နေပြည်တော် အောက်တိုဘာ ၁၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေနှင့် နည်းပညာ ထောက်ပံ့ပေးထားမှု၊ ဒေသတွင်း အောင်မြင်ပြီး အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကရင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဌေး၊ ပြည်နယ်စိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစောစေးထူး၊ ပြည်နယ် မွေးမြူရေးလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတို့မှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ကူညီပေးနေမှုများအပေါ် ကျေးဇူးတင်ရှိမှု၊ ဒေသတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် လိုအပ်မှု၊ မျိုးကောင်းမျိုးသန့်များ လိုအပ်မှုနှင့် လုပ်ငန်းများ တိုးချဲ့နိုင်ရန်အတွက် မြေလိုအပ်ချက်ရှိမှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ရာဘာစိုက် တောင်သူများအတွက် ဓာတ်မြေသြဇာများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိလိုမှု၊ စိုက်ပျိုးရေးချေးငွေများ ရရှိလိုမှုနှင့် ရော်ဘာနှင့် ပတ်သက်၍ အဆင့်မြင့် နည်းပညာသုံး စက်ရုံများလိုအပ်မှု၊ ဒေသမှထွက်ရှိသည့် ပြောင်းများကို ပြည်ပသို့ လွယ်ကူစွာတင်ပို့နိုင်ရေး သတ်မှတ်ချက်များအား ဖြေလျှော့ပေးစေလိုမှု၊ ကုန်စည်စီးဆင်းမှုများ ပိုမိုလွယ်ကူ အဆင်ပြေစေရေးအတွက် ဘားအံမြို့တွင် ကုန်စည် ဒိုင်၊ ပွဲရုံ၊ ကားကြီးကွင်းတို့ကို ဆောင်ရွက်ပေးစေလိုမှု၊ ရေကြီးရေလျှံမှုများ မရှိစေရေးအတွက် သံလွင်မြစ်ကမ်းနံဘေးရှိ ပိတ်ဆို့နေသည့် တူးမြောင်းများကို ပြန်လည် တူးဖော်ပေးစေလိုမှု စသည်တို့နှင့်ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးထိခိုက်ခဲ့မှု ဖြစ်စဉ်များအပေါ် လုပ်ငန်းရှင်များအနေဖြင့် သင်ခန်းစာယူ ဆောင်ရွက်ကြရန်လိုအပ်မှု၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအပေါ် ကန့်သတ်ချက်များ များစွာ ဖြေလျှော့ပေးထားမှု၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည် ဖြစ်သော်လည်း တရားမဝင်ကုန်သွယ်မှုများ ရှိနေသေးသည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုကို ဝိုင်းဝန်းတိုက်ဖျက်ကြရန် လိုအပ်မှု၊ ကရင်ပြည်နယ်သည် ကော်ဖီသီးနှံကို အဓိကသီးနှံအဖြစ် စိုက်ပျိုးပြီး ပြည်ပသို့ တင်ပို့နိုင်မည့် အခြေအနေကောင်းကို ပိုင်ဆိုင်ထားရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လိုအပ်သည့် နည်းပညာနှင့် အခြားအခက်အခဲများကို ဖြည့်ဆည်းပေးလျက်ရှိမှု၊ ဒေသထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့ခြင်းထက် ဝင်ငွေ ပိုမိုရရှိနိုင်မည့် တန်ဖိုးမြင့် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး စက်ကိရိယာများနှင့် နည်းပညာများကို ဖြည့်ဆည်းပေးလျက်ရှိမှု၊ ကျေးရွာနေ ပြည်သူလူထု ဝင်ငွေတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သမဝါယမ အသင်းများ အစုအဖွဲ့များဖွဲ့၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက် ရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဆွေးနွေး ပြောကြားကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်နယ်မှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေး ပြောကြားသည်။
နိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်ပြီး ပြည်နယ်၏ စီးပွားရေး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေး ပြောကြားရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေး ပြောကြားရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပြီး နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာ မူဝါဒများကို ချမှတ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမှချုပ်ကိုင်သော စနစ်မဟုတ်သကဲ့သို့ စီမံကိန်း စီးပွားရေးစနစ်မဟုတ်သောကြောင့် အစိုးရအနေဖြင့် မူဝါဒပိုင်းကို ကြပ်မတ် ထိန်းကြောင်းပေးခြင်း ဖြစ်သဖြင့် လုပ်ငန်းများ အောင်မြင်စေရေးအတွက်ကိုမူ လုပ်ငန်းရှင်များက ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံ့စီးပွားရေး မပြိုလဲရန်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားမထိခိုက်စေရန် ဝင်ရောက် ထိန်းကြောင်းမှုများကို လုပ်ဆောင်ပေးရကြောင်း။
ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်
စီးပွားရေး လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု ဟူ၍ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းလာမှသာလျင် စီးပွားရေး ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အားပေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရောင်းဝယ်မှုတွင် ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုမရှိပါက ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏ စီးပွားရေ းဖွံ့ဖြိုးမှုကို ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း၊ ကုန်ကြမ်းထွက်ရှိမှုကို ခိုင်မာအောင် ဆောင်ရွက် ထားနိုင်မှသာလျင် ကုန်ချော ထုတ်လုပ်မှုသည်လည်း စဉ်ဆက်မပြတ် ရှိမည်ဖြစ်ပြီး ဈေးကွက်ခိုင်မာမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့် မြေပေါ်မြေအောက် သယံဇာတ ကုန်ကြမ်းပစ္စည်းများ ကြွယ်ဝပြီးဖြစ်ကြောင်း၊ တွင်းထွက်ပစ္စည်းများမှ ထုတ်ကုန်များ ထုတ်လုပ်၍ရပြီး ကရင်ပြည်နယ်အတွင်း ထုံးကျောက်ပေါများစွာ ထွက်ရှိသဖြင့် ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း။
ဆန်ဖူလုံမှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်သည် ဆန်ဖူလုံမှု ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ စပါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း မဖြစ်မနေ ဆောင်ရွက်သင့်ပြီး ဒေသတွင်း ဆန်ဖူလုံမှု ရှိစေရေးအတွက် တစ်ဧကချင်း အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ၄ ချက်ကို လိုအပ်ကြောင်း၊ စိုက်ပျိုးမြေများကို စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးနိုင်သည့် ခေတ်မီစိုက်ပျိုးမြေ ဧကကွက်၊ ဟတ်တာကွက်များအဖြစ် ပြုပြင်ဖော်ဆောင်ရန် လိုကြောင်း၊ မျိုးအရေအတွက် မျိုးစုံကို အများအပြား စိုက်ပျိုးခြင်းထက် ဒေသတွင်း မျိုးကောင်းစပါးမျိုးများကို များများ စိုက်ပျိုးနိုင်ရန် လိုကြောင်း၊ အထွက်နှုန်းများ တိုးတက်ရေး အတွက် စိုက်နည်းစနစ်များ ကောင်းမွန်ရန်လိုအပ်သကဲ့သို့ စိုက်ပျိုးရေနှင့် အောင်ရေများလည်း လုံလောက်စွာ ရရှိရန် လိုကြောင်း၊ စိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် ဓာတ်မြေသြဇာများ ရရှိစေရေး နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ ဒေသတွင်းရှိ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်၍ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ဇီဝမြေဩဇာများအဖြစ် အသုံးပြု၍ရကြောင်း၊ သစ်စိမ်း မြေဩဇာနှင့် အီးအမ်ဘိုကာချီ များကိုလည်း သဘာဝမြေသြဇာများအဖြစ် အသုံးပြု၍ရကြောင်း၊ စပါးကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဆန်ကွဲ၊ ဖွဲများကို အသုံးပြု၍လည်း တိရစ္ဆာန်အစာများ ထုတ်လုပ်၍ရနိုင်ကြောင်း၊ ကရင်ပြည်နယ်အတွင်း အရည်အသွေး ကောင်းမွန်သည့် ဆန်စက်ရှိရန် လိုအပ်နေသည်ကို တွေ့ရှိရပြီး တန်ဖိုးမြင့်ဆန်ထုတ်ကုန်များ ရရှိစေရေးအတွက် ဒေသတွင်း အရည်အသွေး ကောင်းမွန်သည့် ဆန်စက်များရှိရန် လိုကြောင်း၊ ဆန်မှ အစားသောက် ကုန်များစွာကိုလည်း ထုတ်လုပ်၍ ရသဖြင့် နည်းပညာရယူ၍ ဆန်နှင့်ပတ်သက်သည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဒေသတွင်းမှ ထွက်ရှိလာသည့် ပြောင်းထွက်ကုန်များကိုလည်း ကုန်ကြမ်းအဖြစ် ပြည်ပသို့ တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး တင်ပို့မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး စက်မှုလုပ်ငန်းများအတွက် အခြေခံကောင်းများရှိပြီး ဖြစ်သည့် ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အုန်းစိုက်ပျိုးမှုများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်၍လည်း အုန်းထွက်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်၍ရနိုင်မည်ဖြစ်ကြောင်း။
ရာဘာစိုက်ပျိုးမှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်အတွင်း စိုက်ပျိုးဧက ၂ သိန်း ကျော်ခန့် ရှိသည်ကို တွေ့ရှိရကြောင်း၊ ရာဘာကိုအခြေခံသည့် ကုန်ချောပစ္စည်းများကို ဒေသတွင်း ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် တိရစ္ဆာန် သားရေများကိုလည်း အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ကရင်ပြည်နယ်အတွင်း ရာဘာနှင့် တိရစ္ဆာန်သားရေများကို အသုံးပြု၍ လူသုံးဖိနပ်အပါအဝင် အခြားတန်ဖိုးမြင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်း စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ပြင် ကရင်ပြည်နယ်အတွင်း ဝါးများ ပေါများစွာ ထွက်ရှိသည့်အတွက် ဝါးကို အသုံးပြု၍ ပျော့ဖက်၊ စက္ကူများအပါအဝင် အခြားလူသုံးကုန် ပစ္စည်းများစွာကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်ပြီး ဝါးကိုအခြေခံသည့် ထုတ်ကုန်များကို ဆောင်ရွက်နိုင်မည် ဆိုပါကလည်း ဒေသအတွက် များစွာ အကျိုးရှိစေမည် ဖြစ်ကြောင်း။
မွေးမြူရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ဘဲမွေးမြူခြင်း လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ကြကြောင်း၊ ဘဲကိုစနစ်တကျ မွေးမြူမည်ဆိုပါက ဘဲကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ အလားတူ ငါးမွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျ မွေးမြူကြစေလိုကြောင်း၊ မွေးမြူရေး ငါးများကို လုံလောက်စွာ ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်တွင်းစားသုံးမှု ဖူလုံစေသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချ၍ ရကြောင်း၊ အသားစား နွားနှင့် ဝက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြေလွတ်မြေရိုင်း များစွာရှိပြီး စနစ်တကျ မွေးမြူမည် ဆိုပါက ကရင်ပြည်နယ်၏ မွေးမြူရေး ထုတ်ကုန်တစ်ခုကို ထုတ်လုပ်နိုင်မည် ဖြစ်ကာ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စီးပွားရေး လုပ်ငန်းများ များစွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။
သွင်းအားစုနှင့် ပတ်သက်၍ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့် လျှပ်စစ်ဓာတ်အားများ လိုအပ်ကြောင်း၊ စက်မောင်းဆီများ လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ စက်မောင်းဆီများ ချွေတာနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို အသုံးပြုနိုင်ရန် လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်နိုင်ပါက သယ်ယူပို့ဆောင်ရေးတွင်သာမက စက်မှုလုပ်ငန်းများလည်း များစွာ တိုးတက် ဖြစ်ထွန်းလာမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများရရှိရေး ဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် လုပ်ငန်းများဖြင့် ဆောင်ရွက်၍ရကြောင်း၊ အလားတူ ဒေသတွင်း ရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များကို အသုံးချ၍ ရေအားလျှပ်စစ်ဓ ာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လိုကြောင်း။
ရင်းနှီးမြှုပ်နှံငွေနှင့် ပတ်သက်၍ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်မှ ချေးငွေများ ထုတ်ပေးခဲ့ပြီး အချို့သောလုပ်ငန်းရှင်များမှာ ပြန်လည် ပေးဆပ်ခြင်း မရှိခဲ့ကြောင်း၊ စိုက်ပျိုးရေး ချေးငွေများနှင့် MSME လုပ်ငန်းများအတွက် ချေးငွေများကို ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးယူထားသည့် ငွေများကို သတ်မှတ် ကာလများအတွင်း နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း။
လူသားအရင်းအမြစ် ပေါကြွယ်ဝရေး အလေးပေးဆောင်ရွက်
လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိစေရေးအတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေး အားနည်းမှုများရှိသဖြင့် ကျွမ်းကျင်လုပ်သားများ နည်းပါးသည်ကို တွေ့ရှိရနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာဆိုင်ရာများနှင့် ပတ်သက်၍ အထက်တန်းကျောင်းများတွင် သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဘားအံမြို့၌ စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေး သိပ္ပံတို့ကိုလည်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ပညာတတ်များ ပေါကြွယ်ဝမှ သာလျင် လူသား အရင်းအမြစ်များ ပေါများလာမည်ဖြစ်သဖြင့် ကရင်ပြည်နယ် အတွင်း၌လည်း ပညာတတ်များ ပေါများစေရေး ပညာရည် မြင့်မားရေးကို အားပေး ဆောင်ရွက်ကြစေ လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည် မြင့်မားစေရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိပြီး မိမိတို့ဒေသအတွင်း လူသားအရင်းအမြစ်များ ပေါများလာစေရေး အတွက်လည်း ဒေသခံများက ဝိုင်းဝန်း ဆောင်ရွက်ကြစေ လိုကြောင်း။
အိမ်သာလျင် ဧည့်လာမည်
ခရီးသွား လုပ်ငန်းများနှင့် ပတ်သက်၍ ကရင်ပြည်နယ်သည် သဘာဝ အလှအပများ များစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး အဆိုပါ အခြေခံကောင်းများကို အသုံးချ၍ ပြည်တွင်း၊ပြည်ပ ခရီးသွားလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ရကြောင်း၊ အိမ်သာလျင် ဧည့်လာမည်ဖြစ်သဖြင့် ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများကို စွဲဆောင်နိုင်သည့် သာယာလှပသော ပတ်ဝန်းကျင်ကောင်းများ ရှိစေရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံစိတ်ချရသည့် ပြည်နယ်တစ်ခု ဖြစ်စေရေးကို ဒေသခံများ၊ ဒေသတွင် လာရောက် အမှုထမ်းနေကြသည့် နိုင်ငံ့ဝန်ထမ်းများ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ရိုးရာအစားအစာ များကိုလည်း သန့်ရှင်းသပ်ရပ်စွာဖြင့် ဖွယ်ဖွယ်ရာရာ ပြုလုပ်၍ ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကရင်ပြည်နယ် အတွင်း ခရီးသွားကဏ္ဍ တိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အားပေး ဆောင်ရွက်လျက်ရှိပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
လုပ်ငန်းများအားလုံး မိမိတို့၏ လုပ်ငန်းတစ်ခုချင်းစီ အလိုက် စည်းကမ်းစနစ်တကျဖြင့် အားထည့်၍ ဆောင်ရွက်မည် ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို အသုံးချ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများ တိုးတက်လာပြီး ဒေသခံများ၏ လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည် ဖြစ်ကာ ဒေသသည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲ လာမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ဒေသရိုးရာ လက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေး လုပ်ငန်းရှင်များက လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘားအံစက်မှုဇုန်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုဖြစ်သည့် Precision Auto Engineering Co.,Ltd သို့ ရောက်ရှိကြရာ ကုမ္ပဏီမှ စီမံရေးရာ မန်နေဂျာဖြစ်သူ ဦးမျိုးသီဟနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် Precision Auto Engineering Co.,Ltd အနေဖြင့် မြန်မာနိုင်ငံရှိ ဒေသအားလုံးသို့ Bajaj အမှတ်တံဆိပ် သုံးဘီး မော်တော်ယာဉ်များအား ရောင်းချပေးလျက်ရှိမှု၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုနှင့် ပရဟိတလူထုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီအတွင်း သုံးဘီး မော်တော်ယာဉ်များ၊ မော်တော်ယာဉ်များကို တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။