Skip to main content

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်

နေပြည်တော် အောက်တိုဘာ ၁၂

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၅) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်သည်။

အဆိုပါ စစ်လက်ရုံး ရွေးချယ်ပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစား အားထုတ်မှုများအပေါ် မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီး အတွက် စိစစ် ရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အနော်ရထာတပ်ရင်း ဗိုလ်လောင်း စားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် စစ်လက်ရုံး ရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။