ရန်ကုန် ဇန်နဝါရီ ၈
အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr Dylan Chow သည် ရုပ်ရှင်ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား လမ်း အမှတ် ၅၀ ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒါရိုက်တာသည် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ပညာ သင်ယူရန်နှင့် သရုပ်ဆောင် ပညာ လေ့လာဆည်းပူးရန် အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဒါရိုက်တာဆုနှင့် ထုတ်လုပ်မှုဆိုင်ရာ ရုပ်ရှင်ပညာဘွဲ့ကို ရရှိခဲ့ကြောင်း၊ ၎င်းသည် ဖြစ်ရပ်မှန် အပေါ် အခြေခံသည့် ဇာတ်လမ်းရေးသမှုနှင့် ရုပ်ရှင်ဇာတ်လမ်းတိုဖန်တီးမှုများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ရာ ၎င်း၏ ရုပ်ရှင်ဇာတ်လမ်းတိုများသည် လော့စ်အိန်ဂျလိစ်၌ ကျင်းပသည့် ရုပ်ရှင်ပွဲတော်များတွင် ထူးချွန်ဆုများစွာ ရရှိခဲ့ကြောင်း၊ ၎င်းဆုရရုပ်ရှင်ဇာတ်လမ်းတိုများနှင့် ပတ်သက်သည့် ဇာတ်ညွှန်းဆိုင်ရာများကို ဆွေးနွေးမည်ဖြစ်ရာ စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန်အတွက် ရုပ်ရှင်အနုပညာရပ်ဝန်းတစ်ခု တည်ထောင်ပြီး ရုပ်ရှင်စတူဒီယိုများဖွင့်လှစ်ပေးခြင်း၊ ရုပ်ရှင်ဇာတ်ကားများကြည့်ရှုလေ့လာ သုံးသပ်သည့် Cinematheque Program များ ကျင်းပ ခြင်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာဖွင့်လှစ်၍ သင်တန်းနှင့် ဆွေးနွေးပွဲများကျင်းပခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိရာ Cinematheque Program ၏ကဏ္ဍတစ်ရပ်အဖြစ် ထိုကဲ့သို့ ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ငြိမ်းကို(FDC)