ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးကို အထောက်အပံ့ပြုသည့် အရေးကြီးသော ကဏ္ဍများ အတွင်းမှတစ်ခုဖြစ်ပြီး အလုပ်အကိုင် ၁၀ မျိုးတွင် တစ်မျိုးသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် နေသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်၍ အလုပ်အကိုင်ပေါင်း သန်း ၃၂၀ ကျော် ဖန်တီးပေးပြီး ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ မှတ်တမ်းများအရ သိရသည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေသည်မှာ ထင်ရှားပါသည်။
ခရီးသွားလုပ်ငန်းကို အကြောင်းပြု၍ပေါ်ထွက်လာသော စီးပွားလုပ်ငန်းများမှာ များပြားလှ သဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသာစွာအထောက်အကူ ပြုနေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ရက်ပေါင်း ၂၀ ဆက်တိုက် ၁ ရာခိုင်နှုန်းအောက်သာရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး နောက်ဆုံးထုတ်ပြန်ထားသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုက်တွန်းထားသည်။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်သည် ခရီးသွား လုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သည်။ ခရီးသွားကဏ္ဍကို ဖွင့်လှစ်လိုက်သည့်အတွက် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကမ္ဘာအနှံ့မှ ကမ္ဘာလှည့်ခရီးသည် သန်း ၇၀၀ ခန့် သည် နိုင်ငံအသီးသီးသို့ လှည့်လည်ဝင်ရောက်ခဲ့သည်။ ယခုနှစ်တွင် ယမန်နှစ်အလားတူ ကာလထက် ၁၃၃ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်ကာလ၏ ၆၅ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိခဲ့သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့အပြင် ခရီးသွား လုပ်ငန်းသည် ဟိုတယ်၊ မိုတယ်၊ သွားလာ လည်ပတ်မှုကဏ္ဍများသာမက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် အထောက်အပံ့ ပြုနေသည်ဟု ဆိုထားသည်။
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းများသည် အဓိကကျသည့် မောင်းနှင်အားများ ဖြစ်သည်။ MSMEs လုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးနှင့် လူမှုစီးပွားတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်သော အရေးပါသည့်ကဏ္ဍဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများကလည်း ဆက်စပ်စီးပွားရေးအဖြစ် အထောက်အကူပြုနေသဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက် အကူပြုနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပြည်သူဗဟိုပြုပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ်တိုးတက်မှု ရရှိစေရန် ရည်ရွယ်ထားသည့်အတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်တွဲဖက်လုပ်ကိုင်နိုင်သည့် Agri Based Tourism၊ Farming Based Tourism နှင့် ပုပ္ပါးတောင် ဘူမိခရီးသွားလုပ်ငန်းကဲ့သို့ Educational Tourism စသည့် ခရီးသွားလုပ်ငန်းအမျိုးအစားအချို့ကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်နိုင်ရန် နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွားရမည် ဖြစ်သည်။ ထို့အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စားသောက်ကုန်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ဒေသခံ ပြည်သူများ၏ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ကြမ်းများမှတစ်ဆင့် စွဲမက်ဖွယ်ရာ အဆင့်မြင့်ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်လိုအပ်သည့် နည်းပညာ၊ ဗဟုသုတများနှင့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများဖြင့် လုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိလာရန် စည်းရုံးဆောင်ရွက် သွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုပွင့်လင်းရာသီမှစ၍ ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်လာပြီဖြစ်ရာ ခရီးသွားလုပ်ငန်းကို အဓိကရည်မှန်းဈေးကွက်အဖြစ် ကနဦးသတ်မှတ် ဖော်ဆောင်ပြီး ခရီးသွား လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်၍ ခရီးသွားလုပ်ငန်း ဆက်စပ်စီးပွားရေးများမှတစ်ဆင့် နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။