Skip to main content

မြန်မာနိုင်ငံရှိ အဓိကလေဆိပ်ကြီးများ၌ ခေတ်မီရေဒါစနစ်များ တပ်ဆင်ရန် ဂျပန် ကူညီ

တိုကျို  ဇန်နဝါရီ  ၈

ဂျပန်နိုင်ငံမှ ထိပ်တန်းအိုင်တီနှင့် နည်းပညာကုမ္ပဏီ NEC ကော်ပိုရေးရှင်းသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့ကြီးများရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် စုစုပေါင်း ယန်း ၂ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ သန်းနီးပါး) တန်ကြေးရှိ လေကြောင်းထိန်းချုပ်ရေး ရေဒါ အပါအဝင် လေကြောင်းစောင့်ကြပ်ရေးစနစ်များ ပံ့ပိုးပေးရန် မြန်မာနိုင်ငံမှ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံရှိ လေဆိပ်များမှတစ်ဆင့် ခရီးသည်အရေအတွက်နှင့် ကုန်စည်ပမာဏ ဖြတ်သန်းသွားလာမှုမှာ စီးပွားရေးလုပ်ငန်းများတိုးချဲ့မှုနှင့် ဗီဇာလျှောက်ထားမှု ဖြေလျှော့မှုများပြုလုပ်ခြင်းကြောင့် ဂျပန်နိုင်ငံမှ ခရီးသည်များစွာအပါအဝင် ကမ္ဘာလှည့်ခရီးသွားများ အရေအတွက်များပြားလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များ၌ စုစုပေါင်း ခရီးသွားအရေအတွက်မှာ ၆ ဒသမ ၅ သန်းခန့်သာရှိခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ်တွင် ခရီးသည်အရေအတွက်မှာ ၇ ဒသမ ၂၆ သန်းအထိ ရှိလာခဲ့သည်။  ရန်ကုန်လေဆိပ်မှာ ၂၀၁၃ ခုနှစ်တွင် ကုန်စည် ၂၄၀၀၀တန် ကိုင်တွယ်ဆောင်ရွက်ခဲ့သော်လည်း ပမာဏမှာ ၂၀၁၇ ခုနှစ်တွင် တန် ၅၅၀၀၀ အထိ နှစ်ဆကျော် များပြားလာခဲ့သည်။ အဆိုပါလေဆိပ်သုံးခုမှာ ရေဒါကိရိယာမရှိမှုနှင့် အိုမင်းနေသည့်စနစ်များကြောင့် လုံခြုံမှုနှင့် စွမ်းဆောင်နိုင်မှုတို့တွင် စိန်ခေါ်မှုများရင်ဆိုင်နေရသည်။ ထိုပြဿနာဖြေရှင်းရန် NEC ကော်ပိုရေးရှင်းက လေကြောင်းထိန်းချုပ်ရေး ရေဒါများ၊ သတင်းအချက်အလက်ပေးပို့ရေးစနစ်များကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ထောက်ပံ့သည့် တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) မှတစ်ဆင့် ပံ့ပိုးမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်အကုန်တွင် NEC ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ၏ လေကြောင်းထိန်းချုပ်ရေးလုပ်ငန်းများအန္တရာယ်ကင်းစေရန်နှင့် အကျိုးဖြစ်မြောက်မှု တိုးတက်လာစေရန် လေယာဉ်၏ အကွာအဝေးနှင့် တည်နေရာကို ရှာဖွေဖော်ထုတ်နိုင်သည့် လေဆိပ်စောင့်ကြပ်ရေးရေဒါ (ASR)၊ လေယာဉ်ထံမှမောင်းနှင်မှုဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များရရှိနိုင်သည့် ဆင့်ပွားစောင့်ကြပ်ရေးရေဒါ (SSR) နှင့် ရေဒါများမှရရှိသော သတင်းအချက်အလက်များ အသုံးပြုသည့် ဘက်စုံအာရုံခံ အချက်အလက်ပေးပို့ရေးစနစ် (MSDPS) တို့ တပ်ဆင်မည်ဖြစ်သည်။

ကိုးကား - ဂျေစီအင်န်

ဘာသာပြန် - ကျော်ထိုက်စိုး