မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေး လုပ်ငန်းများကို အဓိကအားပြုလျက်ရှိပြီး နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများ ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကကျသည့် စီးပွားရေး မောင်းနှင်အားတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် MSME လုပ်ငန်းများကို ရာခိုင်နှုန်းများစွာ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံ့စီးပွား မြင့်မားတိုးတက်လာရန် “ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရင်းအနှီး လိုအပ်သည့်အတွက် မိမိတို့တတ်နိုင်သည့် ပမာဏပေါ်တွင် အခြေတည်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တတ်နိုင်သမျှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာပြီဖြစ်သည့်အတွက် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ဖြစ်ပေါ်လာပါက ချေးငွေများထုတ်ချေးနိုင်ရေး နိုင်ငံတော်က ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အောက်တိုဘာလ ၄ ရက်နေ့တွင် ပြည်မြို့ သီရိခေတ္တရာ ရတနာပုံမြို့တော်ခန်းမ၌ ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိသည်။ စီးပွားရေးလုပ်ငန်းရှင်များကလည်း မိမိတို့စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံ့အကြီးအကဲ၏ အမြော်အမြင်ရှိစွာဖြင့် တစိုက်မတ်မတ် အလေးထားဆောင်ရွက်ပေးမှုကြောင့် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာပြီဖြစ်သည်။ စီးပွားရေးနှင့် နိုင်ငံရေးမှာ ဆက်စပ်လျက်ရှိပြီး စီးပွားရေးကောင်းမွန်မှုမရှိပါက နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုလည်း ရှိမည်မဟုတ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စီးပွားရေး ကျဆင်းလာမှုများကြောင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးကောင်းမွန်လာအောင် နိုင်ငံတော်အစိုးရက အလေးထား ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသဖြင့် မိမိတို့ စီးပွားရေးလုပ်ငန်းများ တိုးတက်ခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရက မူဝါဒပိုင်းကိုသာ ထိန်းသိမ်းဆောင်ရွက်ပေးကာ လိုအပ်လာသည့် အခြေအနေများအပေါ်မူတည်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးကူညီ ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဆန်စပါး၊ ပဲပြောင်းသီးနှံများ အလုံအလောက်ရှိပြီး အဆိုပါလုပ်ငန်းများကိုအခြေခံ၍ နိုင်ငံ့စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကို အလေးထား၍ အခွန်အခများကိုလည်း တာဝန်ကျေစွာ ထမ်းဆောင်ရမည်ဖြစ်သည်။
နိုင်ငံ၏ဝင်ငွေသည် ပြည်သူများထံမှရရှိသည့် အခွန်ငွေနှင့် ကုန်သွယ်မှုများမှရရှိသည့် အခွန်ငွေများဖြစ်သည်။ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေများ ရရှိလျက်ရှိပြီး အဆိုပါရရှိသည့် အခွန်ငွေများကို ဘတ်ဂျက်များရေးဆွဲကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည်။ ထို့ကြောင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ပါမှ နိုင်ငံ့စီးပွားတိုးတက်လာပြီး နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ကုန်ထုတ်စွမ်းအား မြင့်မားလာမည်ဖြစ်သည်။ ဈေးကွက်ရရှိရေးအတွက် ကုန်ပစ္စည်းပြပွဲများ ကျင်းပပေးပြီး စားသုံးသူများ စိတ်ဝင်စားမှု မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွား မြင့်မားတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရက ကူညီဆောင်ရွက်ပေးမှုများကို အကျိုးရှိစွာ အသုံးချ၍ ထုတ်ကုန်များ တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ပြီး မိမိတို့စီးပွား၊ နိုင်ငံ့စီးပွား မြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။