Skip to main content

အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်၊ ယှဉ်ပြိုင်ရသည့်အားကစားကဏ္ဍအလိုက် အောင်မြင်မှုများရရှိအောင်ကြိုးစားပြီး တပ်မတော်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရမည်

နေပြည်တော် နိုဝင်ဘာ ၁၄

ယနေ့ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲသည် နိုင်ငံတော် ကချမှတ်ထားသည့် “တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသည့် လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်ကို တပ်မတော်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အပိုင်းရှိ တာဝန်ရှိသူများက လိုအပ်သည့်ဖြည့်ဆည်းမှုများကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ တပ်မတော်သား အားကစားသမားများအနေဖြင့်လည်း နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကစားသမားကောင်းစိတ်ဓာတ်အပြင် အဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပေါင်းစည်းဆောင်ရွက်တတ်ခြင်း စိတ်ဓာတ်များကို မွေးမြူသွားရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်းဝင်ရောက် နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများ နေရာယူကြသည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က ဖွင့်ပွဲစာတမ်းပါ မိုးပျံပူဖောင်းများအား ဖဲကြိုးဖြတ်၍ လွှတ်တင်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေးပြမှူးကြီး ဦးဆောင်သောအလံတော်အဖွဲ့နှင့် အားကစားသမားများ၏ အလေးပြုခြင်းကိုခံယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအမှာစကားပြောကြားရာတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပလာခဲ့သော်လည်း လွန်ခဲ့သည့်နှစ်များက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်မားမှုများကြောင့် ရပ်နားထားခဲ့ရကြောင်း၊ ယနေ့အချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ယခုပြိုင်ပွဲကြီးကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ကျင်းပပေးခြင်းပင်ဖြစ်ကြောင်း။

ယခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် အားကစားနည်း (၁၀) မျိုးကို ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး အဆိုပါအားကစားနည်းများသည် မိမိတို့တပ်မတော်သားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ဇွဲသတ္တိရှိမှု၊ စည်းလုံးညီညွတ်မှုတို့ကို ဖော်ညွှန်းသည့်ပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများမှတဆင့် ထူးချွန်သည့် အားကစားသမားများကို နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများအဖြစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသည့်ပွဲ ဖြစ်သောကြောင့် မိမိတို့တွင်ရှိသည့် အစွမ်းအစများကို အကောင်းဆုံးအသုံးချ ယှဉ်ပြိုင်သွားကြရန် ဦးစွာတိုက်တွန်းမှာကြား လိုကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် တပ်မတော်အားကစားနှင့်ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစားကော်မတီများကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ တပ်မတော်သားအားကစားသမားများ၏ အရည်အသွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အားကစားကိုဝါသနာပါသည့် တပ်မတော်သားများ စနစ်တကျလေ့လာနိုင်စေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် အားကစားနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အသင်းများတွင် သွေးသစ်လောင်းနိုင်သည့် မျိုးဆက်သစ်အားကစားသမားများကို မွေးထုတ်ပေးနိုင်ရေး နှစ်စဉ်အားကစားပြက္ခဒိန်ကိုရေးဆွဲပြီး တိုင်းစစ်ဌာနချုပ်များအလိုက် ပြိုင်ပွဲများကို ကျင်းပစေလျက်ရှိကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သောကြောင့် မိမိတို့ယှဉ်ပြိုင်ကြရမည့် အားကစားကဏ္ဍအလိုက် အောင်မြင်မှုများရရှိအောင်ကြိုးစားပြီး တပ်မတော်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း။

အားကစားပြုလုပ်ခြင်းကြောင့်ရရှိသည့် ပထမဆုံးအကျိုးကျေးဇူးသည် မိမိတို့၏ တစ်ကိုယ်ရည်ကျန်းမာရေးကောင်းကျိုးပင်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အသင်းအဖွဲ့နှင့် ကစားရသည့်ပြိုင်ပွဲများတွင် အချင်းချင်းစည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီး စုပေါင်းစိတ်ဓာတ်ကိုရရှိစေခဲ့ကြောင်း၊ ယနေ့ကျင်းပသည့်ပြိုင်ပွဲများမှ အားကစားနည်း များသည် တပ်မတော်သားများနှင့်ကိုက်ညီသည့် အားကစားနည်းများပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြရသည့် မိမိတို့တပ်မတော်သားများသည် ကျန်းမာကြံ့ခိုင်မှု အမြဲပြည့်ဝနေရန်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်နေမှသာ မိမိတို့၏ ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်မည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာအောင်နေ သန်စွမ်းအောင်လေ့ကျင့် ဟူသည့်အတိုင်း စားသောက်နေထိုင်မှုကို ဂရုပြုနေထိုင်ကြရမည့်အပြင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် သက်လုံပြည့်ဝမှုရရှိစေရေးအတွက် နည်းစနစ်မှန်ကန်စွာ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းနေကြရမည်ဖြစ်ကြောင်း။

အားကစားဆိုသည်မှာ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ နိုင်ငံနှင့်လူမျိုးဂုဏ်ကိုမြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်လည်း ဖြစ်လာနေပြီကို ပြောကြားလိုကြောင်း၊ မိမိအသင်း၊ မိမိနိုင်ငံအတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံး စက္ကန့်အပိုင်းအခြားအထိ ပြိုင်ဘက်ကိုအလျှော့မပေးဘဲ အားကစားစိတ်ဓာတ်အပြည့် နှင့်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်မည်ဟူသည့် ခံယူချက်ကြောင့်ပင်ဖြစ်ကြောင်း၊ အားကစားသမားကောင်းတစ်ယောက်၏ အောင်မြင်မှုနှင့် ထင်ပေါ်ကျော်ကြားမှုများသည် ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ ၎င်း၏ကိုယ်စားပြုနိုင်ငံကိုပါ အလိုလိုမြှင့်တင်ပေးပြီးသား ဖြစ်စေခဲ့ကြောင်း။

ယနေ့ကျင်းပမည့် ပြိုင်ပွဲဝင်အားကစားများအနက် ပြိုင်ပွဲဝင်အားကစား တစ်မျိုးဖြစ်သည့် မြန်မာ့သိုင်းပညာရပ်သည် မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု၊ ရဲရင့်ဖျတ်လတ်မှုနှင့် ကိုယ်ကာယကြံ့ခိုင်မှုများကို ပြသသည့် ပညာရပ်တစ်ခုပင်ဖြစ်ကြောင်း၊ အတိတ်ကာလက တိုင်းတစ်ပါးနယ်ချဲ့များကို ရွပ်ရွပ် ချွံချွံခုခံတွန်းလှန်ခဲ့သည့် မြန်မာ့သမိုင်းတွင် မြန်မာ့ဓားရေးအစွမ်းသည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း မြန်မာ့သိုင်းပြိုင်ပွဲကို ၂၀၁၉ ခုနှစ်ကစပြီး ထည့်သွင်းယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးကဏ္ဍတွင် အမျိုးသားများနည်းတူ ပါရမီဖြည့်ဖက်များ၏ကဏ္ဍသည်လည်း အရေးပါလျက်ရှိခြင်းကြောင့် ပြေးခုန်ပစ်၊ ဂျူဒို၊ ဘော်လီဘော၊ သေနတ်ပစ် စသည့်ပြိုင်ပွဲများတွင် အမျိုးသမီးပွဲစဉ်များကိုပါ ထည့်သွင်းယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ရဲမေတစ်ဦးသည် ဂျူဒိုအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပြီး တပ်မတော်သားများသာမက ပါရမီဖြည့်ဖက်ရဲမေများ၏ စွမ်းရည်များကိုပါ မြင်တွေ့ခဲ့ရသောကြောင့် အလွန်ပင်ဝမ်းသာဂုဏ်ယူကြောင်း။

တပ်မတော်အနေဖြင့် တိုင်းပြည်၏အားကစားကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နှင့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက် လာစေရန်ရည်ရွယ်ပြီး တပ်မတော်ဘောလုံးအကယ်ဒမီသင်တန်းကို ၂၀၁၅ ခုနှစ်မှ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုဆိုပါက သင်တန်းအမှတ်စဉ်(၃)ထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။

အားကစားဟူသည်မှာ ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု စသည့်အခြေခံအချက် ၆ ချက်အပေါ်တွင် မူတည်လျက်ရှိသောကြောင့် အဆိုပါအရည်အသွေးများ ပြည့်ဝနေအောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အလေ့အကျင့်တို့ကို စဉ်းစားဆင်ခြင်ဉာဏ်၊ လျှပ်တပြက်ဖြတ်ထိုးဉာဏ်၊ မှန်ကန်သည့်အယူအဆ၊ မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များနှင့် ပေါင်းစပ်အသုံးချယှဉ်ပြိုင်ပါက အောင်ပွဲဆင်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲအသီးသီးမှတဆင့် မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်ပြီး အောင်မြင်မှု ရရှိသူများဖြစ်အောင် ကြိုးစားကြရန်၊ အားကစားကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကာကွယ်စောင့်ရှောက် နေသည်ဟူသည့် အသိတရားမွေးမြူပြီး မလျှော့သော ဇွဲ၊ လုံ့လများနှင့် ကြိုးစားယှဉ်ပြိုင် သွားကြရန်၊ အတိတ်က နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် တပ်မတော်သားအားကစားသမားများ၏ ကောင်းမွေများကိုခံယူပြီး နောင်လာနောက်သား မျိုးဆက်သစ်အားကစားသမားများအတွက် စံနမူနာပြ လက်ဆင့်ကမ်းအမွေပေးနိုင်အောင် ကြိုးစားရန်၊ စစ်သားကောင်း၊ အားကစားသမား ကောင်းပီသသည့် စိတ်ဓာတ်များဖြင့် တပ်မတော်နှင့်နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်နိုင်သည့် အားကစားသမားကောင်းတွေဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီး ပြန်လည်ထွက်ခွာသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား (က) အဆင့် ဘောလုံးပြိုင်ပွဲပထမအကြိုဗိုလ်လုပွဲအဖြစ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပွဲစဉ်တွင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ရေကုန်ရေခမ်း အပြန်အလှန် ယှဉ်ပြိုင်ကစားခဲ့ကြပြီး သာမာန်ပွဲကစားချိန်ပြီးဆုံးသည့်အချိန်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်ခဲ့သောကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အချိန်ပိုပထမပိုင်း ၁၄ မိနစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ပွဲစဉ်ပြီးဆုံးချိန်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲ၊ ဂျူဒို (ကျား/မ) ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ဘော်လီဘော (ကျား/မ) ပြိုင်ပွဲ၊ မြန်မာ့သိုင်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲနှင့် သေနတ်ပစ် (ကျား၊ မ) ပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲ ၁၀ မျိုးအား ၂၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။