံ့ပေးနေတယ်ဆိုတာ ကျွန်တော်တွေ့ပါတယ်။ ကျွန်တော်ပြီးခဲ့တဲ့ ဒီဩဂုတ်လကုန်ထိပေါ့လေ ပစ္စတို၊ မောင်းပြန်ရိုင်ဖယ် စသည်ဖြင့် ဒါတွေအကုန် လုံးပေါင်းလိုက်ရင် သုံးထောင်နီးပါးလောက် ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။ အလားတူပဲ ကျည်ဆန် ဆိုလို့ရှိရင် သုံးသိန်းကျော်လောက် ဖမ်းဆီးရမိခဲ့တာရှိတယ်။ ဒါတွေကတော့ တကယ်တမ်းတော့ အင်မတန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း သူတို့ပို့ဆောင်ရေး လမ်းကြောင်းတွေလည်း တတ်နိုင်သလောက်ရှာဖွေ ဖော်ထုတ်ပြီးတော့ ဖမ်းဆီးနေတာ ဖမ်းနေတာမျိုးလည်း လုပ်နေပါတယ်။ ကျွန်တော်ထင်ပါတယ် တစ်ချိန်မှာတော့ ဒါတွေအကုန်လုံး ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး -ဒီကိစ္စကို အပြီးသတ်ဖြေရှင်းဖို့အတွက် အချိန်တစ်ခုလိုတယ်ဆိုတဲ့အချိန်မှာ အချိန် အားဖြင့် ဘယ်လောက်လိုအပ်မယ်လို့ ခန့်မှန်းပါသလဲ။
ဖြေ -အချိန်ကိုတော့ ခန့်မှန်းဖို့တော့ နည်းနည်းတော့ခက်တယ်။ ကျွန်တော်အခုဆိုလို့ရှိရင် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းတွေပါ ကျွန်တော်တို့ အစိုးရကနေ သတ်မှတ်ထားတဲ့ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းရှိပါတယ်။ EAOs လို့ ကျွန်တော်တို့ခေါ်ကြပါတယ်။ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖိတ်ခေါ်ပြီးတော့ လုပ်နေပါတယ်။ သူတို့နဲ့ ကျွန်တော် အခုတွေ့ဆုံတာ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေရနေပါပြီ။ အဲဒီကနေပြီးတော့ သူတို့ ဘာကိုဖြစ်ချင်တာလဲ။ တိုင်းပြည်ဘာဖြစ်သင့်သလဲ။ ဒီလိုမျိုး ညှိနှိုင်းပြီးတော့ဖြစ်နိုင်တာ ဘာရှိမလဲဆိုတာကို ကျွန်တော်တို့ အဖြေရှာမှာ ဖြစ်ပါတယ်။ အဲဒီအဖြေရှာပြီးတဲ့အချိန်မှာတော့ ဒီခုနပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထဲကနေ နယ်မြေတွေကနေ လမ်းကြောင်းတွေကနေ ထောက်ပံ့ပေးနေတဲ့ဟာတွေဟာ ရပ်တန့်သွားလိမ့် မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ဆူပူအကြမ်းဖက်မှုမှာ အမျိုးအစားနှစ်ခုခွဲထုတ် လို့ရပါတယ်။ တစ်ခုကတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ အရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ဒါတွေ ကျွန်တော်တို့ရှိပါတယ်။ ဒုတိယကတော့ ၂၀၁၁ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ခဲ့ပြီးတော့မှ ကျွန်တော်တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ကျွန်တော်တို့ရှိတယ်။ အဲဒါ ၁၀ ဖွဲ့ရှိတယ်။ နောက်လက်မှတ်ရေးထိုး မထားရသေးတဲ့ အဖွဲ့က ခြောက်ဖွဲ့ ကျန်ပါသေးတယ်။ ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့က အခုဆွေးနွေးနေတာပေါ့။ နောက်တစ်ဖွဲ့က ဘာလဲဆိုလို့ရှိရင်တော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဆူပူအကြမ်းဖက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာ ဖြစ်လာတဲ့ အကြမ်းဖက်မှုလုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ဆွေးနွေးစရာအကြောင်း မရှိဘူး။ သူတို့ကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီး ဖြစ်လာတယ်။ ရွေးကောက်ပွဲဟာလည်း မဲမသမာမှုကြောင့် ဖြစ်လာတဲ့ဟာကို တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ တောင်းဆိုတဲ့အချိန်မှာ တရားဥပဒေနည်းလမ်းအရ မဖြေရှင်းဘဲနဲ့ ဒီဆူပူအကြမ်းဖက်မှုနဲ့ပြီးတော့ ဒီလမ်းကြောင်းပေါ်မှာသွားတဲ့ အဖွဲ့အစည်းတွေ ဆိုတော့ ဒါတော့ဥပဒေအရ ကျွန်တော်တို့ သွားရမယ်။ အဲဒီတော့ခုနပြောခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းထဲမှာ လက်မှတ်ရေးထိုးပြီးသား အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ဆွေးနွေးနေတာ ရှိတယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးဖို့ ကျန်သေးတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ကို ကျွန်တော် ဖိတ်ခေါ်ထားတယ်။ အဲဒီလိုဖိတ်ခေါ်ချက်တွေဟာ သူတို့နိုင်ငံရေးမျှော်မှန်းချက်ပေါ်မှာ လာရောက်ဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒါကတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်မှာ နိုင်ငံရေးရည်မှန်းချက် နှစ်ချက်ပေးထားပါတယ်။ တစ်ခုကတော့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ကျွန်တော့်နိုင်ငံကမလွဲမသွေ လျှောက်လှမ်းရမယ်။ ဒုတိယကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ကျွန်တော်တို့ပေးထားတယ်။ ဒါကလူတိုင်းလိုချင်တဲ့ သဘောအယူအဆ တောင်းဆိုချက်ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် ပပျောက်လိမ့်မယ်လို့ ပြောခြင်းဖြစ်ပါတယ်။
မေး -မြန်မာနိုင်ငံ စီးပွားရေးအခြေအနေနှင့် ပတ်သက်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒဏ်ခံရပြီးနောက်ပိုင်းမှာလည်း နိုင်ငံတော်တော်များများဟာ စီးပွားရေး အားနည်းနေတာရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအတွင်းမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ဖြစ်နိုင်မလား၊ သင့်တော်မလား။
ဖြေ -ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းခဲ့တာတော့ မှန်ပါတယ်၊ ကိုဗစ်-၁၉ ဖြစ်တာ ၂၀၂၀ ပြည့်နှစ် မတ်လမှာ မြန်မာနိုင်ငံမှာ စတွေ့တာပေါ့။ အဲ့မတိုင်ခင် စီးပွားရေးကျဆင်းနေ တယ်ဆိုတဲ့ ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေတော့၊ အဲဒီအရှိန်ကြောင့် ကိုဗစ်-၁၉ ဖြစ်တဲ့အချိန် ပိုဆိုးခဲ့ တယ်။ ဒုတိယကတော့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် စီးပွားရေးမလည်ပတ်နိုင်တဲ့ အတွက် ကျဆင်းခဲ့တာတွေ ရှိပါတယ်။ သို့သော်လည်းပဲ အခုကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာနိုင်တယ်။ ဆူပူအကြမ်းဖက်မှုတွေကိုလည်း တော်တော်ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာပါပြီ။ ဒါကြောင့် စီးပွားရေးက တည်ငြိမ်စပြုလာနိုင်ပြီဟု ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ပြန်လည် ဦးမော့လာအောင် ကြိုးစားဆောင်ရွက်နေပါတယ်၊ အဲဒီတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ် နေပါတယ်။ စီးပွားရေးကျဆင်းမယ်ဆိုရင် နိုင်ငံရေးက နည်းနည်းမတည်မငြိမ်ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စီးပွားရေးကောင်းမွန်အောင် ပြန်လုပ်နေပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်မှာ ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ်၊ ၂၀၂၀ ပြည့်နှစ်မှာ တတိယ အကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်လုပ်တဲ့ အချိန်မှာ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့နယ် ပြုလုပ်နိုင်တယ်။ ဒုတိယအကြိမ်လုပ်တဲ့ အချိန်မှာ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၃ မြို့နယ် ပြုလုပ် နိုင်တယ်။ တတိယအကြိမ်လုပ်တဲ့အချိန်မှာ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၁၅ မြို့နယ်သာ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့တယ်။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲက သိပ်အရေးကြီးပါတယ်။ ရွေးကောက်ပွဲဖြစ်ပြီးမှသာ ရွေးကောက်ပွဲက တက်လာတဲ့ အမတ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တခြားနိုင်ငံတော် အဆင့်က ဖွဲ့စည်းပြီး တာဝန်ပေးတာတို့၊ ရွေးချယ်တာတို့ လုပ်ပါတယ်။ ဆိုလိုတာကတော့ ပြည်သူတွေက ဒီအခွင့်အရေးကို အားလုံးရဖို့ လိုတယ်။
မြို့နယ်တစ်ခုမှာ ရွေးကောက်ပွဲလုပ်တိုင်း လုပ်နိုင်တဲ့အရေအတွက်ကကျသွားတယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးတာကို ဖော်ပြတာဖြစ်တယ်။ တကယ်တော့ ရွေးကောက်ပွဲမှာ ပြည်သူတွေအားလုံး ဒီမိုကရေစီ အခွင့်အရေးကို ရပိုင်ခွင့်ရှိပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်နိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် စောစောက ခင်ဗျားမေးခဲ့တဲ့မေးခွန်းထဲက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုပါတယ်။ ဒါတွေက ရွေးကောက်ပွဲနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်ငြိမ်းချမ်းရေးရအောင် လုပ်ပြီးတော့မှ အဲဒီနယ်မြေတွေမှာရှိတဲ့ ပြည်သူတွေ ရွေးကောက်ပွဲကိုဝင်နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ကျွန်တော်ကြိုးစား ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲ ဖြစ်ရေး/ မဖြစ်ရေးဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အားကောင်းလာဖို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာ အများကြီးတည်ပါတယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောလိုပါတယ်။
ဒီမှာလည်းတစ်ချက်ရှိတာပေါ့၊ ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပဲ။ နောက်ပြီးတော့ အပြင်ကနေ ဖိအားတွေပေးပြီးတော့မှ မဲထည့်စေတဲ့ဖြစ်ရပ်မျိုး မဖြစ်ဖို့လိုပါ တယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိဖို့ သိပ်အရေးကြီးပါတယ်၊ ဒါမှသာ သူတို့ရဲ့ ခံစားချက်ကို သူတို့ဆန္ဒဖော်ထုတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါက ဒီဟာကိုရအောင် ကျွန်တော်တို့ကြိုးစား နေတာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)