စက်တင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား စက်တင်ဘာ ၆ ရက်၌ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများအား လက်ခံဖြေကြားခဲ့သည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည် -
(ယမန်နေ့မှအဆက်)
မေး - အခုလက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေနဲ့ သုံးသပ်ဆွေးနွေးသွားတဲ့ အချက်တွေပေါ်မှာ စဉ်းစားသုံးသပ်ကြည့်တဲ့ အခါမှာ လာမယ့် ကာလတိုကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိနိုင်ဟု သုံးသပ်မိပါတယ်။ အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းဖို့ရှိပါသလား။
ဖြေ - ကျွန်တော်တို့ အခုချိန်မှာပြောဖို့ စောသေးတယ်။ နောက်ထပ်အချိန် လေးငါးလ လောက်ကျန်သေးတယ်။ ဒီအပေါ်မှာ အခြေအနေ ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ချက်ချင်းကောက်ပြီးတော့ ကြိုပြီးဆုံးဖြတ်လို့မရပါဘူး။ အခြေအနေကို ကျွန်တော်တို့ကြည့်ရမှာ ဖြစ်ပါတယ်။
မေး - ဒီစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိကမ္ဘာမှာ အားလုံးရင်ဆိုင်နေရတဲ့ လောင်စာဆီတင်သွင်းခြင်း ဖြေရှင်းနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြားသိထားရပါတယ်။ ကြားသိတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံက လောင်စာဆီ ဝယ်ယူတင်သွင်းမှု ရှိနေပါပြီလား။ ဝယ်ယူတင်သွင်းတဲ့အချိန်မှာ ရုရှားနိုင်ငံက သတ်မှတ်ထားသလို ရူဘယ်လ်ငွေကြေးနဲ့ပဲ ပေးချေသွားနိုင်မှုရှိပါသလား။
ဖြေ - ကျွန်တော်တို့ ရုရှားနိုင်ငံကနေ လောင်စာဆီဝယ်ဖို့အတွက် ဆောင်ရွက်နေတာ ခရီးတော်တော်ရောက်နေပါပြီ။ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကိုရောက်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ ဝယ်ယူသွားဖို့လည်း ရှိပါတယ်။ ငွေပေးချေရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံက လက်ခံတဲ့ ငွေကြေးနဲ့ပေးမှာ ဖြစ်ပါတယ်။ ရူဘယ်လ်နဲ့ ပေးရမယ်ဆိုရင်လည်း ရူဘယ်လ်နဲ့ရအောင် ကျွန်တော်တို့ စီစဉ်ပြီးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်က ရူဘယ်လ်နဲ့ပေးချေဖို့ ပိုပြီးဆန္ဒရှိပါတယ်။ တခြားငွေကြေးနဲ့ဆို ကန့်သတ်ချက်ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဒီနည်းလမ်းကိုရအောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး - ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကလည်း နှစ်ပေါင်းရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟာ အအောင်မြင်ဆုံးကဏ္ဍနှင့် အဓိကအခြေခံကဏ္ဍအဖြစ် ရပ်တည်ခဲ့ပါတယ်။ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍဟာဆိုရင်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက် ရှိပါတယ်။ ဒီနေရာမှာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေအရ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကနေမှ နောက်ဆုံးပေါ် ခေတ်မီစစ်လက်နက်ပစ္စည်းတွေ၊ ကာကွယ်ရေးပစ္စည်းတွေ ထပ်မံဝယ်ယူသွားဖို့ရှိ ပါသလား။ သိချင်ပါတယ်။ ဒေသအတွင်း အခြေအနေနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေး ချိန်ညှိမှုမှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စား လှယ်အဖွဲ့တွေ၊ အခြေစိုက်ဌာနချုပ်တွေကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ လက်ခံဆောင်ရွက်သွားဖို့ ရှိ/မရှိ သိလိုပါတယ်။
ဖြေ - မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု နယ်ပယ်ကတော့ ဆယ်စုနှစ် နှစ်ခုကျော်လောက် ဖြစ်သွားပြီ။ တော်တော်လေးလည်း အရှိန်အဟုန်ရလာပါပြီ။ ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ်ရေးပစ္စည်းတွေက တကယ်အဆင့်အတန်းလည်း မြင့်ပါတယ်။ နိုင်ငံတော်ကာကွယ်ဖို့အတွက်လည်း အထောက်အကူရပါတယ်။ ကျွန်တော်လည်း နှစ်ခြိုက်ပါတယ်။ ဆက်လက်ပြီးတော့ တိုးချဲ့ဆောင်ရွက်သွားဖို့တွေရှိကြောင်း ပြောလိုပါတယ်။ နောက်မြန်မာနိုင်ငံမှာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာချထားရေး ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေမှာခွင့်ပြုထားတာ မရှိပါဘူး။ အခြေခံဥပဒေကို ကျွန်တော်တို့ကျော်လွန်ပြီး လုပ်လို့မရပါဘူး။ အခြေခံဥပဒေအရလည်း ဘောင်အတွင်းမှာပဲ အကောင်းဆုံး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို နည်းလမ်းရှာရမှာဖြစ်ပါတယ်။ စခန်းချဖို့ တော့ ကျွန်တော်တို့ မပေးထားပါဘူး။ ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ၊ အခွင့်အလမ်းတွေ အလားအလာ ရှိပါတယ်ဆိုတာကို ကျွန်တော်တွေ့ပါတယ်။
မေး - နောက်ဆုံး ပထဝီနိုင်ငံရေး အခြေအနေမှာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အခုလိုရုရှားနိုင်ငံနဲ့ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နေတာကို မကျေမနပ်ဖြစ်နေတဲ့ အခြေအနေလေးတွေ တွေ့ရှိရပါတယ်။ ဥပမာ-အမေရိကန်နိုင်ငံက ထုတ်ဖော်ခဲ့တဲ့ ထုတ်ဖော်ချက်တစ်ရပ်မှာ အခုလို ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတာဟာ မြန်မာ နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ထုတ်ပြန် ပြောကြားနေတာတွေ ရှိပါတယ်။ ဘာကြောင့်မို့ အမေရိကန်အစိုးရအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရနဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှုကို ဝင်ရောက် စိတ်ပူပန်နေရတယ်ဆိုတာကိုလည်း ဆွေးနွေးပေးစေလိုပါတယ်။
ဖြေ - အတိတ်ကို နည်းနည်းလောက်ပြန်ကြည့်ရင်တော့ တွေ့နိုင်တယ်။ အထူးသဖြင့် တခြားကမ္ဘာ့နိုင်ငံပေါ့ဗျာ။ အာဆီယံဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ကျွန်တော် သုံးသပ်ပြပါမယ်။ ပြီးခဲ့တဲ့ အတိတ်ကာလမှာ အာဆီယံနိုင်ငံ၊ အရှေ့တောင်အာရှဒေသနိုင်ငံတွေမှာလည်း အခုမှသာ တည်ငြိမ်အေးချမ်းမှု ရှိနေတာပါ။ အရင်ကတော့ တည်ငြိမ် အေးချမ်းမှုမရှိ၊ ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေရှိတယ်။ အဲ့ဒီတော့ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ တည်ဆဲအစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေကို အမေရိကန်မှာခေါ်ပြီးတော့ အားပေး အားမြှောက်ပြုပြီး ထောက်ပံ့ပေးခဲ့တာတွေ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း သက်ဆိုင်ရာနိုင်ငံတွေကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အားပေးအားမြှောက်ပြုနေတာ အခုထိရှိတယ်။ ဒါပေမယ့် ဆိုဗီယက်ခေတ်ကိုပဲ ကြည့်ကြည့်၊ ရုရှားရဲ့ လက်ရှိခေတ်ကိုပဲကြည့်ကြည့်၊ ကာလကိုပဲ ကြည့်ကြည့် အရှေ့တောင်အာရှနိုင်ငံများရဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ပျက်ပြားစေနိုင်တဲ့ အဖွဲ့အစည်းတွေကို အားပေးအားမြှောက်ပြုနေတာကို ရုရှားနိုင်ငံက လက်ခံပြီးတော့ ဆောင်ရွက်တာမတွေ့ဘူး။ ဒါသိသာတဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒါကွာခြားချက်တစ်ခုပါပဲ။ အာဆီယံကလည်း လက်ရှိအခြေအနေမှာ ကမ္ဘာမှာ စီးပွားရေး အားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တယ်။ အာဆီယံက သူ့ရပ်တည်ချက်နဲ့သူ ရှိတယ်။ အာဆီယံရဲ့ အားပါသွားမယ်ဆိုရင် ကမ္ဘာ့ရဲ့ အခြေအနေနဲ့ အပြောင်းအလဲတစ်ရပ်ကို ဖြစ်သွားစေနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒါကြောင့် အာဆီယံဟာ ရုရှားဘက်ကို မပါဖို့အတွက်လည်း အမေရိကန်က လိုလားပုံရပါတယ်။ အဲ့ဒီတော့ အာဆီယံအဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံကိုလည်း ဒီလိုပဲယူဆပါလိမ့်မယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲမှာ ကျွန်တော်တို့ပါပြီး တော့မှ အာဆီယံအဖွဲ့ရဲ့ တိုက်တွန်းချက်နဲ့ မြန်မာနိုင်ငံ ရပ်တည်အောင်လည်း ဆောင်ရွက်နေတာဖြစ်တယ်။ အဲ့ဒီ အာဆီယံနိုင်ငံရဲ့ တိုက်တွန်းချက်တွေ ကြောင့်လည်း အမေရိကန်က သူတို့ရဲ့နီးစပ်တဲ့ အာဆီယံနိုင်ငံတွေကို တွန်းအားပေးဆောင်ရွက်နေ တယ်ဆိုတာလည်း ကျွန်တော်တို့ မြင်နေရပါတယ်။ အဲ့ဒီတော့ အဲ့ဒီမှာကြည့်ရင်လည်း သူတို့အမေရိကန်နိုင်ငံက အဓိကပြောဆိုနေတဲ့ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် စီးပွားရေးမှာ သူတို့ ကျောထောက်နောက်ခံတဲ့ ဒေါ်လာငွေကြေး ဒါတွေနဲ့ ချုပ်ကိုင်ပြီးတော့မှ အပြောင်းအလဲဖြစ် အောင်ကြိုးစားနေတာ ကျွန်တော်တွေ့တယ်။
မေး - အာဆီယံနိုင်ငံတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး၊ နိုင်ငံရေးတည်ငြိမ်မှုအတွက် ဘယ်လိုအထောက် အကူပြုနိုင်သလဲဆိုတာလည်း သိရှိလိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ မကြာသေးမီအချိန်က အာဆီယံကကျင်းပတဲ့ အခမ်းအနားတစ်ခုကို မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားခြင်းမပြုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒါတွေဟာဆိုလို့ရှိရင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ အချို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ပိုမိုပြီးတော့ ယုတ်လျော့စေတယ်လို့ သုံးသပ်မိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကထားရှိခဲ့တဲ့ ပဋိညာဉ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိပါသလား ဘယ်လိုမျိုး သုံးသပ်ပါသလဲ။
ဖြေ - ကျွန်တော်တို့က ၁၉၉၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ဟာ အာဆီယံပဋိညာဉ်ကို ကျွန်တော်တို့ အလေးထား လိုက်နာဆောင်ရွက်ပါတယ်။ အာဆီယံရဲ့ပဋိညာဉ် မှာ Asean ရဲ့ Way၊ Asean ရဲ့ Spirit, Asean practice ဒီလိုရှိတယ်။ ဒါတွေ ကျွန်တော်တို့က လိုက်နာပါတယ်။ အာဆီယံပဋိညာဉ်မှာလည်း အတိအကျဖော်ပြထားတယ်။ မြန်မာနိုင်ငံကနေပြီးတော့ ဒီအပေါ်မှာ ကျော်လွန်လုပ်တာတစ်ခုမှ ကျွန်တော်တို့မရှိဘူး။ တကယ်လို့သာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက အာဆီယံပဋိညာဉ်ကိုသာ လိုက်နာမယ်ဆိုရင် ဒီလိုပြဿနာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့အစိုးရ အခုရှိနေတာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ရှိနေခြင်းဖြစ် တယ်။ ဒါဟာ အသိအမှတ်ပြုရမယ်။ ဒါကျွန်တော်တို့ဟာ ပြည်သူကအသိအမှတ်ပြုထားတဲ့ အခြေခံဥပဒေအရ အရေးယူဆောင်ရွက်ထားတာဖြစ်တယ်။ ဒီအပေါ်မှာ မျက်ကွယ်ပြုပြီးတော့မှ သူတို့ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာ ရလဒ်တွေအပေါ်မှာ ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲနေမှုအပေါ်မှာ သူတို့ဒါကို တုံ့ပြန်မှုတွေကတော့ သူတို့ရဲ့ အာဆီယံရဲ့ ပဋိညာဉ်နဲ့ မကိုက်ဘူးလို့ ပြောချင်ပါတယ်။
မေး - အခုလက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေ ထိန်းသိမ်းမှုအပိုင်းမှာ ဒီလို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ်စားလှယ်တွေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ လိုအပ်ချက် ရှိပါသလား၊ ဒါမှမဟုတ် ကြားဝင်ဖြေရှင်းမှုမှာ ပိုပြီးတော့ အနှောင့်အယှက်ဖြစ်နိုင်ပါသလား။
ဖြေ - ကြားဝင်ဖြေရှင်းပေးမှုဆိုတာ ဒါကျွန်တော်တို့ရဲ့ ပြည်တွင်းရေးတစ်ခုပဲ။ အာဆီယံက သူများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ တော့မရှိဘူး။ သို့သော်လည်းပဲ သူတို့လိုချင်ရာ ကောက်ချက်ဆွဲပြီးတော့မှ ကျွန်တော်တို့ကို ပြီးခဲ့တဲ့နှစ်က အာဆီယံထိပ်သီး အစည်းအဝေးမှာ ဘုံသဘောတူညီချက် (၅) ရပ်ကို ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ တချို့ဟာတွေက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ ကိစ္စတွေဖြစ်နေတာ တွေ့ရတယ်။ သို့သော်လည်းပဲ တတ်နိုင်သလောက် ကျွန်တော်တို့ လုပ်နိုင်တဲ့ နည်းလမ်းတွေအားလုံးကို ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက် တာတွေရှိတယ်။ သင့်တော်တဲ့နည်းလမ်းတွေမှာ သူတို့ဝင်ရောက် ကူညီပေးမယ်ဆိုရင် ဘာမှလက်မခံနိုင်စရာ အကြောင်းမရှိဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး တည်ဆဲဥပဒေကို ကျော်လွန်ပြီးတော့မှ ဆောင်ရွက်ပေးတဲ့ကိစ္စမျိုး ဆိုရင်တော့ ဘယ်လိုလုပ်ခွင့်ပြုမလဲ။ ဘယ်နိုင်ငံမှ လည်း ဒီလိုခွင့်ပြုမှာမဟုတ်ဘူး၊ ဒါကြောင့် ဆောင် ရွက်လို့ရတဲ့နယ်ပယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ပေးမယ်၊ ဆောင်ရွက်ခြင်းမပြုနိုင်တဲ့ နယ်ပယ်ဆိုရင်လည်း ကျွန်တော်တို့ရအောင် ကျွန်တော်တို့ဘာသာ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး - ဒီအနောက်နိုင်ငံအပါအဝင် အခြားသော အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ကို ယူထားတဲ့ နိုင်ငံတွေရဲ့ မီဒီယာတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ယခင်အစိုးရရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့ အမြဲတမ်း ထုတ်ဖော်ရေးသားချက်တွေကို တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ တည်ဆဲဥပဒေများအရ မဲမသမာမှုကို အဓိကဖြစ်ပေါ် စေခဲ့တဲ့အတွက် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေတယ်ဆိုတာ ကိုလည်း သဘောပေါက် နားလည်ပါတယ်။ မကြာသေးမီကလည်း နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်သို့ပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးလည်း ချမှတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောင်းလဲ ပြင်ဆင် သတ်မှတ်သွားဖို့ရှိတယ် ဆိုတာလည်း သိရှိလိုပါတယ်။
ဖြေ - ဒေါ်အောင်ဆန်းစုကြည်ကို စပြီးအရေးယူတဲ့ အချိန်တုန်းကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီးတော့ ဖြစ်ပေါ် ခဲ့တဲ့အခြေအနေပေါ်မှာ စိစစ်ပြီးဆောင်ရွက်တာ ဖြစ်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခြေအနေပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စိစစ်တွေ့ရှိချက်တွေကို ဖြေရှင်းနိုင်ဖို့ သူ့ကိုလည်း ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါကိုမျက်ကွယ်ပြုခဲ့ပါတယ်။ မျက်ကွယ် ပြုခဲ့တော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အခက်အခဲတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်စေခဲ့တာပေါ့။ အဲ့ဒီတော့ ဖြစ်လာပြီဆိုကတည်းက ကျွန်တော်တို့က သက်သေပြရတော့မှာပေါ့။ ဒါသူ့မှာ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော်တို့က ဥပဒေလမ်းကြောင်းက ကျွန်တော်တို့ သက်သေပြရတယ်။ စစ်ရင်းနဲ့ပါ တစ်ခါထပ်ပြီး ရွေးကောက်ပွဲဥပဒေ ကျွန်တော်တို့ အဲ့ဒီမှာလည်း သက်ညှာမှုတွေ ကျွန်တော် လုပ်ခဲ့ပါတယ်။ ပထမဦးဆုံးစဖြစ်တဲ့ အချိန်မှာ သက်ညှာမှုတွေပေးတယ်။ ဒါပေမယ့် အဲ့ဒီလိုစစ်ရင်းနဲ့ တွေ့ရှိလာတဲ့အခြေအနေပေါ်မှာ တခြားကိစ္စတွေပါ ပါလာတာကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ အထူးသဖြင့် အဂတိလိုက်စားမှုဥပဒေနဲ့ ပတ်သက်တာတွေ ပါလာတာတွေ့ရတယ်။ ဒါကြောင့် ဒါကျတော့ ကျွန်တော်တို့က ဥပဒေကြောင်းအရ အရေးယူရတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ကိုတရားဥပဒေအရပဲ ကျွန်တော်တို့က အရေးယူ ဆောင်ရွက်တယ်ဆိုတာလေးလည်း ပြောလိုပါတယ်။ အခုနေအိမ် အကျယ်ချုပ်ဆိုတာလည်း စတင်စစ်ဆေးတဲ့အချိန်မှာ နေအိမ်အကျယ်ချုပ် ကျွန်တော်တို့ထားတာပေါ့။ ပြီးတော့မှ ဥပဒေအရ ဆောင်ရွက်တဲ့ဟာတွေ ဖြစ်ပါတယ်။ ထပ်ပြီးတော့ ဆုံးဖြတ်မယ်ဆိုတာမျိုးတော့ အခုချိန်မှာပြောဖို့ စောပါသေးတယ်။ နောက်ဆုံး အားလုံးအမှုတွေပြီးပြီ။ အခြေအနေအားလုံးပြီးပြီဆိုလာမှ ကျွန်တော်တို့ပြောလို့ရပါလိမ့်မယ်။
မေး - နောက်ဆုံးမေးခွန်းအနေနဲ့ မေးလိုတာကတော့ မကြာသေးမီက မြန်မာနိုင်ငံမှာ ယခင် NLD ပါတီဝင်ဟောင်းလေးဦးနဲ့ပတ်သက်ပြီးတော့ အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်ဆိုတာ လည်း ဒီသတင်းတွေမှာ ဖတ်ရှုရပါတယ်။ ဘာကြောင့်မို့ ဒီလိုအပြင်းထန်ဆုံးပြစ်ဒဏ်ကို ပေးခဲ့ ရလဲဆိုတဲ့ အခြေအနေလေးတွေ သိရှိလိုပါတယ်။
ဖြေ - No One Above the Law မည်သူမျှ တရားဥပဒေအထက်မှာ မရှိဘူးဆိုတဲ့ စကားလေး တစ်ခု ရှိပါတယ်။ သူတို့ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့ လေးယောက်နဲ့ ပတ်သက်လို့ရှိရင် ဒီလေးယောက်မှာ နှစ်ပိုင်းခွဲတွေ့ပါတယ်။ အုပ်စုပေါ့လေ။ တစ်အုပ်စု ကတော့ ခုနက မေးတဲ့အထဲမှာ NLD ပါတီဝင်ဆိုတဲ့ အမာခံပါတီဝင် ခေါင်းဆောင်ပိုင်းပါတီဝင်ပေါ့လေ။ သူတို့တွေနဲ့ပတ်သက်တာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီမှာလည်း နိုင်ငံမှာဖြစ်ပေါ်လာခဲ့တဲ့ ဆူပူအကြမ်း ဖက်မှုနဲ့ပတ်သက် ပြီးတော့ ဒီအထိကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှပြဿနာမရှိဘူး။ သို့သော်လည်းပဲ သတ်ဖြတ်တဲ့အချိန်၊ မိုင်းထောင် ဖောက်ခွဲ သတ်ဖြတ်တဲ့ အခြေအနေမျိုးကျရင်တော့ ဘာ့ကြောင့် ဒီပြဿနာဖြစ်လာလဲဆိုတာ ကျွန်တော်တို့ ဒီအဖြေထုတ်ရမယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အဖြေထုတ်တဲ့အခါမှာ ဒီလူတွေက အကြမ်းဖက် သတ်ဖြတ်မှုအတွက် တစ်အချက် စီမံဆောင်ရွက် ခဲ့တာတွေရှိတယ်။ သူတို့အားပေးခဲ့တာ ရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေ အများကြီး သေကျေခဲ့တာရှိတယ်။ သေတဲ့အထဲမှာ နိုင်ငံ့ဝန်ထမ်းတွေပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေပါတယ်။ နောက် ဆရာဆရာမတွေ ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေပါတယ်။ ရဟန်းသံဃာတွေပါတယ်။ သီလရှင်တွေပါတယ်။ ဒါတွေက သူတို့ရဲ့ ကြံစည်မှုတွေကြောင့်၊ သူတို့ရဲ့အားပေးမှုတွေကြောင့်၊ သူတို့ရဲ့စီမံမှုတွေကြောင့် ဖြစ်လာခဲ့တဲ့ ဟာတွေဖြစ်တယ်။ ဒါတွေကတော့ ဥပဒေအရလည်း အရေးယူရမှာ ဖြစ်ပါတယ်။ ထို့အတူပဲနောက် နှစ်ယောက်လည်း ရက်ရက်စက်စက်နဲ့ လူသတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ခင်ဗျားကို ကျွန်တော်ဥပမာတစ်ခု ပြောပြမယ်။ လူတစ်ယောက်ကို သတ်တယ်ပေါ့နော်။ သေနတ်နဲ့ပစ်သတ်မယ်။ တစ်ချက်ချင်းပစ်တယ်။ တစ်ချက်တည်းပစ်ပြီး သေသွားတဲ့ဟာရှိမယ်၊ မသေတာလည်းရှိမယ်၊ တစ်ချက်ထိပြီးတော့ သူရှောင်သွားမယ်။ သို့သော်လည်း သူလူသတ်တာပဲ။ သို့သော် နှစ်ချက်ပစ်မယ်၊ သုံးချက်ပစ်မယ်၊ လေးချက် ပစ်မယ်၊ ငါးချက်ပစ်မယ် ဆိုရင်တော့ ဒါတော့ တကယ့်ကို သေအောင်လုပ်တဲ့ ရည်ရွယ်ချက် နဲ့ လုပ်တာဖြစ်တယ်။ အခုလုပ်တဲ့သူတွေက အဲ့ဒီလို လူတွေဖြစ်ပါတယ်။ တစ်ချက်နဲ့ မဟုတ်ဘဲနဲ့ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက် သေနတ်နဲ့ ပစ်တယ်၊ ဓားနဲ့ထိုးတယ်၊ ဒီလိုလူမျိုးကို ကျွန်တော်တို့ အပြစ်ပေးခြင်း ဖြစ်ပါတယ်။ ခင်ဗျားတို့ ဘယ်လို ဒီလိုလူမျိုးကို ဘယ်လိုလုပ် ခွင့်လွှတ်လို့ရတော့မလဲ။ သူတို့သတ်ထားတဲ့လူတွေရဲ့ မိသားစုတွေ ဘယ်လိုခံစားရမလဲ။ ဒါလည်း သူတို့ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရင်ကမလုပ်ခဲ့ဘူး။ သို့သော်လည်းပဲ ဒီတစ်ခါမှာ ရက်ရက်စက်စက်ကို လုပ်လွန်းအားကြီးတဲ့အတွက်ကြောင့် ဒီပြစ်ဒဏ်ကို ပေးဖို့အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီအင်တာဗျူး မေးခွန်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ။