Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ ဆက်လက်တက်ရောက်စိစစ်ရွေးချယ်

နေပြည်တော် အောက်တိုဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ ဆက်လက်တက်ရောက်စိစစ်ရွေးချယ်သည်။

အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီတွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်တပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသပေးထားမှုများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ ၎င်းတို့၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဆေးရုံအတွင်း အသစ်ဆောက်လုပ်လျက်ရှိသည့် ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေ၊ မီး စနစ်များကို စနစ်တကျ ထည့်သွင်း တွက်ချက်တည်ဆောက်ရန်၊ လူနာများအား လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး သတ်မှတ်စံနှုန်းများနှင့်အညီ တည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးအောင် တည်ဆောက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြပြီး ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်မှုအခြေအနေများ၊ ဥယျာဉ်စိမ်းလန်းစိုပြေရေးနှင့် သစ်ပင်ပန်းမန်များကို ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။