ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် နိုင်ငံရေးမ တည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသည့်စားနပ်ရိက္ခာ ဖူလုံမှုဆိုင်ရာစိန်ခေါ်မှုများကို ကမ္ဘာ့နိုင်ငံများစွာတို့ ကြုံတွေ့နေရသည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံတို့၏ အခက်အခဲက မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေး အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့် နိုင်ငံအဖို့ အခွင့်အလမ်းကောင်းများကို ဖြစ်ပေါ်လာစေသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ရာ အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါး တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေး လုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရန် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
“မကြာမီရောက်ရှိတော့မည့် နွေစပါးရာသီအတွက်ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူလယ်ယာစနစ်(Contract Farming) ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကို ကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေ စီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ပေးထားပါကြောင်း၊ အဆိုပါထောက်ပံ့မှုများသည် မျိုး၊ မြေဩဇာ စသည့် သွင်းအားစုအတွက် ထောက်ပံ့မှုဖြစ်ပြီး သက်ဆိုင်သူအားလုံးက အကျိုးရှိစေရေး စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် စပါးများ ထွက်ရှိရန် လိုသကဲ့သို့ ထွက်ရှိလာသည့် စပါးကို ကြိတ်ခွဲရာတွင်လည်း သန့်ရှင်းပြီး အဆင့်အတန်းမီသည့် ဆန်များရရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း” ဖြင့်လည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီက ကမ္ဘာပေါ်တွင် ဆန်အများ ဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကွက်တွင်ဈေးကွက်ဝေစု ကျယ်ပြန့်စွာ ရရှိထားခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် အစိုးရအဆက်ဆက်က ပြည်တွင်းစားသုံးမှု ဖူလုံရေးကို အဓိကထားခဲ့ကြသည့်အတွက် အဆိုပါ မူဝါဒကြောင့် ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံအဖြစ်မှ လျှောကျခဲ့ရသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ဆန်စပါးမူဝါဒအပြောင်းအလဲ အနေဖြင့် ၂၀၀၃ ခုနှစ်တွင် ဆန်စပါးကို ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခဲ့ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့် လုပ်ကိုင်ခွင့်ပြုခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင်ပြည်ပသို့ဆန် တန်ချိန် ၃ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့ခြင်းဖြင့် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံ ငါးနိုင်ငံစာရင်းထဲသို့ ရောက်ရှိလာခဲ့သည်။
ပြည်ပပို့ကုန် မြှင့်တင်ရေးတွင် အဓိကဖြစ်သည့် မြန်မာ့ဆန်ကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ရာတွင် မိမိတို့ထက်ပို၍ ရှေ့တန်းသို့ ရောက်ရှိနေသည့် ဆန်တင်ပို့ရောင်းချသူနိုင်ငံ များကို ယှဉ်ပြိုင်နိုင်စွမ် းရှိရမည်ဖြစ်သည်။ နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်ရာ၌ မြန်မာ့ဆန်၏ အရည်အသွေးသည် စံချိန်စံညွှန်း မြင့်မားနေရန် လိုအပ်ပြီး ၎င်းအရည်အသွေးရရှိနိုင်ရန်အတွက် ဆန်စက်များနှင့် သိုလှောင်ရုံများ အဆင့်အတန်း မြင့်မားရန် လိုအပ်သည်။ သို့မှသာ အရည်အသွေး ကောင်းမွန်သည့်ဆန်ကို ကြိတ်ခွဲ သိုလှောင်နိုင်မည် ဖြစ်သည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူများကလည်း စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်း စသည့် အဆင့်များအားလုံးတွင် ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ပြီး ဓာတုဓာတ်ကြွင်း ကင်းစင်ရေး၊ ပိုးမွှားနှင့်ခဲ၊ သဲတို့ကင်းစင်ရေး အလေးဂရုပြုကြရန် လိုအပ်သည်။ နိဂုံးချုပ်အားဖြင့် ဆိုရလျှင် အရည်အသွေးမြင့် မြန်မာ့ဆန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး၊ ကမ္ဘာ့ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံနေရာသို့ ပြန်လည်ရောက်ရှိရေးတို့သည် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်သွားကြရမည့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟု ဆိုရမည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်