မြန်မာနိုင်ငံတွင် နိုင်ငံအတွင်းလှည့်ပတ်သုံးစွဲနေသော ငွေကြေးစနစ်ကို ဘဏ်လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုးတက်ခေတ်မီလာသည့် သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိုဘိုင်းဝန်ဆောင်မှုစနစ် အမျိုးမျိုးဖြင့်ပါ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပြီဖြစ်သည်။ လုံခြုံစိတ်ချ စွမ်းရည်ပြည့်ဝသည့် အမျိုးသား ငွေပေးချေသည့်စနစ်ကို အကောင်အထည်ဖော်ရာ၌ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ယခုအခါ မသမာသူများက မိုဘိုင်းငွေပေးချေမှုလုပ်ငန်းအချို့ကို အသုံးချ၍ မရိုးသားသော နည်းလမ်းများဖြင့် တရားမဝင်ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လာသည်ဟု သိရှိရသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ငွေကြေးပေးချေမှုများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်တွင်း/ပြည်ပမှ ငွေကြေးလွှဲပြောင်း ပေးပို့ရာတွင် လည်းကောင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ထောက်ပံ့ပေးသည့် ဥပဒေ ဖောက်ဖျက်သော ပြုလုပ်မှုများရှိလာသည်ကို တွေ့ရသည်။ တရားဝင်မိုဘိုင်းဝန်ဆောင်မှုကို အသုံးချ၍ ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတို့ကို ကာကွယ်တိုက်ဖျက်သွားရန် လိုအပ်လာသည်။ ထို့ကြောင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် စည်းမျဉ်း စည်းကမ်း ထပ်မံသတ်မှတ်ရန် လိုအပ်လာသည်။
မိုဘိုင်းငွေကြေးစနစ်သည် မိုဘိုင်းဖုန်းကိုအသုံးပြု၍ ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်သော လုပ်ငန်းဖြစ်သည်။ ပြည်သူများအသုံးပြုနေသည့် မိုဘိုင်းဖုန်းများ အားလုံးအတွက် စိတ်ချလုံခြုံမှုနှင့် စနစ်တကျရှိစေရန်အတွက် မိုဘိုင်းဆင်းမ်ကတ်များ စတင်အသုံးပြုချိန်တွင် အသုံးပြုသူများအနေဖြင့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှတ်ပုံတင်ပြီးမှ အသုံးပြုခွင့် ရှိသည်။ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူအများစု အသုံးပြုမှု၌ လိုအပ်ချက်များ ရှိနေသေးသည်။ ယခုအခါ အဆိုပါအချက်ကို အကြောင်းပြုပြီး မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်းများတွင် မသမာသော လုပ်ဆောင်မှုများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို အားပေးသော လုပ်ဆောင်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။
မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရွန်နစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ဆင်းမ်ကတ် နံပါတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်နှင့် ဆက်သွယ်ရေးဦးစီးဌာန၏ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်များရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်သွားရန် လိုအပ်ပါသည်။
ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုံခြုံစိတ်ချစွာဖြင့် စနစ်တကျလည်ပတ်ရေး ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ အချက်အလက်ဖြည့်သွင်းခြင်းကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေးစာရင်းများအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဟု သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားသောဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်း စသည့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများ အနေဖြင့် နီးစပ်ရာကိုယ်စားလှယ်များ/ ဘဏ်များသို့သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2) အဆင့်သို့ အချိန်မီ မြှင့်တင်ရန် လိုအပ်ပါသည်။
အဆင့် ၂ (Level 2) အဆင့်သို့ တိုးမြှင့်လိုခြင်းမရှိသော မိုဘိုင်းငွေကြေးစာရင်း ပိုင်ရှင်များ အနေဖြင့် မိမိတို့လက်ကျန်ငွေများအား အသုံးပြုနိုင်မည့်နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသိပေးထားသည်။ သို့ဖြစ်ရာ မိုဘိုင်းစနစ်ဖြင့် ငွေကြေးလွှဲပြောင်းပေးပို့ ဆောင်ရွက်နေကြသော ပြည်သူများနှင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသော ပြည်သူများအနေဖြင့် ယခုထပ်မံအဆင့်မြှင့်တင် ဆောင်ရွက်နေသော ငွေကြေးလုပ်ငန်းစဉ်များအပေါ် နားလည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။ လတ်တလောတွင် ငွေကြေးလွှဲပြောင်းပို့ဆောင်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ အခက်အခဲများ ရှိမည်ဖြစ်သော်လည်း နောင်တွင်ပြန်လည်အဆင်ပြေလာမည်ဖြစ်၍ အမျိုးသား အကျိုးစီးပွားနှင့်လုံခြုံမှုအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါကြောင်း။ ။