Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လမ်းညွှန်မှာကြား

နေပြည်တော် အောက်တိုဘာ ၁၆

ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားနိုင်ရေး ယခုကဲ့သို့ စုစုစည်းစည်းဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်များနှင့် တပ်မတော်သားများ၏ စွမ်းရည်သုံးရပ်ကို မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်မူ ခေတ်မီလက်နက်များကို တပ်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ခေတ်မီလက်နက်များကို တပ်ဆင်ပေးရန်အတွက် နိုင်ငံကိုဦးဆောင်သည့် အကြီးအကဲများအနေဖြင့်လည်း နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကား မြှင့်တင်မှုအပေါ် စိတ်ပါဝင်စားမှုရှိရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးသည် တပ်မတော်နှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေးအတွက်ကိုမူ နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ခေါင်းဆောင်များတွင် နိုင်ငံရေးကို အလေးပေး ဆောင်ရွက်သူနှင့် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည်မြင့်မားရေးအပိုင်းကို စိတ်ဝင်စားသူဟူ၍ရှိပြီး တပ်မတော်နှင့် နိုင်ငံ့ခေါင်းဆောင်များ၏ စိတ်ဝင်စားမှုအလိုက် နိုင်ငံတစ်ခု၏ ကာကွယ်ရေးစွမ်းပကားသည်လည်း ကွာခြားသွားမည်ဖြစ်ကြောင်း။

စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို မြင့်မားအောင်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရေး အတွက် ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရည်မြင့်မားလာသည့်အတွက် အတွေ့အကြုံနှင့် အသိအမြင်များသည်လည်း ရင့်ကျက်လာမည်ဖြစ်ကြောင်း။

လေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းသည် အနာဂတ် တပ်မတော်ကို တည်ဆောက်နေခြင်းပင်ဖြစ်

တပ်မတော်တွင် ခေါင်းဆောင်မှု ပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အတွင်း၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ စစ်ဘက်ခေါင်းဆောင်များအနေဖြင့် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေး လေ့ကျင့်ပေးနေမှုများသည် သင်တန်းကျောင်းများအလိုက် အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ အခြေခံစစ်ပညာမှအစပြု၍ အဆင့်အလိုက်လျော်ညီစွာ တတ်မြောက်ရမည့် အတတ်ပညာ၊ အသိပညာများရရှိရေး သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း။

သင်ကြားလေ့ကျင့်ပေးရာတွင် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ယင်းအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူများ ဖြစ်အောင်လေ့ကျင့်သင်ကြားပေးမှုဟူ၍ရှိကြောင်း၊ လက်ရုံးတပ်ဖွဲ့များတွင်လည်း အဆင့်အလိုက်သင်ယူ တတ်မြောက်ရမည့် အသိပညာ၊ အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ လေ့ကျင့်ရေးနှင့်ပတ်သက်၍ တပ်မတော်တွင် ကဏ္ဍပေါင်းစုံ၌ ပြည့်စုံအောင် ဆောင်ရွက်ပေးထားကြောင်း၊ လေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းသည် အနာဂတ်တပ်မတော်ကို တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် လေ့ကျင့်ရေးကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် နည်းပြများအနေဖြင့် ပေါ့ပေါ့တန်တန်သဘောမထားစေလိုဘဲ လေးနက်စွာ သင်ကြားပေးရမည်ဖြစ်ကြောင်း။

ပြင်ဦးလွင်သည် တပ်မတော်၏ လေ့ကျင့်ရေးဘူမိနက်သန်မြေဖြစ်သည့်အတွက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများတွင် စံပြဖြစ်နေရမည်

နည်းပြများအနေဖြင့် လေ့ကျင့်သင်ကြားရာတွင် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်နှင့် စာပေပိုင်းဆိုင်ရာ ပညာရပ်ဟူ၍ရှိပြီး နှစ်ဖက်မျှတစွာ တတ်မြောက်အောင် သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ သင်တန်းသားနှင့်နည်းပြအချိုးကို အမြဲလေ့လာဆန်းစစ် နေရမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ်များကို စနစ်တကျသင်ကြား လေ့ကျင့်ပေး လိုက်မှသာလျင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာအသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့ လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း၊ အရည်အချင်း ပြည့်ဝသည့် သင်တန်းသားများ ပေါ်ထွက်လာရေးအတွက် နည်းပြများသည် အရည်အချင်းပြည့်စုံရမည်ဖြစ်သဖြင့် နည်းပြများရွေးချယ် တာဝန်ပေးရာတွင်လည်း စနစ်တကျရွေးချယ်တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ လေ့ကျင့်ပေးသူများ၏ အရည် အချင်း အပေါ်မူတည်၍ လေ့ကျင့်ခံရသူများ၏ အရည်အသွေးများ ပြောင်းလဲမည်ကို သတိချပ်စေလိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း။

ပြင်ဦးလွင်သည် တပ်မတော်၏ လေ့ကျင့်ရေးဘူမိနက်သန်မြေဖြစ်သည့်အတွက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများတွင် စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ပိုင်းဆိုင်ရာ များအလိုက် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်မှစ၍ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုနှင့် တပ်ပြင်ထွက်ခွင့်များကို ကန့်သတ်ချက်များပေးထားသဖြင့် သင်တန်းသားများအနေဖြင့် စာပေပညာ၊ စစ်ပညာများကို လေ့လာသင်ယူချိန် ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ဗဟုသုတရစေမည့် စာပေပညာများကို ဖတ်မှတ်လေ့လာရမည်ဖြစ်ပြီး အချိန်ကိုအကျိုးရှိရှိ အသုံးချရန်လိုကြောင်း။

သင်တန်းသား တစ်ဦးချင်းစီအလိုက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိအောင် သင်ကြားလေ့ကျင့်ပေးရမည်

စစ်ပညာ၊ စာပေပညာများကို သင်ယူနေရသည်ဖြစ်သည့်အတွက် အခြေခံစစ်ပညာ သင်ကြားမှုကာလတွင် သင်တန်းသားများအနေဖြင့် ပင်ပန်းကြမ်းတမ်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို ကြံ့ခိုင်မှုရှိအောင် စနစ်တကျဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြား နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာမှုရှိစေရေးအတွက် အာဟာရပြည့်ဝပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးစေသည့် စားသောက်မှု ပုံစံကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက် နည်းစနစ်ကျသည့် လေ့ကျင့်မှုများဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးအဖြစ် စတင်ဝင်ရောက်ရန် ရွေးချယ်စဉ်ကတည်းကပင် လိုအပ်သည့် ကိုယ်ခန္ဓာ၊ အရပ်အမောင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများကို ခံယူခဲ့ရပြီးဖြစ်ကြောင်း၊ တစ်ဦးချင်းစီအလိုက် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်မှုပုံစံအလိုက် ရောဂါဘယကင်းဝေးမှု၊ ကျန်းမာကြံ့ခိုင်မှုတို့သည်လည်း ကွာခြားသွားမည်ဖြစ်သဖြင့် တစ်ဦးချင်း၏ နေထိုင်မှုပုံစံ ကောင်းမွန်စေရေး သင်တန်းကျောင်းများ၌ လေ့ကျင့်ပေးလိုက်ရမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးနောက်ပိုင်း ၎င်းတို့၏ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် ကောင်းမွန်သည့် ဘဝကို ပုံဖော်ဖြတ်သန်းနိုင်အောင် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး ကိုယ်ခန္ဓာ တည်ဆောက်ပုံခြင်းတူညီမှုရှိမည်မဟုတ်သဖြင့် ၎င်းတို့လုပ်ဆောင်နိုင်မည့် ခံနိုင်ရည်စံနှုန်းများကို လေ့ကျင့်မှုဖြင့် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ နည်းပြများ အနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေရသူများဖြစ်ကြောင်း၊ ထို့ပြင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေးအတွက်လည်း သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပြီး တူညီသည့် စိတ်ဓာတ်စည်းကမ်းများကို လေ့ကျင့်ပုံဖော်ပေးရန်လိုပြီး ကျောင်းအလိုက် ကောင်းမွန်သည့် အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းသင်ကြားပေးရန် လိုကြောင်း၊ သင်ကြားသူများ၏ ပုံစံအလိုက် သင်တန်းသားများသည်လည်း ကွာခြားသွား မည်ဖြစ်ကြောင်း။

တပ်မတော်မှ ရိက္ခာနှုန်းထားများသည် စစ်သည်တစ်ဦးချင်း အမှန်တကယ် လိုအပ်သည့် အာဟာရများ ပြည့်ဝစေရေးအတွက် စနစ်တကျ တွက်ချက်ထုတ်ပေးထားခြင်း ဖြစ်သဖြင့် ပြည့်ပြည့်ဝဝ စားသုံးနိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည့်ဝစွာ စားသုံးနိုင်ရမည်ဖြစ်သကဲ့သို့ ကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သင်တန်း ကျောင်းများသည် ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးသည့် သင်တန်းသားများကို မွေးထုတ်ပေး ရမည်ဖြစ်သဖြင့် ၎င်းတို့တစ်ဦးချင်းစီ၏ နေထိုင်စားသောက်မှုပုံစံများ စနစ်တကျ ဖြစ်စေရေး နည်းပြများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အသက်အရွယ်အလိုက်၊ မျိုးရိုးဗီဇအလိုက် ကွဲပြားခြားနားမှုများ ရှိနိုင်မည်ဖြစ်သော်လည်း တပ်မတော်တွင် သတ်မှတ်ထားသည့် အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်သည့် စံနှုန်းများ ပြည့်မီရန်လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်မတော်တွင် ဆောင်ရွက်လျက်ရှိသည့် လေ့ကျင့်ရေး ပိုင်းဆိုင်ရာများ၊ သင်တန်းကျောင်းများ၏ လေ့ကျင့်ရေးစံနှုန်းသတ်မှတ်ချက်များ၊ သင်တန်းသားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကို တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ လိုအပ်သည်များကို ယခုကဲ့သို့ အချိန်ယူ၍ မှာကြားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း အရာရှိ၊ စစ်သည် တစ်ဦးချင်းအနေဖြင့် မိမိကိုယ်တိုင် သတင်းလုံခြုံမှုနှင့် ပတ်သက်၍ သတိထားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဝင်များအနေဖြင့်လည်း သတင်းလုံခြုံမှုနှင့် ပတ်သက်၍ ထိခိုက်မှုမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိ တို့ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကျောင်းများမှ နည်းပြများဖြစ်ပြီး အရည်အချင်းရှိသူများဖြစ်သည့်အတွက် မိမိတို့ လေ့ကျင့်သင်ကြားပေးနေသည့် သင်တန်းသားများကိုလည်း လုံခြုံရေးအသိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ လူမှုကွန်ရက်စာမျက်နှာ၊ အွန်လိုင်းနည်းပညာ အသုံးချမှုများကို အကျိုးရှိသည့် နေရာများ၌သာ အသုံးချရန်လိုပြီး စည်းကမ်းစနစ်တကျရှိရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် စံနမူနာကောင်းပြ၍ ညီညွတ်မျှတသည့် ခေါင်းဆောင်မှုဖြင့် အရည်အချင်းပြည့်ဝသည့် သင်တန်းသားများဖြစ်စေရေး ကြိုးပမ်းလေ့ကျင့်သင်ကြား ပေးကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။